ခန္ဓာကိုယ်မှာ အဆီတွေစုလာပြီး ကိုယ်အလေးချိန် တတ်လာရင် လှုပ်ရှားရတာ ပေါ့ပါးမှုမရှိရုံသာမက ကြာလာရင် အဝလွန် ဖြစ်လာနိုင်ခြေရှိပါတယ်။ အဝလွန်ခြင်းက မိတ်ဆွေတို့ကို ဆီးချို၊ သွေးတိုး၊ နှလုံးနဲ့ အခြားသော ကျန်းမာရေးဆိုင်ရာ ပြဿနာများဖြစ်နိုင်ခြေ များပါတယ်။ ဒီလိုကိုယ်အလေးချိန်တတ်လာတာက များသောအားဖြင့် အစားအစာတွေကြောင့် ဖြစ်တယ်လို့ လူတော်တော်မျာများက ထင်တတ်ကြပါတယ်။ အမှန်တကယ်တော့ ဝိတ်တတ်လာစေပြီး ကျန်းမာရေးကို ထိခိုက်စေတဲ့ အခြားသော အချက်တွေ ရှိပါသေးတယ်။ ဒီနေ့မှာတော့ မိတ်ဆွေတို့ကို အစားတင် မဟုတ်ဘဲ ဘယ်လိုအချက်တွေက ဝိတ်တတ်လာနိုင်စေသလဲဆိုတာ သတိပြုဆင်ခြင်နိုင်ဖို့ ဝေမျှပေးချင်ပါတယ်။

အိပ်ရေးပျက်ခြင်း

အစားတင် မဟုတ်ဘဲ

Photo : Medical News Today

အိပ်ရေးပျက်တာက အခြားသော ကျန်းမာရေးပြဿနာများအပြင် ဝိတ်တတ်စေတယ်ဆိုတာ သိပါသလား။ အိပ်ရေးပျက်တဲ့အခါမှာ ခန္ဓာကိုယ်မှာ ဟော်မုန်းအပြောင်းအလဲတို့ကြောင့် ဆာလောင်မှုနှင့် အစာစားချင်စိတ်ကို တိုးစေပြီး အစာစားပြီးနောက်လည်း ဗိုက်မပြည့်သလို ခံစားရစေပါတယ်။ ထိုအခါမှာ အစားတွေကို ပိုမိုစားမိပြီး ကိုယ်အလေးချိန်တိုးလာနိုင်ခြေ များပါတယ်။

စိတ်ဖိစီးမှု

အစားတင် မဟုတ်ဘဲ

Photo : Newsweek

စိတ်ဖိစီးမှုတွေက စိတ်ပိုင်းဆိုင်ရာအတွက်သာမက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ သိသိသာသာ သက်ရောက်စေပါတယ်။ စိတ်ဖိစီးမှုများတဲ့အခါမှာ အစားစားတဲ့ အလေ့အထကို ပြောင်းလဲပစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့် Cortisol က အစားစားချင်စိတ်ကို တိုးစေတာကြောင့် အများကြီးစားမိတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ဘာကိုမှ မစားချင်တော့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီနှစ်မျိုးစလုံးက ကျန်းမာရေးအတွက် လုံးဝမကောင်းပါဘူး။ ဒါ့ကြောင့် စိတ်ဖိစီးမှုများကို တတ်နိုင်သလောက် လျှော့ချရပါမယ်။ စာဖတ်တာ၊ တရားထိုင်တာ၊ သီချင်းနားထောင်တာ၊ စိတ်ရော ကိုယ်ပါ အနားပေးတာ၊ ကိုယ် ဝါသနာပါတာလေးတွေ ပြုလုပ်တာ စသည်ဖြင့် မိတ်ဆွေတို့ စိတ်ကြိုက်နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။

အထိုင်များလွန်းခြင်း

Photo : Complete Wellbeing

ယနေ့ခေတ် လူ့အဖွဲ့အစည်းရဲ့ လုပ်ငန်းခွင် အခြေအနေအရ လူတော်တော်များများက အထိုင်များလေ့ ရှိပါတယ်။ ဒီလို အထိုင်များခြင်းကြောင့် ခန္ဓာကိုယ်လှုပ်ရှားမှုမရှိတော့ဘဲ အဆီတွေစုလာပါတယ်။ ဒီလို အဆီတွေစုလာခြင်း ဝိတ်တတ်စေတဲ့ အဓိက အကြောင်းအရင်းတစ်ခုပါ။ ဒါ့အပြင် တစ်နေ့လုံးထိုင်နေခြင်းကြောင့် အညောင်းမိခြင်း၊ ခါးနာခြင်း စတဲ့ ကျန်းမာရေးပြဿနာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ်မှ မိနစ် ၃၀ လောက်ထိ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးပါ။

ဆေးဝါးများ

Photo : ABC News

ဆေးဝါးအချို့ကလည်း ကိုယ်အလေးချိန် တိုးခြင်းနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ဥပမာအားဖြင့် စိတ်ကျရောဂါ ပျောက်ဆေးများ၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ တက်ခြင်း၊ သွေးတိုးနှင့် ဆီးချိုရောဂါတို့ကို ကုသရန် ဆေးဝါးများ စတာတွေ ပါဝင်ပါတယ်။ ဒီလိုဆေးဝါးများက တစ်ခါတစ်ရံမှာ ဘေးထွက်ဆိုးကျိုးအနေနဲ့ ခန္ဓာကိုယ်အလေးချိန်ကို တိုးလာစေပါတယ်။ ဒါ့ကြောင့် ဒီလိုဘေးထိုးဆိုးကျိုးတွေ ခံစားရပါက သက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဘေးထွက်ဆိုးကျိုးလျော့နည်းစေမည့် ‌ဆေးဝါးများကိုသာ သုံးစွဲပါ။

မိတ်ဆွေတို့‌‌‌‌ရေ အခုဖော်ပြပေးလိုက်တာကတော့ အစားတင် မဟုတ်ဘဲ ဝိတ်တတ်လာစေသည့် အခြားသော အကြောင်းအရင်းအချို့ပဲ ဖြစ်ပါတယ်။ ဒီလို ဝိတ်တတ်လာခြင်းက အခြားသော ကျန်းမာရေးဆိုင်ရာ ပြဿနာများလည်း ဖြစ်နိုင်တာကြောင့် အလေးထား သတိပြုဖို့လိုပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကိုလည်း စားသုံးပေးဖို့လိုပါတယ်။

Source : Web MD

Featured Photo : SETU