သူငယ်ချင်း ဆိုတာ စာရေးသူတို့ဘဝမှာ ဒုတိယမိသားစုဝင်တွေလို့ ပြောရင်မှားနိုင်မယ် မထင်ပါဘူး။ သူငယ်ချင်းတွေ အများကြီး ရှိတာထက် သင့်အကြောင်းကို ကောင်းကောင်းနားလည်ပြီး သင့်ဘေးမှာ ဘဝရဲ့အနိမ့်အမြင့် အတက်အကျ အလိုက်အမြဲအတူ ရှိနေနိုင်တဲ့ သူငယ်ချင်းကောင်းတွေအချို့ ရှိရင်ပဲ ကံကောင်းတယ်လို့ ပြောလို့ ရပါပြီ။ သင်အောင်မြင်ချိန်မှာ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ဝမ်းသာဂုဏ်ယူပေးနိုင်သူ ၊ သင်လဲပြိုချိန်မှာ ကမ်းပေးမယ့် လက်စုံဖြစ်နိုင်သူတွေသာလျှင် ဘယ်တော့မှ အဆုံးအရှုံးမခံသင့်တဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်ပါတယ်။ ဒီလိုသူငယ်ချင်းကောင်းတွေ ပိုင်ဆိုင်ရဖို့ကလည်း နည်းနည်းတော့ ခက်သားပါ။ အချို့က သင့်အနားမှာ အတုအယောင် မျက်နှာဖုံးတွေနဲ့ ရှိနေတက်တဲ့ သူငယ်ချင်းတွေလည်း အများကြီး ရှိပါတယ်။ အရေးကြီးတာကတော့ သူငယ်ချင်းဆက်ဆံရေးဖြစ်ဖြစ် ၊ မိသားစုဆက်ဆံရေးဖြစ်ဖြစ် ၊ သမီးရည်းစားဆက်ဆံရေးဖြစ်ဖြစ် တစ်ယောက်ကိုတစ်ယောက်အပြန်အလှန် လေးစားမှုကို နားလည်တန်းဖိုးထားပြီး ပေါင်းကြဖို့ပါ။ အကယ်က အပြန်အလှန် လေးစားမှု မရှိရင် အဲ့ဒီဆက်ဆံရေးဟာ အနှေးနဲ့အမြန် နိဂုံးချုပ်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကိုယ့်အပေါ် လေးစားမှုမရှိတဲ့ သူငယ်ချင်းတွေရဲ့ လက္ခဏာတွေကို ပြောပြပေးချင်ပါတယ်။

(၁) တခြားသူတွေရှေ့မှာ သင့်ကို နှိမ့်ချဆက်ဆံမယ်

Fake Friend
Photo : HerWay.net

အချို့သူငယ်ချင်းတွေက လူတွေရှေ့မှာ ကိုယ့်ကို လှောင်ပြောင်ဟာသလုပ်ရတာကို သူတို့ကိုသူတို့ ဆွဲဆောင်မှု ရှိတယ်လို့ ထင်ကြပါတယ်။ တကယ်တော့ ဒါဟာ သင့်အပေါ်ကို တန်ဖိုးမထားတာ ၊ လေးစားမှု မရှိတာကို ဖော်ပြနေတာပါ။ သင်နဲ့သူ့ကြားမှာ ဘယ်လောက်ပဲ ခင်မင်ရင်းနှီးတဲ့ အတိုင်းအတာတစ်ခု ရှိနေပါစေ တခြားသူတွေရှေ့မှာ မကြာခဏဆိုသလို သင့်ကို နှိမ့်ချဆက်ဆံတယ် ၊ ဟာသလုပ်နေတယ်ဆိုရင် အဲ့ဒီဆက်ဆံရေးကနေ အမြန်ဆုံး ရှောင်ဖယ်ရုန်းထွက်လိုက်ဖို့ အကြံပေးချင်ပါတယ်။

(၂) နောက်ကွယ်မှာ သင့်မကောင်းကြောင်း ပြန်ပြောမယ်

 Fake Friend
Photo : Bona Magazine

နံရံတိုင်းမှာ နားတွေ ရှိပါတယ်။ လူတစ်ယောက်က ကိုယ့်မကောင်းကြောင်းကို နောက်ကွယ်မှာ ကိုယ်မသိဘူးအထင်နဲ့ ပြောလိုက်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်နားထဲကို ပြန်ရောက်တဲ့ အခိုက်အတန့်တွေ ပြင်ပလက်တွေ့ဘဝမှာ အများကြီးပါ။ အမှန်တကယ် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် လေးစားမှု ရှိတယ်ဆိုရင် ကိုယ်မှားနေတာ ၊ လွဲနေတာတွေကို ပေါ်တင်မျက်နှာချင်းဆိုင်ပြောပြီး အကြံပြုထောက်ပြလို့ ရပါတယ်။ နောက်ကွယ်မှာ အတင်းချတာကတော့ လေးစားမှုမရှိတဲ့ အကျည်းတန်တဲ့လုပ်ရပ် တစ်ခုပါပဲ။

(၃) လိုအပ်မှ ဆက်သွယ်လာမယ်

Fake Friend
Photo : NBC News

သင့် သူငယ်ချင်းနဲ့ သင်က အခြားသူတွေလိုပဲ ပုံမှန်ဆက်ဆံရေးပဲရှိမယ် ၊ အဆက်အသွယ်တော်ရုံမလုပ်ဖြစ်ဘူး သူတို့လိုအပ်တဲ့ အချိန်ရောက်မှသာ သင့်ကို မရမက အသဲအသန် ဆက်သွယ်လာမယ်ဆိုရင် သင့်ကို လိုသုံးလုပ်နေတယ်ဆိုတာ သိနိုင်ပါပြီ။ ဒါက သင့်ကို လေးစားမှု မရှိဘူးဆိုတာ ပြနေတဲ့ ထင်ရှားတဲ့ လက္ခဏာတစ်ခုပါ။ သင့်ရဲ့ ခင်မင်မှုကို တန်ဖိုးမထားသလို သူတို့ လိုအပ်ချိန်မှာ အခွင့်အရေးယူတက်တဲ့ တစ်ကိုယ်ကောင်းသမားတွေပဲ ဖြစ်ပါတယ်။

(၄) သင့်အပေါ် မနာလို ဖြစ်နေမယ်

Friends
Photo : NBC News

စစ်မှန်တဲ့ သူငယ်ချင်းတွေဆိုတာ သင်အောင်မြင်ရင် သင့်အတွက် လက်ခုပ်တီးပေးဖို့ ဝန်မလေးကြသူတွေပါ။ သူတို့ထက် တစ်ခုခုသာသွားမှာကို အင်မတန်ကြောက်တယ် ၊ သင်ရဲ့အောင်မြင်မှု Achievements တွေအပေါ် မရှုစိတ်နဲ့ ဝန်တိုမနာလို ဖြစ်နေတယ်ဆိုရင် ဒါက သင့်အပေါ် လေးစားမှု မရှိသလို သူငယ်ချင်းကောင်း သူငယ်ချင်းအစစ်လို့ကို ပြောလို့ မရတော့ပါဘူး။

(၅) သင့်ခံစားချက်တွေကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်စေမယ်

Man
Photo : Men’s Health

စာရေးသူတို့ဟာ တစ်ခါတစ်လေမှာ ကိုယ့်ရဲ့ခံစားချက်တွေ ၊ ရင်တွင်းစကားတွေကို ဘော်ဒါသူငယ်ချင်းတွေထံ ရင်ဖွင့်ပြောပြလေ့ ရှိကြပါတယ်။ ကိုယ်ပြောပြခဲ့တဲ့ ကိုယ့်ရဲ့ရင်တွင်းစကားတွေကို တချိန်ချိန်မှာ ပြန်လည်ပြီး နင်းမယ် ၊ အနိုင်လုပ်မယ် ၊ စနောက်ဟာသလုပ်မယ် ၊ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာနေတယ်ဆိုရင်တော့ သင့်သူငယ်ချင်းဟာ သင့်အပေါ် လေးစားမှု လုံးဝမရှိသလို ကိုယ့်ရဲ့အကြောင်းကိုလည်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောမပြသင့်တဲ့ လူစားမျိုးဆိုတာ နားလည်လက်ခံထားဖို့ လိုပါမယ်။

Source : MomJunction

Featured Photo : The Conscious Vibe