ကမ္ဘာကျော် အဆိုတော် ကြီး Freddie Mercury ဆိုသူသည် ယနေ့ထိတိုင် နာမည်ကြီး ကျော်ကြားနေဆဲဖြစ်တဲ့ ရော့ခ်အဆိုတော်တစ်ဦးဖြစ်ပါတယ်။

သူ့ကို ၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့က မွေဖွားခဲ့တာဖြစ်ပြီး သူသည် ကမ္ဘာ့အတော်ဆုံး သီချင်းရေးဆရာနှင့် အဆိုတော်စာရင်းထဲတွင် ပါဝင်တယ်လို့တောင် ပြောနိုင်ပါတယ်။ သူ့ရဲ့ အမြင့်သံတွေသည် အံမခန်းလောက်အောင် ထူးခြားပြီး ထိုအချက်ကြောင့်ပဲ လူကြိုက်များ နာမည်ကြီးရခြင်း ဖြစ်ပါတယ်။

သူသည် Queen ရော့ခ်တေးဂီတအဖွဲ့တွင် အဓိကအဆိုရှင်တစ်ဦးဖြစ်ပြီး သီချင်းဆိုခြင်းအပြင် သီချင်းများ ရေးစပ်ခြင်းကိုလည်း ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ပါတယ်။

၁၉၉၁ ခုနှစ်တွင် သူ့မှာ AIDS ရောဂါ ကူးစက်ခံနေရကြောင်း သူ့ပရိသတ်များကို အသိပေးခဲ့ပြီး ထိုနှစ်ရဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့မှာပဲ ကြွေလွှင့်သွားခဲ့ရတာဖြစ်ပါတယ်။ သူသည် ထိုရောဂါနှင့် တိုက်ခိုက်နေရတာ ၁၉၈၇ ခုနှစ်ကတည်းကဖြစ်ပါတယ်။ သူ့ရဲ့ကြွေလွှင့်မှုက ဂီတလောကအတွက် ဆုံးရှုံးမှုတစ်ခုလို့ ပြောရမှာပါပဲ။

ကမ္ဘာကျော် အဆိုတော် Freddie Mercury အကြောင်း သင် မသိသေးတဲ့ အခြားသော အချက်တွေလည်းရှိပါသေးတယ်။

Queen ရဲ့ လိုဂိုကို သူကိုယ်တိုင် ရေးဆွဲခဲ့တာဖြစ်ပါတယ်

Freddie သည် Ealing Art College မှ ဘွဲ့ရခဲ့တာဖြစ်ပြီး Graphic နှင့် Art Design ပညာရပ်တွင် ဒီပလိုမာ ရရှိခဲ့တာဖြစ်ပါတယ်။ သူ့ဂီတအဖွဲ့ Queen ရဲ့ လိုဂိုသည် သူကိုယ်တိုင် ရေးဆွဲခဲ့တာဖြစ်ပြီး အဖွဲ့သားများရဲ့ မွေးလရာသီခွင်များအပြင် အခြားသောအရာများနှင့် အဓိပ္ပာယ်ပြီးပြည့်စုံအောင် ရေးဆွဲထားတာဖြစ်ပါတယ်။

သူသည် ကြောင်လေးတွေကို ချစ်တတ်သူတစ်ယောက်ပါ

သူ့မှာ ကြောင် ၁၀ ကောင်တောင် ရှိတယ်လို့ သူ့ရဲ့ရည်းစားဟောင်းက ပြောကြားခဲ့ပါတယ်။ သူ့မှာ ထိုကြောင်လေးတွေရဲ့ ပုံတူပန်းချီကားချပ်တောင်ရှိပါတယ်။ အဆိုတော် Freddie တစ်ယောက် သီချင်း Tour တွေကြောင့် ကမ္ဘာပတ်ခရီးသွားရတယ်ဆိုရင် သူ့ရည်းစားဟောင်းကို ဖုန်းခေါ်ပြီး သူ့ရည်းစားဟောင်းက ကြောင်လေးတွေကို ချီပေးရကာ Freeide တစ်ယောက် နားထောင်ပါတယ်။

သူသည် ထိုကြောင်လေးများကို တိရစ္ဆာန်ကယ်ဆယ်ရေးအသင်းမှ ခေါ်ယူမွေးစားခဲ့တာဖြစ်ပြီး သူ့ကြောင်လေးတွေအကြောင်းကို Mr. Bad Guy ဆိုတဲ့ Solo Album အခွေထဲတွင် ထည့်သွင်းရေးသားခဲ့ပါသေးတယ်။ အဲ့ဒီနောက်မှာတော့ သူ့ကြောင်လေးတွေလည်း ကိုယ်ပိုင်ပရိသတ်များ ရရှိသွားပြီး လက်ဆောင်ပစ္စည်းများလည်း လက်ခံရရှိပါတော့တယ်။

သူ့ပိုင်ဆိုင်မှုတွေ တော်တော်များများကို သူ့ရည်းစားဟောင်းအတွက် ထားခဲ့ပါတယ်

သူ ခရီးသွားစဉ်မှာ သူ့ကြောင်လေးတွေကို ကြည့်ရှုစောင့်ရှောက်ပေးခဲ့တဲ့ ရည်းစားဟောင်းကတော့ Mary Austin ပဲဖြစ်ပါတယ်။ သူတို့သည် လမ်းခွဲပြတ်စဲသွားခဲ့သည့်တိုင်အောင် သူငယ်ချင်းကောင်းတွေအဖြစ် ဆက်လက်တည်ရှိနေဆဲပါပဲ။ သူတို့သည် အချိန်တော်တော်ကြာတွဲခဲ့ပေမယ့် ဘယ်တုန်းကမှ လက်မထပ်ဖြစ်ခဲ့ပါဘူး။ Mary သည် သူ AIDS ရောဂါကြောင့် သေလုမျောပါးဖြစ်နေစဉ်တုန်းကလည်း သူ့ဘေးနားမှာ တစ်ချိန်လုံးရှိနေပေးခဲ့တာပါ။

အဆိုတော်ကြီး Freddie Mercury ရဲ့ Love Of My Life သီချင်းသည် Mary အကြောင်းစဉ်းစားရင်း သီချင်းရေးစပ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် Mary တစ်ယောက်တည်းကပဲ Freddie ရဲ့ အရိုပြာတွေရဲ့ တည်ရှိရာနေရာကို သိထားတာဖြစ်ပါတယ်။

သူသည် ဘယ်နေရာမှာမဆို သီချင်းရေးစပ်နိုင်သူတစ်ယောက်ဖြစ်ပါတယ်

 

အဆိုတော် Freddie Mercury

သူ့ရဲ့ လက်ထောက်တွေဟာဆိုရင် ဘောပင်တစ်ချောင်းနဲ့ စာရွက်တွေကို အမြဲလိုလို ဆောင်ထားရတာဖြစ်ပါတယ်။ Crazy Little Thing Called Love ဆိုတဲ့ သီချင်းကို ၅ မိနစ်၊ ၁၀ မိနစ်တည်းနဲ့တင် ဂီတာတစ်လုံးနဲ့ ရေးဖွဲ့သီကုံးခဲ့တာဖြစ်ကြောင်း အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။

Source: Societyofrock

Featured Image: Metalheadzone