ဘာလုပ်လုပ်အဆင်မပြေ ကံဆိုးမိုးမှောင် ကျတဲ့နေ့တွေ ကြုံဖူးကြပါသလား ? ဒီအခြေအနေတွေဟာ ဒီဘက်ခေတ်မှာ လူတိုင်းနီးပါး ကြုံတွေ့ခံစားရတဲ့ ကိစ္စတစ်ခုလို့ ပြောရင်မမှားနိုင်ပါဘူး။ တစ်နေ့တာမှာ အဆင်မပြေမှုတွေနဲ့ အလုပ်လည်းမလုပ်နိုင်ဘူး ၊ ဘာလုပ်လုပ်လည်း အဆင်မပြေဘူးဆိုရင်တော့ အခုပြောပြမယ့် နည်းလမ်းလေးတွေက ကွီးတို့ကြုံရတဲ့ အဆိုးဆုံး တစ်နေ့တာကို ပိုကောင်းသွားအောင် ကူညီပြောင်းလဲပေးနိုင်ပါလိမ့်မယ်။
(၁) ဆိုရှယ်မီဒီယာတွေ အနားပေးထားပါ
Photo : Unsplash
စိတ်အဆင်ပြေတဲ့ တနေ့တာမှာ ဆိုရှယ်မီဒီယာတွေနဲ့ ခပ်ကင်းကင်းနေတာ အကောင်းဆုံးပါပဲ။ ဆိုရှယ်မီဒီယာပေါ်က အဆိပ်အတောက်ဆန်တဲ့ ပြဿနာတွေ ၊ ပိုစ့်တွေဟာ ကွီးတို့ရဲ့စိတ်ကို ပိုပြီး ညစ်နွမ်းလာစေဖို့ တွန်းအားဖြစ်စေပါလိမ့်မယ်။ ဘာမှအဆင်မပြေဘူးလို့ ခံစားရတဲ့ အချိန်မှာ စိတ်အေးချမ်းမှုကိုပဲ ဦးစားပေးသင့်ပါတယ်။ ဒါကြောင့် ဆိုရှယ်မီဒီယာတွေကို အနားပေးပြီး ကောင်းမွန်စွာ အနားယူတာက ပိုကောင်းတဲ့ တစ်နေ့တာကို ရစေဖို့ ကူညီပေးနိုင်ပါတယ်။
(၂) လမ်းလျှောက်ထွက်ပါ
Photo : Pexels
စိတ်ရှုပ်ထွေးမှုတွေနဲ့ မွန်းကြပ်လာချိန်မှာ ကိုယ့်စိတ်ကို ပြန်ပြီးအာရုံစိုက်ဖို့ ကြိုးစားတာ အကောင်းဆုံး ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ လုပ်နေတဲ့အရာတွေ ၊ အလုပ်တာဝန်တွေ အားလုံးခဏပစ်ချပြီး လေကောင်းလေသန့်ရမယ့် နေရာတစ်ခုခုကို မိနစ်အနည်းငယ်လောက် လမ်းလျှောက်ထွက်လိုက်ပါ။ စိတ်ပိုင်းဆိုင်ရာ တင်းကြပ်မှုတွေ ပြေလျော့သက်သာပြီး ကောင်းမွန်တဲ့ ခံစားချက်တွေ ပြန်လည်ရရှိလာပါလိမ့်မယ်။
(၃) တစ်စုံတစ်ယောက်နဲ့ စကားပြောပါ
Photo : Medium
အဆင်မပြေမှုတွေ ၊ ပြဿနာတွေ ခဏမေ့ထားပြီး ချစ်ခင်ရင်းနှီးသူ တစ်ယောက်ယောက်နဲ့စိတ်လက်ပေါ့ပါးစေမယ့် ရောက်တက်ရာရာ ကျပန်းအကြောင်းအရာတွေကို ပြောဆိုခြင်းဟာ စိတ်သက်သာရာရစေမယ့် အကောင်းဆုံး နည်းလမ်းတစ်ခုပါပဲ။ ကိုယ့်ကိုယ် အပြည့်အဝနားလည်နိုင်တဲ့ ရင်ဘက်ချင်းနီးသူတွေနဲ့ စကားပြောဆိုရတာဟာ စိတ်အပန်းပြေမှုကိုရစေပြီး စိတ်ဓာတ်တက်ကြွမှုတွေ ပြန်လည်ရရှိနိုင်မှာ ဖြစ်ပါတယ်။
(၄) ဝါသနာပါတဲ့အရာတွေ လုပ်ပါ
Photo : Berklee Online – Berklee College of Music
စိတ်ဓာတ်ကျပြီး မရွှင်မလန်းခံစားနေရတဲ့အခါ ကိုယ့်ကိုယ်ကိုယ်အချိန်ပေးပြီး ကိုယ်အနှစ်သက်ဆုံးအရာတွေကို လုပ်တာက အကောင်းဆုံး စိတ်ထွက်ပေါက် ရစေမှာပါ။ ဒီလိုအချိန်မှာ စာအုပ်ဖတ်တာ ၊ ပန်းချီးဆွဲတာ ၊ သီချင်းနားထောင်တာ စသည်ဖြင့် ကိုယ်ဝါသနာပါတဲ့ အရာတွေလုပ်ဆောင်လိုက်ခြင်းဟာ အဆင်မပြေမှုတွေကို အာရုံပြောင်းနိုင်ဖို့အတွက် ကူညီပေးနိုင်သလို စိတ်သက်သာရာရစေပြီး ပျော်ရွှင်မှုတွေကိုလည်း ပြန်လည်ရရှိခံစားစေမှာ ဖြစ်ပါတယ်။
Featured Photo : Medical News Today