အစားအသောက် တွေက လူရဲ့ စိတ်ပိုင်း ရုပ်ပိုင်း နှစ်ခုလုံး ကျန်းမာရွှင်လန်းဖို့ အဓိက အထောက်အကူပြုပါတယ်။ လူ့ခန္ဓာကိုယ် ယန္တရားစနစ်ကြီး မှန်မှန်ကန်ကန် လည်ပတ်လှုပ်ရှားနိုင်ဖို့ ကျွန်တော်တို့ဟာ အစားအသောက်ပေါ် အားပြုမှီဝဲရတာ ဖြစ်ပါတယ်။မှန်ကန်တဲ့ အစားအသောက်ဟာ လူအတွက် အားအင်တွေ ဖြစ်စေသလို ဆေးဝါးလိုလည်း အကျိုးများပါတယ်။ ဒါကြောင့်ပဲ “အစာလည်း ဆေး ၊ ဆေးလည်း အစာ”ဆိုတဲ့ စကားပုံ ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ တကယ်လည်း အစားအသောက်ကို မှန်မှန်ကန်ကန် အချိုးမျှမျှ စားတတ်ရင် ကျန်းမာရွှင်လန်းပြီး ရောဂါနည်းပါးစေနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အမျိုးသား တွေရဲ့ အသက်အရွယ် ၊ ကျန်းမာရေးနဲ့ လိုအပ်ချက် စတဲ့ အခြေအနေအလိုက် စားပေးသင့်တဲ့ Diet တွေအကြောင်းကို မျှဝေတင်ဆက်ပေးချင်ပါတယ်။

(၁) ဝိတ်ကျဖို့အတွက် Diet

Diet for Weight

Photo : Unsplash

အမျိုးသား တွေအဖို့ အရွယ်ကလေး ရလာရင် အရင်ဆုံး သိသိသာသာ ပြောင်းလဲသွားတာက ဗိုက်ပဲ ဖြစ်ပါတယ်။ ဗိုက်အဆီခေါက်တက်လာပြီး လူက ခပ်ဖိုင့်ဖိုင့် လေးလေးလံလံကြီး ဖြစ်လာတာကို အသက် ၃၀ ကျော်လာရင် စတင် ခံစားလာရတတ်ပါတယ်။ အရွယ်တစ်ခုကနေ နောက်တစ်ခုဆီ ကူးပြောင်းတော့မယ်ဆိုရင် အသိသာဆုံးက ကိုယ်အလေးချိန် ပြောင်းလဲတာပါပဲ။

လူလတ်ပိုင်း အရွယ်ထဲ ဝင်လာသူ အမျိုးသား တိုင်းလိုလို ဝိတ်တက်လေ့ရှိပါတယ်။ ဒါကလည်း အရွယ်တစ်ခုတည်းကြောင့် ဖြစ်ရတဲ့ ပြဿနာမျိုး မဟုတ်ပါဘူး။ အထိုင်များပြီး အစားအသောက်ပုံစံ မမှန်တာ ၊ အရက်ဘီယာ စတာတွေကြောင့်လည်း ကိုယ်အလေးချိန် အပြောင်းအလဲ ဖြစ်လာနိုင်တာပါပဲ။ ဒီအရွယ်မှာ အစားအသောက်နဲ့ ကိုယ်အလေးချိန် ထိန်းညှိမှု မလုပ်ရင် ပုံပျက်ပန်းပျက် ဝလာတာအထိ ဖြစ်တတ်ပါတယ်။

Weight Loss အတွက်ဆို အကောင်းဆုံး Diet က Weight Watchers လို့ ခေါ်တဲ့ ဝိတ်ချပရိုဂရမ်အတိုင်း စားတာပါ။ WW လို့ အတိုကောက်ခေါ်ကြတဲ့ ဒီပရိုဂရမ်က တစ်ပတ်ကို ‌၁ ပေါင်ကနေ ၂ ပေါင်အထိ ကျနိုင်အောင် စီစဉ်ထားတာပါ။ WW ပရိုဂရမ်အရ အစားအသောက်ကိုလည်း ကျန်းမာရေးနဲ့ ညီညွတ်အောင် စီစဉ်ထားသလို ပုံမှန် ကိုယ်လက်လှုပ်ရှားမှုလေးတွေလည်း လုပ်ပေးဖို့ တိုက်တွန်းထားပါတယ်။

ဒီပရိုဂရမ်ကတော့ အမျိုးသား တွေအနေနဲ့ ကိုယ့်ရဲ့ အရည်အမြင့် ၊ ကိုယ်အလေးချိန် ၊ အသက်အရွယ်နဲ့ ချချင်တဲ့ ဝိတ်အတိုင်းအတာတွေပေါ် လိုက်ပြီး သီးသန့် Diet စားရတာပါ။ အစားအသောက်တွေမှာ ပါဝင်တဲ့ ကယ်လိုရီ ၊ သကြား ၊ ပြည့်ဝအဆီ နဲ့ ပရိုတိန်း ပါဝင်မှု ပမာဏကို အခြေခံပြီး SmartPoints တန်ဖိုးသတ်မှတ်ထားပြီး တချို့ဆို ZeroPoint အထိ ရှိတဲ့ အစားအစာတွေလည်း ပါပါတယ်။

အကြမ်းဖျဉ်းအားဖြင့် WW ပရိုဂရမ်မှာ စားပေးသင့်တဲ့ အစားအသောက်တွေထဲမှာ ပန်းသီး ၊ ငှက်ပျော ၊ ဘယ်ရီ ၊ စပျစ် ၊ သခွား ၊ လိမ္မော် ၊ သစ်တော်စတဲ့ သစ်သီးများ ၊ ပန်းပွင့်စိမ်း ၊ ဂေါ်ဖီထုပ် ၊ ပန်းဂေါ်ဖီ ၊ မုန်လာဥ ၊ ကြက်သွန် ၊ ငရုတ်ပွ ၊ မှို စတဲ့ ဟင်းသီးဟင်းရွက်များ ၊ တိုဖူး ၊ နွားနို့ ၊ ငါး ၊ ဂုံးကမာ ၊ ကြက်ဥစတဲ့ ပရိုတိန်းပါဝင်တဲ့ အစားအစာများ ၊ နို့ထွက်ပစ္စည်း နဲ့ ပဲအမျိုးမျိုး ၊ ရေ ၊ အချိုမပါ လက်ဖက်ရည်နဲ့ Black Coffee တို့ ပါဝင်ပါတယ်။

(၂) ကြွက်သား ဖွံ့ဖြိုးဖို့ Diet

Diet for muscle

Photo : Unsplash

Muscle တက်ချင်တဲ့ အမျိုးသား တွေအနေနဲ့  Paleo Diet လို့ ခေါ်တဲ့ အဆီမပါ အသား ၊ ငါး ၊ အသီးအရွက် ၊ အသီးအနှံ ၊ အခွံမာသီးနဲ့ အစေ့အဆံတို့ကို အဓိက စားပေးတာမျိုး လုပ်သင့်ပါတယ်။ Paleo Diet ဆိုတာ မုဆိုးဟင်းလို့ ပြောနိုင်မယ် ထင်ပါတယ်။ ရှေး နှစ် ၁ သောင်းလောက်က လယ်ယာစိုက်ပျိုးရေးတွေ စတင်လာချိန်မှာ ပေါ်ပေါက်လာတဲ့ အစားအသောက်မျိုးကို ရှောင်ပြီး ပရိုတိန်း မြင့်မားတဲ့ အစားအသောက်တွေကို အားပြုစားတာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီ Diet မှာ ကောက်ပဲ သီးနှံ ၊ အာလူး ၊ ဆား ၊ ပဲသီး ၊ နို့ထွက်ပစ္စည်းနဲ့ သကြားပါတဲ့ အစားအသောက်တွေ ရှောင်ခိုင်းထားပါတယ်။ ဒီ Diet အရဆို မနက်ပိုင်းမှာ မက်ကာရဲလ် ၊ တူနာ နဲ့ ဆယ်လ်မွန်ငါးလို အိုမီဂါ သရီး ဖက်တီးအက်ဆစ်ပါတဲ့ ငါးနဲ့ သခွားမွှေးကို မနက်စာ စားတာ ၊ နေ့လည်ပိုင်း အဆီနည်းတဲ့ ဝက်သား နဲ့ အသီးအရွက် / အစေ့အဆံ သုပ် စားတာ ၊ ညစာအမဲသားကင်း ၊ ပန်းပွင့်စိမ်း မီးကင်နဲ့ ထောပတ်/ ခရမ်းချဉ်/အယ်လ်မွန်စတဲ့ အသီးအရွက် အစေ့အဆံတွေ သုပ်ထားတဲ့ အသုပ်မျိုး စားပေးသင့်ပါတယ်။

(၃) နှလုံးကျန်းမာရေး Diet

Breakfast

Photo : Unsplash

နှလုံးကျန်းမာရေးအတွက်တော့ Dietary Approaches to Stop Hypertension (DASH) ဆိုတဲ့ Diet စားပေးသင့်ပါတယ်။ ဒီ Diet က သွေးဖိအားတက်တာ လျှော့ချပေးပြီး နှလုံးကျန်းမာရေး မြှင့်တင်ပေးဖို့ စီစဉ်ထားတာပါ။ ဆားလိုမျိုး ဆိုဒီယမ်ဓါတ် လျှော့ခိုင်းထားပြီး အသီးအနှံ ၊ ဟင်းသီးဟင်းရွက် ၊ ကောက်ပဲသီးနှံနဲ့ အဆီနည်းတဲ့ နို့ထွက်ပစ္စည်းတွေ စားခိုင်းထားပါတယ်။

(၄) ဆီးချိုသွေးချို Diet

Diet for Diabetes

Photo : Unsplash

ဆီးချိုသွေးချို မဝင်အောင် Low Carb Diet စားပေးဖို့ လိုပါတယ်။ Low Carb Diet က သကြားမော်လီကျူးတွေ ပါတဲ့ ကာဗွန်ဟိုက်ဒရိတ်ဓါတ်တွေ လျှော့စားခိုင်းတာပါ။ ကာဗွန်ဟိုက်ဒရိတ်မြင့်တဲ့ ပါစတာ ၊ ပေါင်မုန့် နဲ့ သကြားများတဲ့ မုန့်တွေ ရှောင်ကြဉ်ရပြီး အဆီနည်းတဲ့ ပရိုတိန်းနဲ့ အမျှင်ဓါတ် မြင့်တဲ့ အသီးအရွက်တွေ စားပေးသင့်ပါတယ်။

(၅) အမျိုးသားတိုင်းအတွက် Diet

Diet for man

Photo : Unsplash

အမျိုးသား တိုင်း အသက်အရွယ်မရွေး အခြေအနေမရွေး စားပေးသင့်တဲ့ Diet တစ်ခုက Mediterranean Diet ဖြစ်ပါတယ်။ ဒီ Diet ကနာမည်အတိုင် မြေထဲပင်လယ်တလျှောက် တိုင်းပြည်တွေ ဖြစ်တဲ့ ဂရိ ၊ စပိန် ၊ အီတလီ နဲ့ ပြင်သစ်တွေမှာ နေတဲ့လူတွေရဲ့ ရိုးရာစားသောက်မှုကို အခြေခံပါတယ်။ အာဟာရပြည့်ဝတဲ့ အသီးအနှံ ၊ ဟင်းသီးဟင်းရွက် ၊ အစေ့အဆံ ၊ ကောက်ပဲ သီးနှံနဲ့ကျန်းမာရေးနဲ့ညီတဲ့ အဆီတွေကို အားပြုစားရမှာ ဖြစ်ပြီး ဆိုဒါ ၊ အချိုနဲ့ လွန်လွန်ကဲကဲ ပြုပြင် စီမံထားတဲ့ ဂျုံ နဲ့ အသားငါးတွေ ရှောင်ရပါတယ်။

Mediterranean Diet စားပေးတာက ရောင်ရမ်းမှုနဲ့ နာတာရှည်ဝေဒနာကြီးတွေ အဖြစ်နည်းစေပါတယ်။

Featured Photo : Readers’ Digest