အဆီပြန်တက်တဲ့ မျက်နှာ အသားအရေ ပိုင်ရှင်ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ အသားအရေနဲ့ ပတ်သတ်ပြီး ပုံမှန် ထိန်းသိမ်းမှုတွေ လုပ်ဆောင်ဖို့ လိုပါတယ်။ ကွီးတို့ရဲ့ မျက်နှာက အဆီပြန်တဲ့အခါ ဖုန်နဲ့ အညစ်အကြေးတွေ အလွယ်တကူ ကပ်ညှိတွယ်နိုင်ပြီး ချွေးပေါက် ပိတ်တာ ၊ ဝက်ခြံထွက်တာတွေ ပိုမိုဖြစ်လာစေနိုင်သလို အသားအရေကိုလည်း ယခင်ကထက် ပိုပြီး ကြမ်းတမ်းပျက်စီးလာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အဆီပြန်တဲ့ Oily Skin ရှိတဲ့ ကွီးတို့အတွက် အဆီပြန်ခြင်းကို သက်သာစေမယ့် အသားအရေ ထိန်းသိမ်းခြင်းဆိုင်ရာ နည်းလမ်းကောင်းတချို့ကို ပြောပြပေးချင်ပါတယ်။

(၁) ဓာတုပစ္စည်းပါတဲ့ မျက်နှာသစ်ဆပ်ပြာတွေ ရှောင်ပါ

Photo : iStock

အဆီပြန်တဲ့ မျက်နှာအသားအရေပိုင်ရှင် ကွီးတို့အနေနဲ့ မျက်နှာသစ်တဲ့အခါ ဓာတုပစ္စည်းတွေ ပါဝင်တဲ့ မျက်နှာသစ်ဆပ်ပြာတွေ ရှောင်ကြဉ်သင့်ပါတယ်။ မိမိရဲ့ အသား အရေနဲ့ ကိုက်ညီမှုရှိတဲ့ အပျော့စား မျက်နှာသစ်ဆပ်ပြာတွေကို ရွေးချယ်အသုံးပြုပါ။ အနည်းဆုံး မနက်တစ်ကြိမ် ၊ အိပ်ရာဝင်ခါနီး တစ်ကြိမ်ခန့် ပုံမှန် မျက်နှာကို ဆေးကြောသန့်စင်ပေးဖို့ လိုပါတယ်။

(၂) Moisturizer သုံးပါ

Photo : iStock

Moisturizer လို့ခေါ်တဲ့ အစိုဓာတ်ထိန်းခရမ်င်တွေဟာ အရေပြားအတွင်းပိုင်းအထိ အစိုဓာတ်ကို ထိန်းထားပေးတာကြောင့် ကွီးတို့ရဲ့ အသားအရေကို နူးညံ့ချောမွေ့စေဖို့ ကူညီပေးပါတယ်။ ကွီးတို့ မျက်နှာသစ်ပြီးချိန်မှာ အစိုဓာတ်ထိန်းခရမ်င် မဖြစ်မနေ လိမ်းပေးဖို့ လိုပါတယ်။ Oily Skin သမားတွေအတွက်ကတော့ အဆီမပါတဲ့ Moisturizer တွေ ၊ အသားအရေကို အေးမြလန်းဆန်းစေတဲ့ ရှားစောင်းလက်ပတ်နဲ့ ထုတ်ထားတဲ့ Moisturizer တွေကို အသုံးပြုနိုင်ပါတယ်။

(၃) ဆဲလ်အသေတွေ ဖယ်ရှားသန့်စင်ပါ

Photo : iStock

မျက်နှာအရေပြားအလွှာပေါ်က ဖုန်အညစ်အကြေးနဲ့ ဆဲလ်အသေတွေကိုလည်း ဖယ်ရှားသန့်စင်ပေးဖို့ အရေးကြီးပါတယ်။ Scrub အသုံးပြုပြီး မျက်နှာအရေပြားပေါ်က ဆဲလ်အသေတွေကို ဖယ်ရှားသန့်စင်ပေးတာဟာ အရေပြားပေါ်မှာ ဘက်တီးရီးယားတွေ စုပုံပြီး ချွေးပေါက်ပိတ်ဆို့တဲ့ ပြဿနာကို ကာကွယ်ပေးမှာ ဖြစ်သလို ချွေးပေါက်အတွင်းက အဆီနဲ့ အညစ်အကြေးတွေကိုလည်း ဖယ်ရှားသန့်စင်ပေးတာကြောင့် အဆီပြန်ခြင်းကို သက်သာလာစေမှာ ဖြစ်ပါတယ်။

(၄) Facial Mask အသုံးပြုပါ

Photo : iStock

ချွေးပေါက်တွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကိုသန့်စင်ပေးပြီး မျက်နှာအရေပြားပေါ်က အဆီတွေကို ဖယ်ရှားပေးနိုင်ဖို့ဆိုရင် Facial Mask တွေ အသုံးပြုနိုင်ပါတယ်။ အထူးသဖြင့် အမျိုးသားတွေအတွက် ရွံ့စေးနဲ့ ပြုလုပ်ထားတဲ့ Facial Mask တွေက မျက်နှာပေါ်က အဆီပိုတွေကို လျော့ကျသက်သာစေမှာ ဖြစ်ပါတယ်။ အနည်းဆုံး တစ်ပတ် ၁ ကြိမ်ခန့် Facial Mask ကပ်ပေးပါ။

Featured Photo : Hotel Mousai