အတိတ်မှာဖြစ်ပျက်ခဲ့တဲ့ အရာတွေနဲ့ ပတ်သတ်ပြီး ဖက်တွယ်မိတက်ကြတာ လူ့သဘာဝလို့ ဆိုရမှာပါ။ ဒါပေမယ့် ကျွန်တော်တို့အများစု သတိမထားမိတာက အတိတ်က အမှားလုပ်ရပ်တွေ ၊ ကျရှုံးမှုအကြောင်း တနုတ်နုတ်ခံစားနေခြင်းဟာ လက်ရှိပစ္စုပ္ပန်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ဖြုန်းတီးပစ်နေတယ် ဆိုတာပါပဲ။ အတိတ်က အကြောင်းအရာတွေက ကျွန်တော်တို့ရဲ့ လက်ရှိဘဝ ပျော်ရွှင်မှု ကို တိုက်စားနေတဲ့ နတ်ဆိုးတစ်ကောင်ဆိုတာလည်း သိထားဖို့ လိုပါတယ်။ ဒါဆို ကျွန်တော်တို့အတွက် ကောင်းကျိုးမပြုနိုင်တဲ့ အတိတ် အခြေအနေတွေကို စွန့်လွှတ်ဖို့ ဘာကြောင့် မဖြစ်နိုင်ရမှာလဲ။ ကွီး တို့ အနေနဲ့ အတိတ်ကို လွှတ်ချပြီး အကောင်းဆုံး ရှေ့ဆက် ချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် အချက်လေးတွေကို လိုက်နာဖို့ လိုပါမယ်။

(၁) လက်ခံပါ

Photo : One Medical

အတိတ်ရဲ့ အရိပ်မဲကြီးကနေ လွန်မြောက်နိုင်ဖို့ ပထမဆုံး ကွီး တို့ လုပ်ရမယ့် အရာတစ်ခုက လက်ခံဖို့ပါပဲ။ အတိတ်မှာ ကိုယ်ဘာတွေမှားခဲ့လဲ ဘာလိုအပ်ချက်တွေရှိခဲ့လဲဆိုတာ သေချာပြန်ဆန်းစစ်ပြီး အရှိအတိုင်း လက်ခံနိုင်ဖို့ ကြိုးစားပါ။ ကိုယ့်ရဲ့ မှားယွင်းခဲ့မှုတွေကို အကောင်းဆုံး လက်ခံနိုင်မှသာ နောင်တ တရားဆိုတဲ့ အတိတ်နွံထဲကနေ ကိုယ့်ကိုယ်ကို ဆွဲထုတ်နိုင်မှာ ဖြစ်ပါတယ်။

(၂) သင်ခန်းစာကောင်း တစ်ခုလို့ မှတ်ယူပါ

Photo : StillMind

အတိတ်က နာကျင်စရာတွေနဲ့ ရှုံးနိမ့်မှုတွေဟာ ကွီးတို့အတွက် ကောင်းကျိုးမပြုနိုင်ဘူးဆိုရင်တောင်မှ သင်ခန်းစာကောင်းတစ်ခု အဖြစ်တော့ မှတ်ယူလို့ ရနိုင်ပါတယ်။ အတိတ်မှာလုပ်မိတဲ့ အမှားမျိုး နောက်တစ်ကြိမ်ထပ်ပြီး မကျူးလွန်မိဖို့ အကောင်းဆုံး ပြင်ဆင်ပြီး ရှေ့ဆက်လိုက်ပါ။ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဘဝသစ်တစ်ခုကို ပိုင်ဆိုင်နိုင်မှာ သေချာပါတယ်။

(၃) ပြောင်းလဲဖို့ ကြိုးစားပါ

Photo : iStock

အတိတ်ကို ဖက်တွယ်ထားရုံနဲ့ ပိုကောင်းတဲ့အရာတွေ ကွီးတို့ဆီ ရောက်မလာနိုင်ပါဘူး။ ကွီး တို့ ကိုယ်တိုင်ပြောင်းလဲနိုင်ဖို့သာ အရေးကြီးဆုံး ဖြစ်ပါတယ်။ အတိတ်ကို အတိတ်မှာပဲ ချန်ထားရစ်ခဲ့ လိုက်ပါ။ ကောင်းမွန်တဲ့ ပြောင်းလဲခြင်းတွေနဲ့အတူ ကွီးတို့ရဲ့ မနက်ဖြန်တိုင်းကို ပိုမိုစိုပြေလှပတဲ့ နေ့သစ်တွေအဖြစ် ပြောင်းလဲယူလိုက်ဖို့ အကြံပြုချင်ပါတယ်။

(၄) ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့

Photo : Oxford Treatment Center

လူတိုင်း လူတိုင်း ဘဝမှာ အမှားနဲ့ ကင်းနိုင်ကြသူတွေ မရှိပါဘူး။ အတိတ်က အမှားတွေအတွက် ကိုယ့်ကိုယ်ကို အပြစ်သားတစ်ယောက်လို သတ်မှတ်ပြီး ရှင်သန်နေမယ့်အစား လက်ရှိအချိန်ကစလို့ အနာဂတ်မှာ ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်အောင် ပြုပြင်နေထိုင်သွားခြင်းသာ ပိုပြီးမှန်ကန်တဲ့ လုပ်ရပ်တစ်ခု ဖြစ်စေမှာပါ။

Featured Photo : Medical News Today