မန်ချက်စတာ ယူနိုက်တက်အသင်းကနေ ဘက်တစ်မှာ အငှားချထားတဲ့ တောင်ပံကစားသမား အန်တိုနီ ကတော့ အနီကတ် ပြစ်ဒဏ်အတွက် အယူခံဝင်တာ အောင်မြင်ခဲ့ပြီးနောက် စနေနေ့မှာ ရီးယဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရမယ့် လာလီဂါပွဲစဉ်မှာ ပြန်လည်ပါဝင်ကစားခွင့်ရတော့မှာ ဖြစ်ပါတယ်။

Antony

Photo : MSN

ဘရာဇီးလ်တောင်ပံ ကစားသမားဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဂီတာဖေးကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်ရဲ့ ပွဲပြီးဆုံးခါနီး အချိန်ပိုမိနစ်မှာ ဂီတာဖေး ကစားသမား ဂျူအန် အီဂလီဆီယက်စ်ကို ကစားပုံကြမ်းတမ်းခဲ့တာကြောင့် တိုက်ရိုက်အနီကတ် ပြခံခဲ့ရတာ ဖြစ်ပါတယ်။

အန်တိုနီဟာ အနီကတ် ပြစ်ဒဏ်ကြောင့် ၁ ပွဲပယ်ခံရမှာ ဖြစ်ပေမယ့် ဘက်တစ်အသင်းဘက်က လာလီဂါထံ ပြစ်ဒဏ်ဆိုင်းငံ့ပေးဖို့ အယူခံဝင်ခဲ့ရာမှာ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးလ် လက်ရွေးစင် ကစားသမားဟာ ဇန်နဝါရီလမှာ ဘက်တစ်အသင်းကို အငှားနဲ့ ရောက်ရှိလာပြီးကတည်းက အသင်းအတွက် ပြိုင်ပွဲစုံ ၅ ပွဲမှာ သွင်းဂိုး ၃ ဂိုး နဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးထားပြီး ခြေစွမ်းပြနေခဲ့တာ ဖြစ်ပါတယ်။

Antony
Photo : Goal.com

ယူနိုက်တက်အသင်းကတော့ အန်တိုနီကို ၂၀၂၂ ခုနှစ်မှာ အေဂျက်စ်အသင်းကနေ ပေါင် ၈၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး သရဲနီကစားသမားဘဝ ပွဲပေါင်း ၉၆ ပွဲမှာ ၁၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ လက်ရှိ အန်တိုနီ ရောက်ရှိနေတဲ့ ဘက်တစ်အသင်းကတော့ လာလီဂါ အမှတ်ပေးဇယားရဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေပြီး လာမယ့်စနေနေ့မှာ အဆင့် ၂ နေရာက ရီးယဲလ်မက်ဒရစ်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာ ဖြစ်ပါတယ်။

Source : BBC

Featured Photo : BBC