ဟော်မုန်းမညီမျှမှု ပြဿနာဟာ အမျိုးသမီးတွေနည်းတူ အမျိုးသားတွေမှာလည်း ဖြစ်တက်ပါတယ်။ အဓိကအားဖြင့် တက်စတိုစတီရုန်း (Testosterone) ကျားဟော်မုန်း မညီမျှခြင်းကို ဆိုလိုပါတယ်။ ဒီအခြေအနေဟာ သက်ကြီးပိုင်းတင်မကပဲ အသက်ငယ်ရွယ်တဲ့ အမျိုးသားတွေမှာပင် ဖြစ်နိုင်ခြေရှိပြီး ဟော်မုန်း မညီမျှမှု ဖြစ်ပြီဆိုရင် တက်စတိုစတီရုန်း (Testosterone) ပမာဏ လျော့ကျတာ ၊ အမျိုးသား မျိုးပွားမှုနှုန်း ကျဆင်းတာ ၊ လိင်စိတ် လျော့နည်းတာနဲ့ အားအင်ကုန်ခမ်းတာ စတဲ့ လက္ခဏာတွေ ကြုံတွေ့ရနိုင်ပါတယ်။ ကွီးတို့အနေနဲ့ ဟော်မုန်း မညီမျှမှု ပြဿနာ ဖြစ်နေလားဆိုတာ သိချင်ရင်တော့ အောက်ဖော်ပြပါ လက္ခဏာတွေ ဖြစ်မဖြစ် ဆန်းစစ်ကြည့်လိုက်ပါ။
(၁) လိင်စိတ်ကျဆင်းခြင်း
Photo : HealthPlus Pharmacy
တက်စတိုစတီရုန်း (Testosterone) နဲ့ Libido ဟာ အဓိက ဆက်စပ်နေပါတယ်။ တက်စတိုစတီရုန်း (Testosterone) ပမဏ ကျဆင်းနေပြီဆိုရင် လိင်မှုကိစ္စအပေါ် စိတ်ပါဝင်စားမှုလည်း လျော့ကျသွားနိုင်ပါတယ်။ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေ လုပ်ဆောင်ဖို့ စိတ်မပါတာ ၊ လိင်တံ ထောင်မတ်ဖို့ ခက်ခဲတာ စတဲ့ အချက်တွေဟာ ဟော်မုန်း မညီမျှမှု ဖြစ်ပေါ်နေတယ်ဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာတစ်ခုပါပဲ။
(၂) ပင်ပန်းနွမ်းနယ်မှု ခံစားရခြင်း
Photo : Harvard Health
တက်စတိုစတီရုန်း (Testosterone) ကျားဟော်မုန်းဟာ အမျိုးသားတွေရဲ့ တစ်နေ့တာအတွက် လိုအပ်တဲ့ သက်လုံစွမ်းအားနဲ့ စွမ်းအင်ပမာဏကို ထောက်ပံ့ပေးပါတယ်။ တက်စတိုစတီရုန်း (Testosterone) ကျပြီဆိုတာနဲ့ အလွယ်တကူ ပင်ပန်းနွမ်းနယ်ခြင်း ၊ အားအင်ကုန်ခမ်းခြင်းတွေကို ခံစားရနိုင်ပါတယ်။ အိပ်ချိန် လုံလောက်စွာ အိပ်ပါလျက် အားမရှိသလို ခံစားနေရတယ် ၊ နည်းနည်းလေး လှုပ်ရှားလိုက်တာနဲ့ အလွန်အမင်း မောပန်းနွမ်းနယ်နေတယ်ဆိုရင် ဒါတွေဟာ ကျားဟော်မုန်းကျဆင်း နေတယ်ဆိုတာကို ပြသနေတာပါ။
(၃) ခန္ဓာကိုယ် အဆီပိုတွေ ထွက်ခြင်း
Photo : The Healthy Man
ကျားဟော်မုန်းဟာ ခန္ဓာကိုယ် အဆီပိုတွေကို ထိန်းညှိရာမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဘယ်လောက်ပဲ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှု ပုံစံရှိပါစေ ၊ နေ့စဉ် လေ့ကျင့်ခန်း ပုံမှန်လုပ်နေပါစေ အထူးသဖြင့် ဝမ်းဗိုက်တစ်ဝိုက်မှာ အဆီပိုတွေ တိုးလာတယ်ဆိုရင်တော့ ဒါဟာ တက်စတိုစတီရုန်း (Testosterone) ပမာဏ မညီမျှမှု ကို ဖော်ပြနေတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။
(၄) ကြွက်သားထုကျဆင်းခြင်း
Photo : Saebo
အမျိုးသားတွေရဲ့ ခန္ဓာကိုယ် ကြွက်သား ဖွံ့ဖြိုးကြီးထွားမှုနဲ့ ကြွက်သားထု ထိန်းသိမ်းရာမှာ တက်စတိုစတီရုန်း (Testosterone) ဟာ မဖြစ်မနေ လိုအပ်တဲ့ ဟော်မုန်းတစ်မျိုးပါ။ တက်စတိုစတီရုန်း (Testosterone) ပမဏ မညီမျှတာ သို့မဟုတ် တက်စတိုစတီရုန်း (Testosterone) ကျဆင်းတာတွေ ဖြစ်နေပြီဆိုရင် ရုတ်ချည်းဆိုသလို ကြွက်သားထု ကျဆင်းတာ ၊ ကြွက်သား အားနည်းတာတွေ ဖြစ်နိုင်ပါတယ်။
Source : TheHealthSite
Featured Photo : Wave Men’s Health