အမျိုးသားတွေရဲ့ ဖွားဖက်တော် ညီလေးမှာ တစ်ခါတစ်ရံ အနံ့ဆိုးထွက်တာဟာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အနံ့ပြောင်းသွားတယ် ၊ ပိုပြင်းလာတယ်လို့ ခံစားရတယ်ဆိုရင်တော့ ဒါဟာ တစ်ကိုယ်ရည် သန့်ရှင်းမှုနဲ့ ကျန်းမာရေးအခြေအနေ တစ်ခုခုကြောင့် ဖြစ်ပေါ်လာတဲ့ အချက်ပြလက္ခဏာ ဖြစ်နိုင်ပါတယ်။ ဒီလို အခြေအနေအများစုက စိုးရိမ်စရာမလိုပဲ အလွယ်တကူ ကုသရုံနဲ့ ပျောက်ကင်း သက်သာနိုင်ပါတယ်။ ဥပမာအားဖြင့် လိင်တံအရေပြား ဖြတ်ထားခြင်းမရှိတဲ့ အမျိုးသားတွေမှာ လိင်တံထိပ်အရေပြားအောက် အရေပြားဆဲလ်သေတွေ ၊ အဆီနဲ့ အညစ်အကြေးအရိအချွဲတွေ စုပုံလာပြီး ဆိုးရွားတဲ့ အနံ့သက်ဆိုးတွေကို ထွက်ပေါ်စေနိုင်ပါတယ်။ ဒါဟာ မကြာခဏဆိုသလို တစ်ကိုယ်ရေသန့်ရှင်းမှု ညံ့ဖျင်းခြင်းရဲ့ ရလဒ်ဖြစ်ပြီး ရောဂါပိုးကူးစက်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ နောက်တစ်ချက်က လိင်မှတဆင့် ကူးစက်ရောဂါတွေ (STIs) ဟာလည်း လိင်အင်္ဂါအနံ့ဆိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဆက်လက်ပြီး ကွီးတို့ ညီလေး ကို အနံ့အသက် ဆိုးတွေ ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းတွေနဲ့ သက်သာအောင် ကုသနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

(၁) Smegma

Smegma

Photo : IDN Times

Smegma ဆိုတာ ညီလေး ထိပ်ဖူးတစ်ဝိုက်မှာရှိတဲ့ စိုထိုင်းမှု ၊ အဆီတွေနဲ့ အရေပြားဆဲလ်တွေ ပေါင်းစုပြီး ဖြစ်ပေါ်လာတဲ့ အရိအချွဲတွေကို ခေါ်ပါတယ်။ လိင်တံအရေပြား ဖြတ်တောက်မထားသူတွေရဲ့ အရေပြားအောက်က ပိုအဖြစ်များတာ တွေ့ရပါတယ်။ Smegma တွေဟာ ချွေးထွက်များခြင်း သို့မဟုတ် တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းခြင်းတို့ကြောင့် ဘက်တီးရီးယားတွေ ပေါက်ဖွားခြင်းကနေတဆင့် ဖြစ်ပေါ်လာတာဖြစ်ပြီး ဒိန်ခဲလို အဖြူရောင် သို့မဟုတ် နို့နှစ်ရောင် အဖက်တွေကို ဖြစ်ပေါ်စေကာ ဆိုးရွားတဲ့ အနံ့သက်တွေကို ထွက်ပေါ်စေပါတယ်။ Smegma ပြဿနာကို မကုသဘဲထားပါက သင့်လိင်အင်္ဂါ ရောင်ရမ်းစေခြင်း သို့မဟုတ် ပိုးဝင်ခြင်းတွေ ဖြစ်နိုင်ပါတယ်။

Smegma တွေကို သန့်စင်ဖယ်ရှားတဲ့အခါ အောက်ပါအချက်တွေကို လိုက်နာပါ

  • လိင်တံထိပ်အရေပြားကို နောက်သို့ဖြည်းဖြည်းချင်း ဆွဲလှန်ပေးပါ။
  • လိင်တံကို ဆပ်ပြာအပျော့စား ၊ ရေတို့ကို အသုံးပြုပြီး ဆေးကြောသန့်စင်ပေးပါ။
  • လိင်တံကို ခြောက်သွေ့ပြီး သန့်ရှင်းတဲ့ အဝတ်နဲ့ သုတ်ပေးပါ။
  • Smegma တွေ သန့်စင်သွားပြီဆိုရင်တော့ လိင်တံထိပ်အရေပြားကို မူလအတိုင်း ပြန်လည်ဖုံးအုပ်ပေးနိုင်ပါတယ်။

Smegma တွေကို ဆေးကြောသန့်စင်ပြီးတာနဲ့ အနံ့အသက် ဆိုးတွေပျောက်သွားမှာဖြစ်ပါတယ်။ နောက်ရက်တွေမှာ Smegma တွေ ထပ်မံကျန်ရှိနေသေးပါက အထက်ပါအဆင့်တွေအတိုင်း ဆက်လက်သန့်စင်ဆေးကြော ပေးနိုင်ပါတယ်။

အကယ်၍ လိင်တံထိပ်ဖူးမှာ ရောင်ရမ်းနာကျင်တာ ၊ နီးမြန်းတာ ၊ ယားယံတာနဲ့ လိင်တံထိပ်အရေပြား နောက်သို့ဆွဲလှန်လို့ မရတဲ့ အခြေအနေတွေ ဖြစ်နေရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသပြီး စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။

(၂) Urinary Tract Infection (UTI)

urinary tract infection (uti)

Photo : Topline MD

Urinary Tract Infection (UTI) ဆိုတာ ဆီးလမ်းကြောင်းပိုးဝင်တဲ့ အခြေအနေကို ခေါ်ပါတယ်။ ဆီးလမ်းကြောင်း အစိတ်အပိုင်းကို ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့အခါ Urinary Tract Infection (UTI) ကို ဖြစ်စေပါတယ်။ ဒါဟာ လိင်မှုကိစ္စ တက်ကြွခြင်း ၊ ဆီးအိမ်ကနေ ဆီးအကုန်မစွန့်နိုင်ခြင်း (ဆီးကျန်ခြင်း) ၊ ကျောက်ကပ် ကျောက်တည်ခြင်း ၊ ဆီးကျိတ်ကြီးခြင်း ၊ ဆီးချိုရောဂါ ၊ ဆီးသွားပိုက် အသုံးပြုခြင်း စတဲ့ အခြေအနေတွေကြောင့် ဖြစ်နိုင်ပါတယ်။

Urinary Tract Infection (UTI) ဖြစ်ပွားပါက ကွီးတို့ရဲ့ ညီလေး မှာ ငါးညှီနံ့လို အနံ့အသက် ဆိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ UTI ဟာ ပြင်းထန်တဲ့ ကျန်းမာရေးအခြေအနေတစ်ခု မဟုတ်ပေမယ့်လည်း မကုသပါက ကျောက်ကပ်ပိုးဝင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

အကယ်၍ သင့်မှာ ဆီးလမ်းကြောင်းပိုးဝင်တယ်လို့ သံသယရှိပါက ဆရာဝန်နဲ့ အမြန်ဆုံးသွားရောက်ပြသပြီး စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။

(၃) Yeast Infection

Yeast Infection

Photo : Health

Yeast Infection ဆိုတာဟာ လိင်တံမှာ Candida လို့ခေါ်တဲ့ ကူးစက်မှိုရောဂါ ပေါက်ဖွားကြီးထွားလာခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါကလည်း ကွီးတို့ရဲ့ ညီလေး ကို အနံ့အသက် ဆိုးတွေ ထွက်ပေါ်စေနိုင်ပါတယ်။ Yeast Infection ဖြစ်တဲ့အခါ သင့်လိင်တံမှာ နီမြန်းယားယံတာ ၊ ပူစပ်ပူလောင်ဖြစ်တာ ၊ လိင်တံအရေပြားမှာ ပုံမှန်မဟုတ်တဲ့ စိုစွတ်မှု သို့မဟုတ် အဖြူရောင် အကွက်တွေကို ဖြစ်ပေါ်စေတာ စတဲ့လက္ခဏာတွေကို ဖြစ်စေနိုင်ပါတယ်။ Yeast Infection ဟာ တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းကြောင့် ဖြစ်နိုင်သလို ကူးစက်မှိုရောဂါ ကူးစက်ခံထားရတဲ့ ပါတနာနဲ့ ဆက်ဆံမိပါကလည်း သင့်ကို ကူးစက်ပြန့်ပွားနိုင်ပါတယ်။ Yeast Infection ဖြစ်ပွားတယ်လို့ သံသယရှိပါက ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက် ပြသပြီး ကုသမှု ခံယူသင့်ပါတယ်။

(၄) Balanitis

Balanitis

Photo : Holistic Andrology

Balanitis ဆိုတာ လိင်အင်္ဂါထိပ် ရောင်ရမ်းခြင်း အခြေအနေကို ခေါ်ပါတယ်။ Balanoposthitis လို့လည်း ခေါ်ပါတယ်။ ဒါဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း ၊ တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းခြင်း ၊ Smegma တွေ မဖယ်ရှားခြင်း ၊ ရနံ့ပါတဲ့ ဆပ်ပြာတွေနဲ့ လိင်တံကို ဆေးကြောခြင်း ၊ ပိုးဝင်ခြင်း ၊ ဆိုရီယေးစစ် သို့မဟုတ် နှင်းခူကဲ့သို့ အရေပြားဆိုင်ရာ အခြေအနေတွေကြောင့် ဖြစ်ပေါ်နိုင်ပါတယ်။ Balanitis ခံစားရပါက လိင်တံထိပ် နီမြန်းတာ ၊ ယားယံတာ ၊ ရောင်းရမ်းတာ ၊ လိင်တံထိပ်အရေပြားအောက်မှာ အရည်တွေစုပုံလာတာ ၊ ဆီးသွားတဲ့အခါ ပူစပ်ပူလောင် ခံစားရတာ စတဲ့ လက္ခဏာ ခံစားရနိုင်ပါတယ်။

လိင်တံအရေပြား ဖြတ်တောက်ထားခြင်း မရှိသူတွေမှာ လိင်အင်္ဂါထိပ် ရောင်ရမ်းခြင်း Balanitis ပိုဖြစ်နိုင်ခြေ များပါတယ်။ လိင်အင်္ဂါထိပ် ရောင်ရမ်းတဲ့အခါ Epsom Salt နဲ့ ရေချိုးခြင်းဖြင့် နာကျင်မှု သို့မဟုတ် ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။ ရောဂါလက္ခဏာတွေဟာ တစ်ရက် သို့မဟုတ် နှစ်ရက်ထက်ပိုကြာပါက ဆရာဝန်နဲ့ သွားရောက်ပြသပြီး စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။

အလားတူ ဆီးပူညောင်းကျရောဂါ (Gonorrhea) ၊ ကလက်မိုင်ဒီးယား (Chlamydia) နဲ့ Non-gonococcal urethritis (NGU) စတဲ့ ကျန်းမာရေး အခြေအနေတွေဟာလည်း လိင်အင်္ဂါ အနံ့အသက် ဆိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ကွီးတို့ရဲ့ ညီလေးကို အနံ့အသက် ကင်းကင်း သန့်ရှင်းစေဖို့ အောက်ပါ အချက်တွေကို ယေဘုယျအားဖြင့် လိုက်နာနိုင်ပါတယ်

အကယ်၍ လိင်တံအရေပြား ဖြတ်တောက်မထားပါက ဆီးသွားတဲ့အခါ အရေပြားကို နောက်သို့ လှန်ဆွဲပြီးမှ ဆီးသွားပါ။

တစ်ကိုယ်ရည် သန့်ရှင်းမှုကို အလေးထားပါ။ ပုံမှန်ရေချိုးပါ။ လိင်တံအရေပြား ဖြတ်တောက်မထားပါက အညစ်အကြေးနဲ့ ဘက်တီးရီးယားတွေ စုပုံမနေစေဖို့ လိင်တံအရေပြားအောက်ကို ပုံမှန်ဆေးကြော သန့်စင်ပေးပါ။

ညီလေးကို ဆေးကြောသန့်စင်ပြီးတဲ့အခါ ခြောက်အောင်သုတ်ပေးပါ။ ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်ပြီး ခြောက်သွေ့အောင်မလုပ်ပါနဲ့။ အရေပြား ယားယံခြင်းကို ဖြစ်စေနိုင်ပါတယ်။ လိင်တံအရေပြားအောက်ရှိ ဧရိယာတဝိုက်ကိုလည်း ခြောက်အောင် သေချာသုတ်ပေးပါ။

ချောင်ချောင်ချိချိရှိတဲ့ ချည်သားအတွင်းခံ ဘောင်းဘီကို ဝတ်ဆင်ပေးပါ။

လိင်တံတဝိုက် အမွှေးအမျှင်တွေကို ပုံမှန်ညှပ်ပေးပါ။ အမွှေးအမျှင်တွေကို မညှပ်ဘူးဆိုရင် စိုစွတ်မှု ၊ အညစ်အကြေးနဲ့ ဘက်တီးရီယားတွေ ပိုမိုတိုးစေပြီး အနံ့ဆိုးတွေကို ထွက်စေနိုင်ပါတယ်။

လိင်ဆက်ဆံတိုင်းမှာ အကာအကွယ် အသုံးပြုပါ။ ဒါဟာ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုးတွေနဲ့ တခြားသော ရောဂါပိုးမွှားတွေ ကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

STIs လက္ခဏာရှိသူနဲ့ အတူနေခြင်းကို ရှောင်ကြဉ်ပါ။

အတူနေပြီးတိုင်းမှာ ညီလေးကို သန့်ရှင်းရေးလုပ်ပေးပါ။ ၎င်းက ညီလေးကို ဘက်တီးရီးယားပေါက်ဖွားခြင်းနဲ့ ယားယံခြင်းတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါလိမ့်မယ်။

ရေအခြေခံ ချောဆီသုံးပါ။ တံတွေး သို့မဟုတ် အဆီအခြေခံ ချောဆီတွေကို မသုံးပါနဲ့။ သင့်လိင်အင်္ဂါကို ဘက်တီးရီးယားတွေ ပိုမိုပေါက်ဖွားစေနိုင်ပါတယ်။

Source : Healthline

Featured Photo : Men’s Health