အနမ်းပေးတယ် ဆိုတာဟာ လူတစ်ယောက်နဲ့ တစ်ယောက်ကြား ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြသတဲ့ ပျော်ရွှင်စရာ ပြယုဂ်တစ်ခုလို့ ပြောကြပေမယ့် တကယ်တော့ ဒီထက်ပိုပါတယ်။ အနမ်းပေးခြင်းဟာ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို ပြေလျော့ သက်သာစေနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ချည်နှောင်မှုကို တွန်းအားဖြစ်စေသလို သွေးပေါင်ချိန်ကို ချိန်ညှိပေးပြီး လိင်စိတ်ဆန္ဒ နိုးကြားတက်ကြွမှုကိုလည်း တွန်းအားဖြစ်စေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ အနမ်းပေး ခြင်းရဲ့ နောက်ထပ် အံ့ဩသင့်ဖွယ်ရာ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီး ရှိပါသေးတယ်။ ဘာတွေဖြစ်မလဲဆိုတာ အောက်မှာ လေ့လာကြည့်လိုက်ပါဦး။

(၁) စိတ်ရဲ့ တင်းကြပ်မှုတွေကို ပြေလျော့သက်သာ စေတယ်

Couple kissing
Photo : Health Digest

အနမ်းပေး ချိန်မှာ စာရေးသူတို့ ဦးနှောက်အတွင်းကနေ Serotonin နဲ့ Dopamine တို့လို ဟော်မုန်းတွေကို ထုတ်လွှတ်ပေးပါတယ်။ အဆိုပါ ဟော်မုန်းဓာတ်တွေဟာ စိတ်ရဲ့ တင်းကြပ်မှုတွေ ၊ စိတ်ဖိစီးမှုတွေကို လျှော့ချပေးပြီး စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်ကြည်နူးမှုတွေကို ပေးစွမ်းပါတယ်။ အလားတူ စိုးရိမ်ပူပန်နဲ့ စိတ်ရဲ့ဖိအားတွေ ၊ တင်းကြပ်မှုတွေကိုလည်း ပြေလျော့သက်သာစေပြီး အလုံးစုံ ကျန်းမာတဲ့ စိတ်ခံစားချက်ကို ရရှိခံစားရစေမှာပဲ ဖြစ်ပါတယ်။

(၂) ကယ်လိုရီ လောင်ကျွမ်းစေတယ်

Couple kissing

Photo : Health

Gym မှာ အလေးတွေ မ , Workout တွေ အကြီးအကျယ်လုပ်မှ ကယ်လိုရီ လောင်ကျွမ်းတာ မဟုတ်ပါဘူး။ အံ့ဩသင့်စရာပဲ လူနှစ်ယောက် အပြန်အလှန် အနမ်းပေး ခြင်းကနေလည်း ကယ်လိုရီ လောင်ကျွမ်းစေနိုင်ပါသတဲ့။ အဓိကအားဖြင့် နှုတ်ခမ်းချင်း နမ်းတဲ့အခါမှာ ကယ်လိုရီ လောင်ကျွမ်းမှု ဖြစ်ပေါ်စေတာ ဖြစ်ပြီး နက်နက်ရှိုင်းရှိုင်း ၊ ပြင်းပြင်းထန်ထန် နမ်းလေ ကယ်လိုရီ ပို Burn လေ ဖြစ်ပါတယ်။

(၃) ခေါင်းကိုက်ခြင်းကို သက်သာစေတယ်

Couple

Photo : Black Health Matters

ခေါင်းကိုက်လို့ ဘာဆေးသောက်ရမလဲ မသိသူတွေအတွက် ချစ်ကြည်နူးတစ်တီတူးစရာ ဆေးကောင်းကြီးတစ်ခွက်ကို ညွှန်းပေးချင်ပါတယ်။ ဟုတ်ပါတယ် အနမ်းပေး တာက ခေါင်းကိုက်တာကို သက်သာစေတဲ့ ဆေးကောင်းကြီးပါပဲ။ အဓိကအားဖြင့် အနမ်းပေးတဲ့အခါမှာ ရင်ခုန်စိတ်လှုပ်ရှားစေတဲ့ ခံစားချက်တွေကြောင့် နှလုံးဆီ သွေးစီးဆင်းမှုကို တိုးစေပြီး သွေးကြောတွေကို ကျယ်လာစေတဲ့အတွက် စိတ်ဖိစီးမှုနဲ့ ဆက်စပ်ပြီး ဖြစ်ပေါ်တက်တဲ့ ခေါင်းကိုက်ခြင်းတွေကို ပြေလျော့သက်သာ စေနိုင်ပါတယ်။ အလားတူပါပဲ ၂၀၀၉ ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ ပုံမှန် အနမ်းပေးတာဟာ သွေးတွင်း ကိုလက်စထရော ပမာဏကို ကျဆင်းစေတယ်လို့ ဆိုထားပါတယ်။

(၄) အသားအရေ ကောင်းစေတယ်

Couple kissing

Photo : Happiness.com

အသားအရေ ကောင်းဖို့ စကင်းကဲကြတယ် မဟုတ်လား။ ငွေအကုန်ကျ သက်သက်သာသာနဲ့ စကင်းကဲနည်း အဆင့်ဆင့်တွေ အလုပ်မရှုပ်ချင်ဘူးဆိုရင်တော့ နှုတ်ခမ်းချင်း အနမ်းပေးတာက အကောင်းဆုံး အသားအရေ ကောင်းစေမယ့် နည်းလမ်းတစ်ခုပါ။ နှုတ်ခမ်းချင်း နမ်းတာဟာ အရေပြားဆီ သွေးစီးဆင်းမှုကို ပိုမိုကောင်းမွန်စေပြီး အသားအရေကို အာဟာရဖြစ်စေတဲ့ အကျိုးပြုဓာတ်တွေဖြစ်တဲ့ Collagen နဲ့ Elastin ထုတ်လုပ်မှုကို လှုံ့ဆော်ပေးနိုင်ပါတယ်။

အထက်ပါ အချက်တွေအပြင် အနမ်းပေး ခြင်းကနေ ကိုယ်ခံစွမ်းအား မြှင့်တင်ပေးတာ ၊ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကြောင့် ဖြစ်ပေါ်တက်တဲ့ ဓါတ်မတည့်မှုတွေကို သက်သာစေတာ ၊ ခံတွင်းကျန်းမာရေးကို ကောင်းမွန်စေတာ ၊ လိင်စိတ်တက်နိုးကြားမှုကို ကောင်းစေတာအပြင် ကွီးနဲ့ ကွီးတို့ရဲ့ ရှော်တီလေးကြားက စိတ်ဝိညာဉ်ချင်း ချိတ်ဆက်မှုကိုကောင်းစေကာ ပိုမိုသာယာပျော်ရွှင်ရတဲ့ အချစ်ရေးတစ်ခု တည်ဆောက်နိုင်တာ စတဲ့ ကောင်းကျိုးတွေ အများကြီးကို ရရှိခံစားရနိုင်ပါတယ်။

အနမ်းပေးတာကနေ ရနိုင်တဲ့ ကောင်းကျိုးတွေကို သိပြီဆိုရင် အဓိကလိုအပ်တာ အနမ်းပေးဖို့ ရှော်တီလေး ရှိဖို့ပါပဲ။ ကွီးတို့ရော အနမ်းပေးရမယ့် ရှော်တီလေး ရှိနေပြီလား ???

Source : Medicine Net

Featured Photo : YourTango