အမျိုးသားတွေအနေနဲ့ အသက် ၄၀ ကျော်လွန်လာပြီဆိုတာနဲ့ စိတ်နဲ့ခန္ဓာကျန်းမာရေးကို အရင်ကထက် အစစအရာရာ ပိုပြီးသတိထားဖို့ လိုပါပြီ။ အသက် ၄၀ ဆိုတာ သက်ကြီးပိုင်းကို စတင်ချည်းနင်းဝင်ရောက်လာတဲ့ အရွယ်လို့ ပြောလို့ရပါတယ်။ ဒီအရွယ်မှာ ကျန်းမာမှုရှိတဲ့ လူမှုဘဝပုံစံတစ်ခုကို ပြုစုပျိုးထောင်ပြီး ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးဆိုင်ရာ အချက်ပြလက္ခဏာတွေကို အမြဲတစေစောင့်ကြည့်နေဖို့ လိုပါတယ်။ ဒါမှလည်း ကွီးတို့ရဲ့ ရှေ့ဆက်ရမယ့် နောက်ထပ် နောက်ထပ် နှစ်တွေမှာ ကျန်းကျန်းမာမာနဲ့ ပျော်ရွှင်သက်ရှည်စွာ နေထိုင်သွားနိုင်မှာပါ။ ဒီတစ်ခေါက်တော့ အမျိုးသားတွေ အသက် ၄၀ အရွယ်နောက်ပိုင်းမှာ ကျန်းမာကြံ့ခိုင် နေဖို့ လိုက်နာရမယ့် လူနေမှုဘဝပုံစံတွေ အကြောင်း ပြောပြပေးချင်ပါတယ်။

(၁) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီစားပါ

Photo : Pinterest

ပြည့်ဝဆီတွေက ကွီးတို့ရဲ့ သွေးကြောနဲ့ နှလုံးကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ သိပြီးသားဖြစ်မှာပါ။ အလားတူ အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ်စွမ်းရည်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အနီရောင်အသား၊ ထောပတ်နဲ့ တခြားပြည့်ဝဆီပါတဲ့ အစားအစာတွေကို လျှော့စားဖို့ လိုပါတယ်။ အဲ့ဒီအစား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေကိုတော့ စားသုံးပေးရမှာ ဖြစ်ပါတယ်။ ငါးကရတဲ့ အဆီ ၊ အခွံမာသီးတွေလို အစေ့အဆံတွေကရတဲ့ အဆီတွေက ကျန်းမာရေးနဲ့ ညီညွတ်ပြီး နှလုံးနဲ့ ဦးနှောက်ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ထောက်ပံ့ပေးနိုင်ပါတယ်။

(၂) အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးပါ

Photo : LinkedIn

ကလေးတွေဆိုတာ အိမ်တစ်အိမ်ရဲ့ဆည်းလည်လေးတွေလို့ ပြောကြပါတယ်။ အကယ်၍ ကွီးတို့က တကိုယ်ရည်တကာရ သမားတစ်ယောက်ဆိုရင်တော့ အိမ်မှာ ချစ်စရာကောင်းတဲ့ ခွေးလေး ၊ ကြောင်လေးတွေကို မွေးထားသင့်ပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေက ကလေးတွေလိုပဲ အိမ်ရဲ့ ခြောက်ကပ်တိတ်ဆိတ်နေတဲ့ အခြေအနေကို ဆန့်ကျင့်ဘက်အနေအထားဖြစ်အောင် ပြောင်းလဲပေးနိုင်စွမ်း ရှိကြပါတယ်။ အထီးကျန် မှုကင်းဝေးပြီး စိတ်ပိုင်းဆိုင်ရာခံစားချက်တွေ ကောင်းမွန်ချင်တယ်ဆိုရင်တော့ ချစ်စရာကောင်းတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးဖို့ အကြံပြုချင်ပါတယ်။

(၃) လိင်မှုဘဝကို ပြန်လည်ရှာဖွေပါ

Photo : Harvard Health

လူအများစုက အသက်ကြီးလာတာနဲ့အမျှ လိင်မှုဘဝအပေါ် လျစ်လျူရှု့လာ မိတက်ကြပါတယ်။ အလုပ်တွေ ၊ မိသားစုတာဝန်တွေနဲ့ လုံးလည်ချာလည်လိုက်ပြီး သာယာတဲ့ လိင်မှုဘဝခံစားချက်တွေ တဖြည်းဖြည်း ပျောက်ဆုံးလာပါတယ်။ တကယ်တော့ လိင်မှုရေးရာ ကိစ္စတွေဟာ သက်ရှိလူသားတိုင်း မလွန်ဆန်နိုင်တဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။ သက်ကြီးပိုင်းကို ဝင်လာပေမယ့် ကိုယ့်ရဲ့ အိမ်သူသက်ထားနဲ့ ငယ်တုန်းကလို လိင်မှုဘဝခံစားချက်မျိုး ပြန်လည်တူးဆွ သင့်ပါတယ်။ ဒါဟာ သက်ကြီးပိုင်းမှာ ဖြစ်တက်တဲ့ အိပ်ပျော်ရခက်တဲ့ ပြဿနာတွေ ၊ မှတ်ဉာဏ်လျော့ကျတဲ့ ပြဿနာတွေကို နည်းပါးစေပြီး စိတ်ရောကိုယ်ပါ ကျန်းမာရွှင်လန်းစေနိုင်ပါတယ်။

(၄) ကိုယ့်ကိုယ်ကို ခြေရာခံပါ

Photo : Harvard Health

ကျန်းမာကြံ့ခိုင် တဲ့ လူမှုဘဝတစ်ခု ပိုင်ဆိုင်ချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကို အမြဲခြေရာခံနေဖို့ လိုပါတယ်။ တစ်နေ့တာမှာ အိပ်ချိန်လုံလောက်မှုရှိရဲ့လား ၊ ခြေလှမ်းပေါင်း ဘယ်လောက် လမ်းလျောက်ပြီးပြီလဲ ၊ ဆားနဲ့ သကြားဓာတ် လျော့စားရဲ့လား ၊ ကဖိန်းသောက်သုံးမှု များနေပြီလား ၊ ကျန်းမာတဲ့ အာဟာရဓာတ်တွေ ပြည့်စုံမျှတအောင် စားဖြစ်ရဲ့လား ၊ ရေလုံလုံလောက်လောက် သောက်ရဲ့လား စသည်ဖြင့် ကိုယ့်ကိုယ့်ကို အမြဲဆန်းစစ်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ လူနေမှု ဘဝတစ်ခုကို ပုံဖော်သွားရမှာ ဖြစ်ပါတယ်။ ဒါဆို ကွီးတို့ သက်ကြီးပိုင်းရောက်ချိန်မှာ မကျန်းမာခြင်းတွေ ကင်းဝေးပြီး သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်မှာ သေချာပါတယ်။

(၅) လူတွေနဲ့ များများ ထိတွေ့ဆက်ဆံပါ

Photo : Search Parker Magazine

လူမှုဆက်ဆံရေးဟာ စဉ်းစားတွေးခေါ်နိုင်စွမ်းတိုးစေပြီး အသက်ကြီးလာတာနဲ့အမျှ ကြုံရနိုင်တဲ့ မှတ်ဉာဏ်လျှော့ကျတဲ့ ပြဿနာကို ကာကွယ်နိုင်စွမ်းရှိပါတယ်။ လေ့လာမှုတွေအရ လူအများစုဟာ သက်ကြီးပိုင်းကို ရောက်လာတာနဲ့ လူမှုဆက်ဆံရေးမှာ အားနည်းသွားကြပြီး အထီးကျန်ဆန်စွာပဲ တစ်ကိုယ်ရည် ဖြတ်သန်းနေထိုင်သွားကြပါတယ်။ တကယ်တော့ ဒါဟာ မှားယွင်းတဲ့ အလေ့အထတစ်ခုပါပဲ။ အသက် ၄၀ နောက်ပိုင်းမှာ လူတွေနဲ့ များများထိတွေ့ ဆက်ဆံပြောဆိုတာဟာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို အထောက်အပံ့ဖြစ်စေပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေနည်းခြင်း ၊ အသက်ရှည်ကျန်းမာခြင်းတွေနဲ့ ဆက်စပ်နေတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ ဒါကြောင့် အသက် ၄၀ ကျော်လွန်လာချိန်မှာ မိသားစု ၊ မိတ်ဆွေ အပေါင်းအသင်းတွေကို ပိုပြီး အချိန်ပေးပါ။ အားကစား ကလပ်တွေမှာ Join ပါ။ လုပ်အားပေး လုပ်ငန်းတွေ ဝင်ရောက်လုပ်ကိုင်ပါ။ လူတွေနဲ့ ထိတွေ့ဆက်ဆံရမယ့် လှုပ်ရှားမှုတွေ ၊ သင်တန်းတွေ တက်ရောက်တာမျိုး များများလုပ်သင့်ပါတယ်။

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပြီး ကျန်းမာရေးနဲ့ အညီ စားသောက်နေထိုင်မယ် ၊ စိတ်ဖိစီးမှု လျော့ချမယ် ၊ အိပ်ချိန်ပြည့်ပြည့်ဝဝ အိပ်စက်အနားယူမယ် ၊ အသက်ကြီးခြင်းရဲ့ ကောင်းမွန်တဲ့ ဆုလာဘ်တွေကို ခံစားရင်း ဘဝကို ကျေနပ်စွာနေထိုင်ဖြတ်သန်းမယ်ဆိုရင် အသက် ၄၀ နောက်ပိုင်း အသက်ကြီးချိန်မှာ ကျန်းမာကြံ့ခိုင် ပြီး ပျော်ရွှင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

Featured Photo : US News Health