ဖွားဖက်တော် ကျန်းမာရေးလို့ ပြောလိုက်ရင် လူအများစုက လိင်မှတဆင့် ကူးစက်တတ်တဲ့ရောဂါများနဲ့ ရွှေပန်းညှိုးသွားတဲ့ အခြေအနေတွေကိုပဲ ပြေးမြင်မိတတ်ကြပါတယ်။ ကိုယ့်ရဲ့ မွေးရာပါ အဖိုးတန် ပစ္စည်းကို အခုလို နည်းလမ်းများနဲ့ ဂရု စိုက်ဖို့ လိုအပ်မယ်ဆိုတာကို မေ့လျော့နေတတ်ကြပါတယ်။
(၁) ရေဓာတ် ပြည့်ဝစွာ နေထိုင်ခြင်း
ရေဓာတ် ပြည့်ဝစွာ နေထိုင်ခြင်းသည် ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးအတွက် အထူးပင် လိုအပ်တဲ့ အလေ့အကျင့်ကောင်းတစ်ခုပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်က လုံလောက်တဲ့ရေဓာတ် မရရှိတဲ့အခါ ကွီးတို့ရဲ့ ရွှေပန်းက မနိုးထလာနိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် တစ်နေ့လျှင် ရေ နှစ်လီတာခန့် ပုံမှန် သောက်သုံးပေးဖို့ လိုအပ်ပါတယ်။
(၂) ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများ စားသုံးခြင်း
ကျန်းမာရေးနဲ့ ညီညွှတ်ပြီး အာဟာရမျှတတဲ့ အစားအစားများက ကွီးတို့ကို ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါများမှ ကာကွယ်ပေးမယ့်အပြင် ဖွားဖက်တော်ဆီသို့ သွေးလှည့်ပတ်စီးဆင်းမှုကို ကောင်းမွန်အောင် ကူညီပေးပါတယ်။ ဟင်းနုနွယ်ရွက်၊ ထောပတ်သီး၊ Capsaicin ဓာတ် ကြွယ်ဝတဲ့ ငရုတ်သီး အစရှိတဲ့ အစားအစာများက Testosterone လယ်ဗယ်ကို မြှင့်တင်ပေးပြီး မျိုးအောင်ဖို့အတွက်လည်း အထောက်အကူပြုပေးတာကြောင့် ကလေးယူချင်တဲ့ ကွီးတို့အတွက်တော့ သင့်တော်ပါတယ်။
(၃) လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ခြင်း
လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ပေးခြင်းသည် ကွီးတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးအတွက် အင်မတန်မှကို အရေးကြီးပါတယ်။ ၂၀၁၅ ခုနှစ်က လေ့လာထားတဲ့ သုတေသန လေ့လာချက်အရ လေ့ကျင့်ခန်း ပုံမှန် မလုပ်တဲ့ သူတွေက နှလုံးရောဂါ ခံစားရနိုင်ခြေ မြင့်မားပြီး ရွှေပန်းညိုးတဲ့အဖြစ်မျိုးလည်း ခံစားရတယ်လို့ သိရှိရပါတယ်။ ဒါ့ကြောင့် တစ်ပတ်လျှင် အနည်းဆုံး နှစ်ရက်၊ သုံးရက်လောက်တော့ လေ့ကျင့်ခန်း ပြုလုပ်ဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ခန်း မလုပ်ဖြစ်ရင်တောင်မှ ထိုင်မနေဘဲ လမ်းလျှောက်ပေးဖို့ လိုအပ်ပါတယ်။
(၄) မိမိရဲ့ ကိုယ် အလေးချိန်ကို ထိန်းချုပ်ခြင်း
မိမိ ကိုယ်အလေးချိန်ကို တက်မလာအောင် ထိန်းချုပ်ပေးခြင်းအားဖြင့် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ ခံစားရခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ထို့အပြင် အဝလွန်ခြင်းကိုပါ ခံစားရပြီဆိုရင်တော့ ဖွားဖက်တော်ရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်လာပြီလို့သာ မှတ်ယူလိုက်ပါတော့။
(၅) အိပ်ရေး ဝဝ အိပ်စက်အနားယူခြင်း
ကွီးတို့ရဲ့ ခန္ဓာကိုယ်တွင်းရှိ သွေးကြောများအတွက် အိပ်ရေးဝဝ အိပ်စက်ခြင်းသည် အင်မတန်မှကို အရေးကြီးပါတယ်။ အိပ်ရေး ဝဝ အိပ်စက်ပြိး သွေးလှည့်ပတ်မှု ကောင်းမှသာလျှင် ကွီးတို့ရဲ့ ဖွားဖက်တော်ကလည်း စိတ်သွားတိုင်း ကိုယ်ပါပြီး နှစ်ပါးသွားကဖို့အတွက် လွယ်လွယ်ကူကူ နိုးထနိုင်မှာပါ။ အိပ်ရေးပျက်ညတွေ များလာရင်တော့ Testosterone လယ်ဗယ် လျော့ကျသွားပြီး ဟော်မုန်းတွေ မညီမျှတော့ကာ ကွီးတို့ရဲ့ ဖွားဖက်တော်ကျန်းမာရေးလည်း ထိခိုက်လာပါလိမ့်မယ်။
ကွီးတို့ရော ကိုယ့်ရဲ့ မွေးရာပါ အဖိုးတန် ပစ္စည်းလေးကို အထက်ဖော်ပြပါ နည်းလမ်းများထဲက ဘယ်နည်းလမ်းများနဲ့ ဂရု စိုက်ဖူးပါသလဲ။
Source: Healthline
Featured Image: Freepik