စပိန်ဘီလူးကြီး ရီးရဲလ်မက်ဒရစ်အသင်းကတော့ လီဗာပူးနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ မသေချာမရေရာ ဖြစ်နေတဲ့ ညာနောက်ခံလူ အာနိုးလ် ကို စောင့်ကြည့်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Alexander-Arnold

Photo : talkSPORT

အသက် ၂၅ နှစ်အရွယ် လီဗာပူး အကယ်ဒမီထွက် ကစားသမားဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာလက စတင်ပြီး စီနီယာအသင်းအတွက် ပွဲဦးထွက်ကစားခဲ့ပြီး ကတည်းက လီဗာပူးအသင်းရဲ့ အရေးပါဆုံး ကစားသမားတွေထဲကတစ်ဦး ဖြစ်လာခဲ့တာပါ။

လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်တုန်းက နောက်ခံလူနဲ့ နှစ်ရှည် စာချုပ်သက်တမ်းတိုးခဲ့ပေမယ့် လက်ရှိမှာတော့ လာမယ့် ၂၀၂၅ ခုနှစ် နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် အင်္ဂလန်သားနဲ့ အခုချိန်အထိ အန်ဖီးလ်မှာ စာချုပ်သစ် ချုပ်ဆိုဖို့ကို တစ်စုံတစ်ရာ ပြောဆိုထားခြင်း မရှိသေးပါဘူး။

အီတလီ ဘောလုံးသတင်းထောက် ဖာဘရီဇီယို ရိုမန်နိုရဲ့ အဆိုအရ ရီးရဲလ်မက်ဒရစ်အသင်းဟာ လီဗာပူး နောက်ခံလူရဲ့ စာချုပ်အခြေအနေကို စောင့်ကြည့်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်းကတော့ အာနိုးလ် ကို ရောင်းထုတ်ချင်နေတဲ့ အရိပ်အယောင် မတွေ့ရသေးပေမယ့် နောက်ထပ် စာချုပ်သစ်အတွက်လည်း အခုအချိန်အထိ ဆွေးနွေးမှုတစ်စုံတစ်ရာ မရှိသေးတာ ဖြစ်ပါတယ်။ အာနိုးလ် ဟာ ရာသီကုန်မှာ အသင်းနဲ့ လမ်းခွဲမယ်လို့ ကြေညာထားတဲ့ နည်းပြကြီး ယာဂင်ကလော့ပ်နဲ့အတူ လီဗာပူးအသင်းကနေ ထွက်ခွာဖို့ သတင်းထွက်နေတဲ့ နာမည်ကြီး ကစားသမား ၃ ဦးထဲကတစ်ဦး ဖြစ်နိုင်ပါတယ်။

Alexander-Arnold

Photo : talkSPORT

ဗန်ဒိုက် ၊ ဆာလာ နဲ့ အာနိုးလ် တို့ ၃ ဦးဟာ လာမယ့် ၂၀၂၅ ခုနှစ်ထဲမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကစားသမားတွေ ဖြစ်ကြပြီး လီဗာပူးအသင်း အနေနဲ့တော့ အသက်ငယ်ပြီး ခြေစွမ်းကောင်း ပြသနိုင်နေတဲ့ အကယ်ဒမီထွက် ကစားသမား အာနိုးလ်ကိုပဲ အသင်းမှာ ဆက်ထိန်းသိမ်းထားဖို့ ကြိုးပမ်းသွားနိုင်ဖွယ် ရှိပါတယ်။

အာနိုးလ် ဟာ လီဗာပူးအသင်းနဲ့ ၈ နှစ်တာ ကာလအတွင်း ပြိုင်ပွဲစုစုပေါင်း ၃၀၂ ပွဲ ကစားထားပြီး သွင်းဂိုး ၁၈ ဂိုး သွင်းယူကာ ဂိုးဖန်တီမှု ၈၂ ကြိမ် ပြုလုပ်ပေးထား နိုင်ပါတယ်။ ပြီးခဲ့တဲ့ရာသီတွေမှာလည်း ပရီးမီးယားလိဂ် ၊ ချန်ပီယံလိဂ်နဲ့ ပြည်တွင်းဖလား တွေကို ရရှိအောင် အဓိက စွမ်းဆောင်ပေးခဲ့ပါတယ်။

Featured Photo : TEAMtalk