ပြင်သစ်တိုက်စစ်မှူး အန်တိုနီ မာရှယ် ကတော့ ဒီရာသီကုန်မှာ အသင်းမှာဆက်ရှိနေဖို့ကို ငြင်းဆိုထားခြင်း မရှိသလို ယူနိုက်တက် အနေနဲ့လည်း တိုက်စစ်မှူးရဲ့ စာချုပ်နဲ့ ပတ်သတ်ပြီး ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ နည်းပြ အဲရစ်တန်ဟက်က အတည်ပြုပြောကြားခဲ့ပါတယ်။

အန်တိုနီ မာရှယ်ရဲ့ လက်ရှိစာချုပ်ဟာ ရာသီကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပေမယ့် စာချုပ်ပါ ရွေးချယ်ခွင့်အရတော့ ကလပ်အသင်းဟာ ကစားသမားကို လာမယ့် ၂၀၂၅ ခုနှစ် နွေရာသီအထိ နောက်ထပ် ၁၂ လ သက်တမ်းတိုးခွင့် ရှိနေတာ ဖြစ်ပါတယ်။

Anthony Martial

Photo : The Sun

ယူနိုက်တက်က ရာသီအတော်ကြာ ကြံ့ခိုင်မှုနဲ့ ပုံစံကောင်းရရှိဖို့ ရုန်းကန်နေရတဲ့ မာရှယ်အပေါ် ၎င်းတို့ရဲ့ ရွေးချယ်ခွင့်ကို အသုံးမပြုနိုင်ဘူးလို့ ယူဆခဲ့ပေမယ့်လည်း နည်းပြတန်ဟက်ကတော့ အသင်းမှာဆက်ရှိနေဖို့ကို အကြံပြုထားပါတယ်။

မာရှယ်နည်းတူ ပြင်သစ်သား နောက်ခံလူ ဗာရာနီဟာလည်း လက်ရှိအချိန်မှာ အသင်းနဲ့ စာချုပ်အသစ်အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတဲ့ အခြေအနေမှာ ရှိနေပြီး ယူနိုက်တက်အနေနဲ့ အခြားကစားသမား ၃ ဦးကိုတော့ တစ်နှစ်စီ စာချုပ်သက်တမ်းတိုးထားပြီး ဖြစ်ပါတယ်။

“ကျွန်တော်တို့ အန်တိုနီ မာရှယ် ၊ ရာဖေးလ် ဗာရာနီတို့နဲ့ ဆွေးနွေးနေပါတယ်။ အာရွန် ဝမ်ဘစ်ဆာကာ ၊ ဗစ်တာ လင်ဒီလော့ဖ်နဲ့ ဟန်နီဘယ်တို့ကိုတော့ စာချုပ်သက်တမ်း တိုးထားတယ်” လို့ နည်းပြ အဲရစ်တန်ဟက်က ဝီဂန်အက်သလက်တစ်နဲ့ အက်ဖ်အေဖလား တတိယအကျော့ပွဲစဉ်မတိုင်ခင် ကြာသပတေးနေ့မွန်းလွဲပိုင်းမှာ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

အန်တိုနီ မာရှယ်ဟာ ယခုရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၁၉ ပွဲကစားထားပြီး ၂ ဂိုးသွင်းယူထားပေမယ့် ပုံမှန်ပွဲထွက်ခွင့်ရနေတဲ့ ကစားသမားမဟုတ်ပါပဲ အဆိုပါပွဲစဉ်တွေရဲ့ ၁၂ ပွဲမှာ အရန်ကစားသမားအဖြစ်နဲ့သာ ပါဝင်ကစားခွင့် ရခဲ့တာပဲ ဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပြင်သစ်သားဟာ ၂၀၁၅ ခုနှစ်မှာ မိုနာကိုကနေ ယူနိုက်တက်ကို ပြောင်းရွေ့ကြေးပေါင် ၁၄.၄ သန်းနဲ့ ပြောင်းရွေ့လာခဲ့တာ ဖြစ်ပြီး ဒီရာသီမှာ ဒဏ်ရာပြဿနာ ကြီးကြီးမားမားမရှိပေမယ့်လည်း ဖျားနာမှုကြောင့် ယူနိုက်တက်ရဲ့ နောက်ဆုံး ၅ ပွဲကို လွဲချော်ခဲ့ရပါတယ်။

 Anthony Martial

Photo : Goal.com

ယူနိုက်တက် တောင်ပံတိုက်စစ်ကစားသမား ဂျေဒန်ဆန်ချိုဟာလည်း ဇန်နဝါရီလအပြောင်းအရွှေ့ဈေးကွက်မပိတ်မီ ကလပ်အသင်းဟောင်း ဒေါ့မွန်ကို ပြန်လည်ရောက်ရှိဖို့နီးစပ်နေပြီလို့ သိရပြီး ဒီသတင်းနဲ့ပတ်သတ်ပြီး ကြာသပတေးနေ့က သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေက နည်းပြအဲရစ်တန်ဟက်ကို မေးမြန်းခဲ့ပေမယ့်လည်း တိတိကျကျ ဖြေကြားခဲ့ခြင်း မရှိခဲ့ပါဘူး။

“ဒါနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် ဘာမှမပြောနိုင်ပါဘူး။ ဘယ်လိုတွေ ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပေါ့။ သတင်းထူးရင်တော့ ကျွန်တော်တို့ ပြောမှာပါ ” လို့ နည်းပြအဲရစ်တန်ဟက်က မှတ်ချက်ပေးသွားခဲ့ပါတယ်။

Featured Photo : 90min.com