Depression လို့ခေါ်တဲ့ စိတ်ကျရောဂါ ဟာ အမျိုးသား တွေရော အမျိုးသမီးတွေမှာပါ ဖြစ်ပွားနိုင်ပေမယ့် ခံစားရတဲ့ ရောဂါလက္ခဏာတွေကတော့ မတူကွဲပြား နိုင်ပါတယ်။ အမျိုးသားတွေမှာက စိတ်ကျရောဂါရဲ့ လက္ခဏာတွေ ရှာဖွေတွေ့ရှိဖို့ ပိုခက်ပြီး တစ်ခါတစ်ရံမှာ ဝမ်းနည်းအားငယ်တဲ့ ခံစားချက်တွေ ခံစားရလေ့ရှိပေမယ့် အများစုကတော့ ဒေါသထွက်ခြင်း ၊ ရန်လိုတဲ့ အပြုအမူတွေကို လုပ်ဆောင်ခြင်း ၊ အရက်နဲ့ မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းစတဲ့ အခြေအနေတွေ ပိုအဖြစ်များတာ တွေ့ရတယ်လို့ သုတေသန ပြုချက်တွေက ဖော်ပြထားပါတယ်။
Photo : Bay Psychiatric Associates
ကွဲပြားတဲ့ လက္ခဏာတွေကြောင့် အမျိုးသားတွေဟာ အမျိုးသမီးတွေထက် စိတ်ကျရောဂါအတွက် ကုသမှုခံယူဖို့ အလားအလာပိုနည်းပြီး အမျိုးသားများစွာဟာ ရောဂါအမည်မယ်မယ်ရရ တပ်လို့မရတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေလည်း ကြုံတွေ့ခံစားရနိုင်ခြေ များပါတယ်။
American Psychological Association ရဲ့အဆိုအရ စိတ်ကျရောဂါဟာ အမေရိကန်နိုင်ငံက အမျိုးသားတွေမှာ အဖြစ်များတဲ့ ရောဂါပြဿနာတစ်ခု ဖြစ်ပြီး အမျိုးသားတွေရဲ့ ခန့်မှန်းခြေ ၉ ရာခိုင်နှုန်းလောက် စိတ်ဓာတ်ကျခြင်း သို့မဟုတ် စိုးရိမ်ပူပန်မှုများခြင်း စတဲ့ ပြဿနာတွေကို နေ့စဉ်ခံစားရလေ့ရှိတယ်လို့ ဆိုထားပါတယ်။ လေ့လာမှုတွေအရ စိတ်ကျရောဂါ ကြောင့် မိမိကိုယ်ကို သတ်သေတဲ့ အမျိုးသား အရေအတွက်မှာ အမျိုးသမီးတွေထက် ၄ ဆ ပိုများပါတယ်။ ယင်းအကြောင်းရင်းများတွေက တစ်ခုမှာ အမျိုးသားတွေဟာ စိတ်ကျရောဂါရဲ့ ရောဂါရှာဖွေတွေ့ရှိနိုင်ခြေနည်းတဲ့အတွက်ကြောင့် ဖြစ်နိုင်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။
စိတ်ကျရောဂါရဲ့ လက္ခဏာများ
Photo : LinkedIn
အခြေခံအားဖြင့်တော့ စိတ်ရောဂါရဲ့ အချို့ယေဘုယျ လက္ခဏာတွေဟာ အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာပါ တူညီနိုင်ပါတယ်။ အဆိုပါ တူညီတဲ့ လက္ခဏာတွေထဲမှာ ဝမ်းနည်းခြင်း ၊ ငိုကြွေးခြင်း၊ မိမိကိုယ့်ကိုယ် အသုံးမကျသလို / အပြစ်ရှိသလို ခံစားရခြင်း ၊ တက်ကြွလှုပ်ရှားမှုမှန်သမျှ ဘာမှမရှိတော့ခြင်း ၊ အစာစားချင်စိတ် သို့မဟုတ် ကိုယ်အလေးချိန် ပြောင်းလဲခြင်း ၊ အိပ်ချိန်နည်းခြင်း သို့မဟုတ် အလွန်အကျွံ အိပ်ခြင်း ၊ မောပန်းနွမ်းနယ်မှုတွေ ခံစားရခြင်း ၊ အာရုံစူးစိုက်မှုပိုင်းမှာ အခက်အခဲရှိခြင်း စတဲ့ အခြေအနေတွေ ကြုံတွေ့ရနိုင်ပါတယ်။
အချို့လက္ခဏာတွေဟာ မျိုးရိုးဗီဇ ၊ ဟော်မုန်း ၊ ဇီဝဓာတုဆိုင်ရာ သို့မဟုတ် လူမှုရေးဆိုင်ရာအကြောင်းအရင်းတွေကြောင့် အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုပြီး များများစားစားကြုံတွေ့ ခံစားရနိုင်ပါတယ်။ ဆက်လက်ပြီး အမျိုးသားတွေမှာ စိတ်ဓာတ်ကျခြင်းနဲ့ ပတ်သတ်ပြီး အောက်မှာ အသေးစိတ် လေ့လာကြည့်ရအောင်ပါ။
စိတ်ကျရောဂါ ခံစားနေရတဲ့ အမျိုးသားတွေဟာ မကြာခဏဆိုသလို မိမိကိုယ်ကို ထိခိုက်စေတဲ့ အပြုအမူတွေ ၊ ဒေါသနဲ့ အန္တရာယ်ပြုနိုင်တဲ့ အပြုအမူတွေကို ဖော်ပြလုပ်ဆောင်လေ့ ရှိကြပါတယ်။ အကယ်၍ သင်ဟာ စိတ်ကျရောဂါ ခံစားရ/မရနဲ့ ပတ်သတ်ပြီး အခုပြောပြမယ့်အပြုအမူပြောင်းလဲမှုတွေကို သတိပြုမိနိုင်ပါတယ်။
- အရက်အလွန်အကျွံသောက်သုံးခြင်း သို့မဟုတ် မူးယစ်ဆေးဝါးသုံးစွဲခြင်း
- မိသားစု ၊ မိတ်ဆွေအပေါင်းအသင်း သို့မဟုတ် လူမှုရေးအခြေအနေတွေကို ရှောင်ဖယ်ခြင်း
- သင့်တင့်တဲ့ အနားယူမှုမရှိဘဲ အလွန်အကျွံ အလုပ်လုပ်ခြင်း
- ပုံမှန်လုပ်နေကျ အလုပ်တာဝန် သို့မဟုတ် မိသားစုတာဝန်တွေ လုပ်ဆောင်ဖို့ ခက်ခဲခြင်း
- ပေါင်းသင်းဆက်ဆံရေးမှာ ထိန်းချုပ်မှု သို့မဟုတ် အကြမ်းဖက်မှုတွေ ပိုပြုမူလာခြင်း
- လောင်းကစား သို့မဟုတ် အန္တရာယ်ရှိတဲ့ လိင်မှုဆိုင်ရာ လုပ်ဆောင်မှုတွေကို လုပ်ခြင်း
- မိမိကိုယ်ကိုသေကြောင်းကြံစည်ဖို့ ကြိုးစားခြင်း
စတဲ့ ပြောင်းလဲမှု လက္ခဏာတွေ ဖြစ်ပေါ်ကြုံတွေ့ ရနိုင်ပါတယ်။
အဓိကအားဖြင့် အမျိုးသားတွေဟာ စိတ်ကျရောဂါ ခံစားနေရချိန်မှာ ယောကျာ်းဆိုတဲ့ မာန်မာနကြောင့် စိတ်ဓာတ်ကျခြင်းကို ဖုံးကွယ်ဖို့ ကြိုးစားတက်ကြပြီး အဲ့ဒီကနေတဆင့် အပြုအမူဆိုင်ရာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာတာပါ။ စိတ်ဓာတ်ကျခြင်းကို ဖုံးကွယ်ဖို့ ကြိုးပမ်းတာဟာ သင့်ကို ဒေါသပိုထွက်စေသလို သို့မဟုတ် မိမိကိုယ်ကိုယ် ထိခိုက်နာကျင်စေနိုင်တဲ့ အန္တရာယ်တဲ့ အပြုအမူတွေကို လုပ်ဆောင်မိနိုင်ခြေ များစေတာပဲ ဖြစ်ပါတယ်။
အလားတူ စိတ်ပိုင်းဆိုင်ရာ တုန့်ပြန်မှုအားဖြင့်လည်း မိမိရဲ့ ဝါသနာတွေကိုပင် စိတ်ဝင်စားမှု လျော့ကျတာ ၊ အလုပ်အပေါ် စိတ်အားထက်သန်မှုမရှိတော့တာ ၊ လိင်စိတ်ဆန္ဒနည်းပါးလာတာ ၊ ဒေါသကြီးတာ ၊ အလိုမကျတာ ၊ ရန်လိုတာနဲ့ စိတ်တိုတာ စတဲ့ စိတ်ခံစားချက်တွေကို ဖြစ်ပေါ် ခံစားရနိုင်ပါတယ်။
စိတ်ကျရောဂါ ဟာ အမျိုးသား တွေအတွက် ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ရပ်ဖြစ်ပြီး အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ မိမိကိုယ်ကို သေကြောင်းကြံစည်မှုအပါအဝင် အခြားသော မလိုလားအပ်တဲ့ ဆိုးကျိုးပြဿနာတွေ ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုတွေနဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများစွာကို ဖြစ်ပေါ်ကြုံတွေ့ရနိုင်တာကြောင့် Depression ဖြစ်နေတယ်လို့ သံသယရှိပါက ယုံကြည်ရတဲ့ မိသားစုဝင်တွေကို ရင်ဖွင့်ပြောပြတာ ၊ နားလည်တက်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်တာ ၊ ကျန်းမာရေးဆိုင်ရာ ကုသမှု ခံယူတာတွေ ချက်ချင်း လုပ်ဆောင်ဖို့ အကြံပေးချင်ပါတယ်။
Source : MedicalNewsToday
Featured Photo : Australian Journal of Pharmacy