ဒီနေ့ခေတ်မှာ စိတ်ဖိစီးမှု လို့ ခေါ်တဲ့ Stress ဟာ အမျိုးသား ကျန်းမာရေး ပြဿနာတစ်ခု ဖြစ်လာကြပြီလို့ ဆိုပါတယ်။ နေ့စဉ် နေထိုင်ရှင်သန်ခြင်းတွေမှာ စိတ်မွန်းကြပ်မှု နဲ့ ခံစားချက်တွေ ဖိစီးမှောင်ပိတ်မှုတွေက လူကို သေလောက်တဲ့အထိ ရောဂါတွေဆီ ဦးတည်နေပါတယ်။ လေ့လာမှုတွေအရဆို ကာလရှည် စိတ်ဖိစီးမှု နဲ့ စိတ်ထိခိုက်ခံစားချက်တွေကြောင့် နှလုံးရောဂါ ၊ သွေးတိုးမှု ၊ ခေါင်းတစ်ခြမ်း ကိုက်ခဲခြင်း ၊ နောက် ကျောနာ ဇက်ကြောထိုးခြင်း ၊ ဆီးချိုသွေးချို ၊ ကင်ဆာ နဲ့ ကိုယ်ခံအားနည်းပြီး ရောဂါဝင်လွယ်ခြင်းတွေ ဖြစ်စေနိုင်တယ်လို့တောင် ဖော်ပြထားပါတယ်။

စိတ်ဖိစီးလာပြီ ဆိုရင် သိသိသာသာ ခံစားလာရတဲ့ အချက်က သောကများပြီး စိတ်ရှုပ်ထွေးတာ ၊ အိပ်မပျော် ဖြစ်ပြီး မောပန်းနွမ်းနယ်တာ ၊ စိတ်ဓါတ် ကျဆင်းပြီး ခြေကုန်လက်ပန်းကျလာတာတွေ ဖြစ်တတ်ပါတယ်။ စိတ်ဖိစီးမှုကနေ သက်သာလို သက်သာငြား ရှောင်ပြေးဖို့ လူဟာ ဆေးလိပ်‌သောက်တာ ၊ အရက်သောက်တာ ၊ အလွန်အကျွံ စားတာ နဲ့ မူးယစ်ဆေးဝါး သုံးစွဲတာလိုမျိုး ကျန်းမာရေးနဲ့ မညီတဲ့ အလေ့အထတွေ လုပ်လာတတ်ပါတယ်။

ရေရှည်မှာ စိတ်ဖိစီးမှုရဲ့ ဒဏ်ချက်ရော အရက်သေစာ နဲ့ မူးယစ်ဆေးဝါးရဲ့ နှိပ်စက်မှုကြောင့်ပါ လုံးပါးပါးပြီး ကျန်းမာရေး ဆိုင်ရာ ပြဿနာတွေ တသီကြီးနဲ့ ဒုက္ခရောက်သွားနိုင်ပါတယ်။ ဒါကြောင့် သိပ္ပံပညာရှင်တွေဟာ အမျိုးသားတွေရဲ့ စိတ်ဖိစီးမှုကို လျှော့ချရာမှာ ထိရောက်မှု ရှိမယ့် နည်းလမ်းတွေ ကြံဆလာကြပါတယ်။ ဒီထဲမှာ အကောင်းဆုံး အကြံပြုထားတဲ့ စိတ်ဖိစီးမှု သက်သာရေး နည်းလမ်းတွေအကြောင်းကို မျှဝေပေးချင်ပါတယ်။

(၁) လေ့ကျင့်ခန်း လုပ်ခြင်း

Exercise

Photo : theadultman

ပုံမှန် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်တာမျိုးနဲ့လည်း စိတ်ဖိစီးမှု ကို သက်သာအောင် ဖြေလျှော့နိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်တာဟာ အသက်ရှုမှု ပိုနက်ရှိုင်းလာစေပြီး သွေးလည်ပတ်မှု ပိုကောင်းလာသလို အိပ်စက်မှု အရည်အသွေးတွေလည်း တက်လာစေနိုင်ပါတယ်။ အားကစား နဲ့ ကိုယ်လက်လှုပ်ရှားမှုတွေဟာ အန်ဒိုဖင်းလို့ ခေါ်တဲ့ သဘာဝအတိုင်း နာကျင်မှုကို သက်သာစေနိုင်တဲ့ ဓါတုပစ္စည်းတစ်မျိုးကို ဦးနှောက်ထဲကနေ ထုတ်ပေးနိုင်ပါတယ်။

Gym သွားပြီး အားကစား မလုပ်ဖြစ်ရင်တောင် ၁၅ မိနစ် နာရီဝက်လောက် လမ်းလျှောက်တာမျိုးကလည်း စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ အားကစား အနေနဲ့ ကိုယ်နှစ်သက်ရာ အားသန်ရာ အားကစား Workout တစ်ခုခု လုပ်နိုင်ပါတယ်။ သီးသန့် အားကစားခန်းမထဲ သွားပြီး အားကစားမလုပ်နိုင်တဲ့ အမျိုးသား တွေအတွက် လမ်းလျှောက်တာ ၊ လှေကား တက်တာ ၊ ရွရွပြေး Jogging လုပ်တာ ၊ ကခုန်တာ ၊ စက်ဘီးစီးတာ ၊ ယောဂ ဒါမှမဟုတ် ထိုက်ကျိကစားတာ ၊ ဥယျာဉ်စိုက်တာ ၊ ရေကူး ၊ ကြက်တောင်ရိုက် ၊ ခွေးကလေးနဲ့ အတူ လမ်းလျှောက်တာမျိုးတွေ လုပ်ဖို့လည်း တိုက်တွန်းကြပါတယ်။

(၂) အနုပညာ နဲ့ ဖန်တီးခြင်း

Art

Photo : theadultman

လက်မှုပညာရပ်လေးတွေ နဲ့ အနုပညာဆိုင်ရာ ဖန်တီးချက်တွေ လုပ်ခြင်းဟာ စိတ်ဖိစီးမှုကို လျော့ပါး စေနိုင်တယ်လို့ ဆိုပါတယ်။ သမရိုးကျ ငြီးငွေ့စရာ အခြေအနေကနေ အနုပညာဟာ လူကို လွတ်မြောက်အောင် စွမ်းဆောင်နိုင်ပါတယ်။ ပန်းချီဆွဲတာပဲ ဖြစ်ဖြစ် ဂစ်တာတီးတာပဲ ဖြစ်ဖြစ် ပရိဘောဂပုံစံသစ်လေးတွေ ဒီဇိုင်းဆွဲ တည်‌ဆောက်ရတာ ဖြစ်ဖြစ် လူရဲ့ ဖန်တီးမှု နဲ့ ဉာဏ်ကွန့်မြူးမှုကို လှုံ့ဆော်တဲ့ အလုပ်တွေဟာ စိတ်ကို စုစည်းမှု ပေးနိုင်သလို တချိန်တည်းမှာ ငြိမ်သက်ငြိမ်းအေးမှုပါ ဖြစ်စေနိုင်ပါတယ်။

(၃) တရားထိုင်ခြင်း

Meditation

Photo : theadultman

စိတ်ရဲ့ ငြိမ်းချမ်းမှုအတွက် ရှေးရာစုနှစ်ပေါင်းများစွာကတည်းက လူတွေ လေ့လာကျင့်သုံးခဲ့ပြီး အခုတိုင် တိုးတက်ဖွံ့ဖြိုးလာတဲ့ စိတ်လေ့ကျင့် ခန်းထဲမှာ သတိနဲ့ ယှဉ်တဲ့ စိတ်ကို ပျိုးထောင်တဲ့ တရားရှုမှတ်ခြင်းလည်း တစ်ခုအပါအဝင် ပါပဲ။ တိတ်ဆိတ်တဲ့ နေရာမှာ တစ်ယောက်တည်း စိတ်အေးလက်အေး ထိုင်ပြီး ဝင်လေ ထွက်လေ လှုပ်ရှားမှုကို အစဉ်မပြတ်သိအောင် အားထုတ်ကြည့်ခြင်းဟာ ရိုးရှင်းသလောက် အလွန်ပဲ တန်ဖိုးကြီးတဲ့ စိတ်တည်ငြိမ်ရေး အလေ့အကျင့်ပဲ ဖြစ်ပါတယ်။

တစ်ရက်ကို ၁၅ မိနစ် နာရီဝက်လောက် ပုံမှန် အလေ့အကျင့် ထားပြီး လုပ်ဆောင်သွားမယ်ဆိုရင် စိတ်ဖိစီးမှု သိသိသာသာ လျော့ကျလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ပုံမှန် တရားထိုင်ခြင်းအားဖြင့် ညဘက် အိပ်မပျော်နိုင်သူတွေ အလွယ်တကူ အိပ်ပျော်နိုင်သလို တစ်နေ့တာလုံး ကြုံရမယ့် သောကတွေလည်း ပါးသထက် ပါးလာနိုင်ပါတယ်။ တရားထိုင်ခြင်းကနေ ရနိုင်တဲ့ အကျိုးကျေးဇူးတွေက အများကြီးပါပဲ။

တရားထိုင်ခြင်းအားဖြင့် စိတ်ခံစားမှု Mood ပိုကောင်းလာနိုင်သလို နာကျင်ကိုက်ခဲမှု ၊ သောက နဲ့ စိတ်ဓါတ်ကျဆင်းမှု သက်သာလျော့ပါး စေနိုင်ပါတယ်။ စိတ်ခံစားချက် ဟန်ချက်မျှလာပြီး အာရုံစူးစိုက်နိုင်စွမ်း နဲ့ မှတ်သားဉာဏ်လည်း တိုးတက်လာနိုင်ပါတယ်။ ဖန်တီးမှုစွမ်းရည်လည်း တိုးတက်လာပြီး နေ့စဉ်ဘဝပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းရာမှာ ပိုပြီး ထိရောက်ထက်မြက်တဲ့စိတ်နဲ့ ကိုင်တွယ်လာနိုင်မှာ ဖြစ်ပါတယ်။

(၄) ဗွီဒီယိုဂိမ်း ကစားခြင်း

Video Games

Photo : theadultman

တချို့လူတွေအတွက် စိတ်ဖိစီးမှုဖြစ်လာရင် စာဖတ်တာက အဖြေကောင်းတစ်ခု ဖြစ်သလို တချို့တွေ အတွက်လည်း Video Game ကစားတာက စိတ်ဖိစီးမှု ကို လျှော့ချနိုင်တဲ့ နည်းလမ်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ လန်ဒန်တက္ကသိုလ်တစ်ခုရဲ့ အမျိုးသား တွေအတွက် စိတ်ဖိစီးမှု သက်သာရေးမှာ Video Game တွေရဲ့ သက်ရောက်မှုကို လေ့လာရာမှာ Video Game အတော်အသင့် ကစားသူဟာ စိတ်ဖိစီးမှု လျော့ကျတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဂိမ်းအလွန်အကျွံ ကစားတာကတော့ စိတ်ဖိစီးမှုအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်နိုင်တာကိုတော့ သတိပြုရမှာ ဖြစ်ပါတယ်။

Featured Photo : verywellmind