Toxic Relationship တစ်ခုဟာ ကွီးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုရော ကိုယ်ကိုယ့်ကိုယ် တန်ဖိုးထားမှုကိုပါ ဆိုးရွားစွာ ထိခိုက်စေနိုင်ပြီး နေ့စဉ်ဘဝထဲက လုပ်ငန်းဆောင်တာတွေကို ပျက်ကွက်လာစေတဲ့အထိ ဆိုးကျိုးများပါတယ်။ ရပ်တန့်သင့်တဲ့ ဆက်ဆံရေးတစ်ခုကို ရပ်တန့်ရမယ့် အချိန်မှာ မရပ်တန့်ရင် နှစ်ဦးလုံးမှာ ဒဏ်ရာအနာတရတွေပဲ ပိုထင်ကျန်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အဆိပ်အတောက် ဆန်တဲ့ အချစ်ရေး တစ်ခုကနေ ဘယ်လိုမျိုး ရုန်းထွက်ရမလဲဆိုတာနဲ့ ပတ်သတ်ပြီး ဒီဆောင်းပါလေးကနေတဆင့် ကွီးတို့ကို အကြံပြုပြောပြ ပေးချင်ပါတယ်။

(၁) စိတ်ရှည်နိုင်ဖို့ ကြိုးစားကြည့်ပါ

Toxic Relationship

Photo : Dr. John G Kuna and Associates

ဒါကတော့ ပထမဆုံးအနေနဲ့ ပေးချင်တဲ့ အကြံပါ။ နှစ်ရှည်လများ အချိန်တွေ အချစ်တွေ ရင်းနှီးမြုပ်နှံထားတဲ့ ဆက်ဆံရေးတစ်ခုကို ချက်ချင်းရပ်တန့် လိုက်ပစ်ဖို့ဆိုတာ ခက်ခဲပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အဆိပ်အတောက် ဖြစ်နေတယ်ဆိုပေမယ့် နှစ်ဦးလုံးမှာ ချစ်တဲ့စိတ်ခံစားချက် ရှိနေသေးရင် ဘာကိုမှ အလျင်စလိုမဆုံးဖြတ်ဖို့ အကြံပြုချင်ပါတယ်။ အရင်ဆုံး တစ်ယောက်ကိုတစ်ယောက် စိတ်ရှည်နိုင်ဖို့ ကြိုးစားကြည့်ပါ။ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်မလားဆိုတာကို ဆန်းစစ်ရင်း စိတ်ရှည်သည်းခံစိတ်လေးနဲ့ ဆက်ဆံကြည့်ဖို့ ၊ ညှိနှိုင်းကြည့်ဖို့ အကြံပေးချင်ပါတယ်။

(၂) ပြောင်းလဲဖို့ထက် လက်ခံနိုင်ဖို့ပဲ ကြိုးစားပါ

Toxic Relationship

Photo : The Statesman

လူတစ်ယောက်ကို ကိုယ်လိုချင်သလို ပြောင်းလဲပစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကိုယ်ရဲ့ပုံစံခွက်ထဲကို အခြားလူတစ်ယောက်က အံဝင်ဂွင်ကျ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ တပါးသူအပေါ် မျှော်လင့်ချက်တွေ ကြီးကြီးထားမိရင် ကိုယ်မျှော်လင့်သလို ဖြစ်မလာတဲ့အခါ နှစ်ဆပိုနာကျင်ရတာ ကိုယ်ကိုယ်တိုင်ပါပဲ။ ဒါကြောင့် သင့်ပါတနာကို ပြောင်းလဲဖို့ မကြိုးစားပါနဲ့။ သင့်ပါတနာရဲ့ ပုံစံကို အရှိအတိုင်း လက်ခံပြီး သူ့ပုံစံဟာ သင်နဲ့မကိုက်ညီဘူးဆိုရင် အမှန်တရားကိုပဲ လက်ခံလိုက်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

(၃) ကိုယ်ပိုင် နယ်နိမိတ်စည်းတစ်ခု သတ်မှတ်ပါ

 Toxic Relationship

Photo : FirstCry Parenting

Relationship မှမဟုတ်ဘူး မိတ်ဆွေ ၊ သူငယ်ချင်းတွေကြားမှာလည်း အဆိပ်အတောက် ဆန်တဲ့ လူတွေ အနည်းဆုံး တစ်ယောက်တော့ ရှိကြပါတယ်။ Toxic Person တစ်ယောက်ဟာ များသောအားဖြင့် တစ်ကိုယ်ကောင်းဆန်တက်ကြပြီး အခြားသူတွေရဲ့ လိုအပ်ချက်တွေ ၊ လိုအင်ဆန္ဒတွေကို ထည့်မစဉ်းစားပဲ ကိုယ့်အတွက်ကိုယ်ပဲ ကြည့်ကြတာ များပါတယ်။ ဒီအတွက်အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းနိုင်မယ့်အချက်တစ်ခုကတော့ သင့်မှာ ကိုယ်ပိုင်နယ်နိမိတ်စည်းတစ်ခု သတ်မှတ်ထားဖို့ပါ။ ကိုယ့်ရဲ့ နယ်နိမိတ်ကို ဖြတ်လွန်ပြီး ဘယ်အရာကိုမှ ခွင့်မပြုပါနဲ့။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထား ၊ ဂရုစိုက်မှသာလျှင် တခြားသူတွေကလည်း သင့်ရဲ့ ကန့်သတ်ချက်တွေ ၊ စည်းမျဉ်းတွေကို လေးစားလာမှာ ဖြစ်ပါတယ်။

(၄) ခွင့်လွှတ်ပေးလိုက်ပါ သို့သော် မမေ့ပစ်လိုက်ပါနဲ့

toxic relationship

Photo : Lasting Love Connection

သင့်လက်တွဲဖော်က သင့်အပေါ် ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုတွေပေးတယ် တနည်းအားဖြင့် အဆိပ်အတောက် ဆန်ဆန် ၊ ဒုက္ခလှလှတွေ ပေးတဲ့သူတစ်ယောက်ဆိုရင်တော့ အငြိုးအတေးတွေ ၊ လက်စားချေတာတွေထက် ပိုထိရောက်တဲ့ နည်းလမ်းက ခွင့်လွှတ်ခြင်းပါ။ ခွင့်လွှတ်ပေးလိုက်တာ သူ့အတွက်ရော သင့်အတွက်ပါ ကောင်းတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။ သို့သော် ခွင့်လွှတ်တယ်ဆိုပေမယ့်လည်း မမေ့ပစ်လိုက်ဖို့တော့ အရေးကြီးပါတယ်။ သင်ရင်ဆိုင်ခဲ့ရတဲ့ နာကျင်မှုတွေ ၊ ဒုက္ခတွေကို မေ့ပစ်လိုက်မယ်ဆိုရင် ဒီသံသရာထဲမှာပဲ ပြန်လည်နေဦးမှာပါ။ ရှေ့မှာ ပိုမိုတောက်ပတဲ့ အနာဂတ်အတွက် မကောင်းတဲ့ အရာတွေကို ခွင့်လွှတ်ခြင်း ၊ စွန့်လွှတ်ခြင်းတွေနဲ့ အတိတ်ပဲ ချန်ထားခဲ့မယ်ဆိုတဲ့ စိတ်ကို မွေးနိုင်ဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။

ကွီးတို့ရော Toxic Relationship တစ်ခုကို နဖူးတွေ့ဒူးတွေ့ ကြုံဖူးပါသလား ? ဘယ်လိုနည်းလမ်းတွေနဲ့ အဆိပ်အတောက် ဆန်တဲ့ အချစ်ရေး ကနေ ရုန်းထွက်နိုင်ခဲ့လဲဆိုတာ ကွန်းမန့်မှာ ဖြေခဲ့ပါဦး။

Source : Mom Junction

Featured Photo : Tiny Buddha