မရည်ရွယ်ပါဘဲ ကိုယ့်ကိုယ်ကိုယ် လုပ်ကြံနေတဲ့ အထဲမှာ တစ်ထိုင်တည်း ထိုင်ပြီးရင်း ထိုင်နေမိတာလည်း အပါအဝင်ပဲလို့ ပြောချင်ပါတယ်။ ဒါကိုပဲ အထိုင် ရောဂါ Sitting Disease လို့ ခေါ်ကြတာပါ။ အဝေးပြေးကားမောင်းတဲ့ ယာဉ်မောင်းတွေ ၊ တစ်လျှောက်လုံး ထိုင်ခုံမှာ ထိုင်ပြီး အလုပ်လုပ်ရတဲ့ ရုံးဝန်ထမ်းတွေ ၊ ဂိမ်းကို နာရီပေါင်းများစွာ စွဲစွဲလမ်းလမ်း ကစားကြတဲ့ သူတွေဟာ ကိုယ့်ကိုယ်ကိုယ် တစ်နည်းနည်းနဲ့ ရောဂါဝင်အောင် လုပ်နေကြတာ ဖြစ်ပါတယ်။ ထိုင်ခုံမှာ အထိုင် ကြာခြင်းက ခေါင်းအုံခေါင်းကိုက် နဲ့ ခါးနာ ဒူးနာလောက်တောင် ပြဿနာရှိတာမျိုး မဟုတ်ပါဘူး။ တကယ်တော့ တောက် လျှောက် ထိုင်တဲ့အကျင့်က သေလောက်တဲ့ ရောဂါတွေဝင်ပြီး နာတာရှည်ဝေဒနာတွေအထိ ခံစားနိုင်ပါတယ်။ အထိုင် များခြင်းကြောင့် ဘယ်လို ရောဂါတွေ ဝင်ရောက်နိုင်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဖြစ်နိုင်တဲ့ ကျန်းမာရေး အန္တရာယ် တွေအကြောင်း မျှဝေပေးလိုက်ပါတယ်။
(၁) နှလုံးထိခိုက်လာမယ်
Photo : Unsplash
အထိုင်များတဲ့ အဝေးပြေးကားနဲ့ အများပြည်သူပို့ဆောင်တဲ့ Transit Bus/Train မောင်းသူတွေ ၊ အစောင့်တွေ နဲ့ သိပ်မထိုင်ဖြစ်တဲ့ လူတွေကို အုပ်စုနှစ်စု ခွဲပြီး လေ့လာကြည့်ရာမှာ အထိုင်များသူတွေဟာ မတ်တပ်ရပ်လေ့ရှိတဲ့ လူတွေထက် နှလုံးရောဂါ ဖြစ်နိုင်ခြေ နှစ်ဆ ပိုများတယ်လို့ ဆိုပါတယ်။ ကြာရှည် အထိုင်များသူတွေဟာ သွေးကြောထုံးခြင်း ၊ နှလုံး ရောဂါနဲ့ ကင်ဆာမျိုးအထိ ဖြစ်နိုင်ခြေ မြင့်မားလို့ လွယ်လွယ်နဲ့ အသက်တို နိုင်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
(၂) မှတ်ဉာဏ်ထိလာတယ်

Photo : Unsplash
အထိုင်များလွန်းခြင်းက နှလုံးရောဂါ ၊ ဆီးချိုသွေးချို ၊ နှလုံး ၊ သွေးဖိအားမြင့်မားမှုနဲ့ ကိုလက်စထရော Level တက်စေပါတယ် ။ ဦးနှောက်နဲ့ ပတ်သက်လာရင်လည်း မှတ်ဉာဏ်ဖွဲ့စည်းမှုအပိုင်း ပါးလာတာကြောင့် မှတ်သားဖို့ ခက်ခဲလာတာတွေ ဖြစ်တတ်ပါတယ်။ လှုပ်ရှားမှု နည်းလာတဲ့ လူတစ်ယောက်ဟာ စိတ်ဖိစီးမှု ၊ စိတ်ဓါတ် ကျဆင်းမှု ၊ စိတ်ရှုပ်ထွေးမှုနဲ့ စိုးရိမ်ကြောင့်ကြစိတ်တွေလည်း မြင့်မားလာတတ်ပါတယ်။
(၃) ဝိတ်တက်လာမယ်

Photo : Unsplash
တချိန်တည်းမှာပဲ အထိုင် များခြင်းကြောင့် ကိုယ်အလေးချိန် ထိုးတက်လာတဲ့ ကျန်းမာရေး အန္တရာယ်လည်း ကြုံလာနိုင်ပါတယ်။ ဒါက သွေးထဲက အဆီကို ဖြိုခွဲပေးတဲ့ Lipoprotein Lipase ဆိုတဲ့ အင်ဇိုင်းတစ်မျိုး ထုတ်လုပ်မှု ထိခိုက်လာတာကြောင့်နဲ့ ဆက်စပ်နေပါတယ်။ လူဟာ ထိုင်နေချိန်မှာ ကိုယ်တွင်းက အင်ဇိုင်းထုတ်လုပ်မှု ၉၀% အထိ နှေးကွေးသွားပါတယ်။ အင်ဇိုင်း မရှိရင် ခန္ဓာကိုယ်က အဆီကို ဖြိုခွဲနိုင်တာမျိုး မလုပ်နိုင်တော့တာကြောင့် အဆီတွေ စုဝေးလာရာကနေ ဝိတ်တက်လာတာ ဖြစ်ပါတယ်။ ဝိတ်တက်လာပြီဆိုရင် ဆက်စပ်ရောဂါတွေ ဝင်လာဖို့လည်း အလွယ်ကလေး ဖြစ်သွားမှာပါ။
(၄) သွေးလည်ပတ်မှု နှေးလာမယ်

Photo : Unsplash
ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးတာက နှလုံးကျန်းမာသန်စွမ်းစေပါတယ်။ အကြောင်းက ကိုယ်လက်လှုပ်ရှားရာကနေ ကိုယ်တွင်းက သွေးတွေ စီးဆင်းမှု သွက်လက်မြန်ဆန်လာလို့ ဖြစ်ပါတယ်။ လေ့ကျင့်ခန်း မလုပ်ဖြစ်ဘဲ အထိုင်များရင် သွေးလည်ပတ်မှု အားနည်းလာပြီး နှလုံးက အလုပ်လုပ်ရ ခက်ခဲလာပါမယ် ။ ဒါဆို သွေးဖိအား ထိုးတက်တာမျိုး ကြုံလာနိုင်ပါတယ်။
သွေးဖိအား မြင့်ခြင်းက သွေးကြောနံရံတွေမှာ သွေးတိုးမှု သာမန်ထက် မြင့်သွားတဲ့ အချိန်မျိုးမှာ ဖြစ်တတ်ပြီး အဲ့ဒီလို ဖြစ်လာပြီဆိုရင် သွေးကြော နံရံတွေ ထိခိုက်လာနိုင်ပါတယ်။ ထိုင်နေတာက သွေးစီးဆင်းမှုကို နှေးကွေးစေတာကြောင့် ဖက်တီးအက်စစ် ဖွဲ့စည်းမှု ဖြစ်စေပါတယ်။ သွေးကြောလေးတွေထဲမှာ ဖက်တီးအက်စစ် စုစည်းလာမှုက သွေးကြောနံရံတွေ ကျဉ်းစေပြီး နှလုံးရောဂါ ဝင်လာစေပါတယ်။
သွေးလည်ပတ်မှု နှေးခြင်းရဲ့ နောက်ပြဿနာတစ်ခုက ဦးနှောက်ပါ ထိခိုက်လာတာ ဖြစ်ပါတယ်။ သွေးဟာ ကိုယ်တွင်းအင်္ဂါတွေဆီ အောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေ သယ်ပေးတာပါ။ သွေးလည်ပတ်မှု နှေးကွေး ကျဆင်းလာတဲ့နောက်မှာတော့ ဦးနှောက်လည်း အောက်ဆီဂျင် ရမယ့် နည်းသွားပါတယ်။ ဦးနှောက်ဟာ အောက်ဆီဂျင် ပြည့်ပြည့်ဝဝ မရရင် လုပ်ဆောင်ချက်တွေ မှားယွင်းလာပြီး အခက်အခဲ တွေ့လာနိုင်ပါတယ်။
(၅) အရိုးအားနည်းလာမယ်

Photo : Unsplash
လေ့ကျင့်ခန်းလုပ်တာ ၊ ကိုယ်လက် လှုပ်ရှားတာတွေက အရိုးအဆစ်တွေ သန်မာစေပြီး လူရဲ့ ကိုယ်နေဟန်ထား Posture ကို မှန်ကန်အားကောင်း လာစေနိုင်ပါတယ်။ အထိုင်များတာ ကြာရင် အရိုးတွေ သန်စွမ်းကျန်းမာမှုပါ ထိခိုက်လာတတ်ပါတယ်။ အထူးသဖြင့် အရိုးပွတာ ၊ အရိုးအားနည်းတာ နဲ့ နာကျင်တာမျိုး ဖြစ်လာနိုင်ပါတယ်။
အရိုးအားမကောင်းတာကနေ ကြွက်သားတွေပါ ပျော့လာနိုင်ပါတယ်။ ဒီလိုမျိုး အရိုးနဲ့ ကြွက်သား သန်စွမ်းမှု ဆုံးရှုံးလာရင် ခန္ဓာကိုယ် အရိုးစုစနစ်ကြီးတစ်ခုလုံး ပုံပျက်လာနိုင်ပါတယ်။ ဒါကြောင့် အရိုးအဆစ်နဲ့ ကြွက်သားသန်စွမ်းဖို့ တောက်လျှောက်ထိုင်တာမျိုး ရှောင်ပါ။ အားကစားနဲ့ ကိုယ်လက်လှုပ်ရှားမှု ပုံမှန် လုပ်ပေးပါလို့ အကြံပြုကြတာ ဖြစ်ပါတယ်။
(၆) နာတာရှည် နာကျင်မှု ခံစားရမယ်

Photo : Unsplash
အထိုင် ကြာလို့ နောက်ကျော နဲ့ လက်ပြင်တွေ တောင့်တင်း ကိုက်ခဲ နာကျင်တာက အဖြစ်များတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ရေရှည် အထိုင်များလာတဲ့သူအဖို့ အရိုးနဲ့ တင်ပါး ၊ ပခုံးဆစ်တွေမှာ ဖိအားဒဏ်က တရစပ် ရှိနေပြီး Posture မမှန်တာကြောင့် အဆစ်အမြစ်တွေ နာကျင်လာပါမယ်။ ကြွက်သားပါ ထိခိုက်နာကျင်လာလို့ လည်ကုပ် ၊ တင်ပါး ၊ ကျောရိုး နဲ့ ပေါင်ကြွက်သားတွေ နာတာမျိုးလည်း ဆက်တိုက် ကြုံရနိုင်ပါတယ်။
Featured Photo : UPI

