ကင်ဆာရောဂါကြောင့် နှစ်စဉ် ကမ္ဘာပေါ်မှာ လူ့အသက်ပေါင်းများစွာ ဆုံးရှုံး နေရပါတယ်။ ကင်ဆာဟာ ယေဘုယျအားဖြင့် မျိုးရိုးဗီဇ ၊ အသက်အရွယ်နဲ့ စားသောက် နေထိုင်မှုပုံစံ အမှားတွေကြောင့် ဖြစ်ပွားရပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ ရောဂါဆိုးတစ်ခု ဖြစ်ပါတယ်။ မတူညီတဲ့ ကင်ဆာရောဂါ အမျိုးအစားတွေကတော့ အများကြီးရှိပြီး ဒီထဲကမှ အမျိုးသား တွေမှာ အဖြစ်အများဆုံး ကင်ဆာရောဂါတွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) ဆီးကျိတ်ကင်ဆာ

Prostate Cancer

Photo : Burjeel Hospital

အမျိုးသားတွေမှာ အဖြစ်အများဆုံး ကင်ဆာကတော့ ဆီးကျိတ်ကင်ဆာပါပဲ။ ဆီးကျိတ်ကင်ဆာဟာ အသက်ကြီးလာတာနဲ့အမျှ ရောဂါ ဖြစ်ပွားနိုင်ခြေ ပိုတိုးလာပြီး အသက် ၆၅ နှစ်နဲ့ အထက် အမျိုးသား တွေမှာ အများဆုံး ဖြစ်လေ့ရှိပါတယ်။ ရောဂါအခြေအနေတွေကို စောစီးစွာ ရှာဖွေတွေ့ရှိပြီး ထိန်းချုပ်ကာကွယ်နိုင်ဖို့ အသက် ၄၅ နှစ်အရွယ်ကနေ စတင်ပြီး ဆီးကျိတ်ကင်ဆာနဲ့ ပတ်သတ်လို့ စမ်းသပ်စစ်ဆေးမှုတွေ ၊ ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

(၂) အဆုတ်ကင်ဆာ

lung cancer
Photo : News-Medical

ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပွားရတဲ့ ကင်ဆာရောဂါ အမျိုးအစားတစ်ခုပါ။ လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း တစ်နှစ်လျှင် ဆေးလိပ်ဗူး ၂၀ နဲ့အထက် သောက်ဖူးတဲ့ အသက် ၅၀ ဝန်းကျင် အမျိုးသားတွေမှာ အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေ ပိုများပါတယ်။ အဆုတ်ကင်ဆာရောဂါကို ကာကွယ်ဖို့ဆိုရင် ဆေးလိပ်ဖြတ်ခြင်းဟာ အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

(၃) အူမကြီးကင်ဆာ

Colorectal Cancer
Photo : Rocky Mountain Cancer Centers

အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ နောက်ထပ် ကင်ဆာရောဂါဆိုး တစ်ခုကတော့ အူမကြီး ကင်ဆာပါ။ အမေရိကန် ပြည်ထောင်စုမှာ နှစ်စဉ် အမျိုးသား ၂၇,၀၀၀ ကျော်ဟာ အူမကြီးကင်ဆာကြောင့် အသက်ဆုံးရှုံး နေရတယ်လို့ ဖော်ပြထားပါတယ်။ အသက် ၄၅ နှစ်ဝန်းကျင် အရွယ်ကစလို့ အူမကြီးကင်ဆာ ရောဂါရှိမရှိကို စစ်ဆေးမှု စတင်ခံယူသင့်ပြီး ရောဂါကာကွယ်မှုအတွက် ဆေးလိပ်ဖြတ်တာ ၊ အရက်လျှော့သောက်တာ ၊ အနီရောင်အသားနဲ့ ပြုပြင်ထားတဲ့ အသားတွေကို ရှောင်တာ စတဲ့အချက်တွေ လိုက်နာသင့်ပြီး ပုံမှန်ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ကာ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိပေးတာဟာ အူမကြီးကင်ဆာဖြစ်နိုင်ခြေကို လျှော့ချနိုင်တဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

(၃) ဆီးအိမ်ကင်ဆာ

bladder cancer
Photo : Z Urology

အမျိုးသား တွေဟာ အမျိုးသမီးတွေထက် ဆီးအိမ်ကင်ဆာ ဖြစ်နိုင်ခြေ ၄ ဆပိုများပါတယ်။ သုတေသန ပြုချက်တွေအရ ဆီးအိမ်ကင်ဆာဟာ အထိုင်များတဲ့ နေထိုင်မှုပုံစံနဲ့ ဆက်စပ်နေတယ်လို့ ဖော်ပြထားပါတယ်။ ဆီးအိမ်ကင်ဆာ အန္တရာယ်ကို လျှော့ချဖို့ မာရသွန်ပြေးဖို့ မလိုပါဘူး။ ဒါပေမယ့် လှုပ်ရှားမှု များများပိုလုပ်ပေးဖို့တော့ လိုပါတယ်။ ဥပမာအားဖြင့် ဓာတ်လှေကားအစား လှေကားထစ်တွေ တက်တာ ၊ နေ့လယ်စာစားပြီးတဲ့အချိန် မိနစ်အနည်းငယ်လမ်းလျှောက်တာ ၊ နေ့စဉ်ပုံမှန် ၄၅ မိနစ်ခန့် ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်တာ စတဲ့ အသေးစား ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်ဆိုရင်ပဲ ကျန်းမာကြံ့ခိုင်တဲ့ နေထိုင်မှုပုံစံတစ်ခုကို ပိုင်ဆိုင်ပြီး ဆီးအိမ်ကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

Source : Roswell Park Comprehensive Cancer Center

Featured Photo : Forever Living Products Nigeria