ရာသီကုန်ဆုံးဖို့ နီးကပ်လာတဲ့အထိ လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေး ဇယားရဲ့ အဆင့် ၁၄ နေရာမှာပဲ ရှိနေသေးတဲ့ သရဲနီတို့အတွက် လက်ကျန်ပွဲစဉ်တွေမှာ ရလဒ်ကောင်းရဖို့ဟာ အင်မတန်ကို အရေးကြီးနေတဲ့ အချိန်လို့ ပြောရပါမယ်။ နည်းပြ အာမိုရင်လက်ထက်မှာ ဆိုးရွားတဲ့ မှတ်တမ်းတွေနဲ့ အဖက်ဖက်က ယို့ယွင်းနေဆဲဖြစ်တဲ့ မန်ယူအသင်းဟာ လာမယ့် တနင်္ဂနွေညမှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် (၂၈) အဖြစ် ခါးသီးပြိုင်ဘက် ဆင်ပျံကြီး တို့နဲ့ ထိပ်တိုက်ရင်ဆိုင် သွားရဦးမှာပါ။
Photo : Rolling Stone
မန်ယူနဲ့ အာဆင်နယ်တို့ ၂ သင်းဟာ သမိုင်းတစ်လျှောက် အစဉ်အလာ ကြီးမားခဲ့တဲ့ ပြိုင်ဘက်အသင်းကြီးတွေ ဖြစ်ပေမယ့် လက်ရှိ အနေအထားအရတော့ ကစားသမား အစုအဖွဲ့ရော အသင်းရဲ့ ခြေစွမ်းပိုင်းပါ သာလွန်နေတဲ့ ဆင်ပျံကြီးကို သရဲနီတို့ ယှဉ်ပြိုင်နိုင်ဖို့ဆိုတာ သိပ်တော့ မလွယ်ပါဘူး။ စိတ်ဝင်စားဖို့ကောင်းတဲ့အချက်က ဒီပွဲဟာ ဆင်ပျံကြီး တို့အတွက် ကျိန်စာမှတ်တမ်းတွေ ရှိနေတဲ့ သရဲနီအိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ သွားရောက်ကစားသွားရမှာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ခေတ်အဆက်ဆက် အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ နိုင်ပွဲ ၅ ပွဲသာ ရခဲ့ဖူးပြီး ၁၈ ပွဲအထိ ရှုံးပွဲတွေ့ခဲ့ရတဲ့ မှတ်တမ်းတွေ ရှိထားပါတယ်။ လက်ရှိ အချိန်မှာလည်း အဓိက တိုက်စစ်ကစားသမား တော်တော်များများ ဒဏ်ရာပြဿနာ ကြုံနေရတဲ့ ဆင်ပျံကြီးတို့ရဲ့ သွင်းဂိုးတွေကို အိုးလ်ထရက်ဖို့ဒ်မှာ မြင်ရဖို့ဆိုတာ အရမ်းကြီး မျှော်လင့်ထားလို့ မရတဲ့ အခြေအနေပါ။
Photo : Premier League
တစ်ဖက်က အိမ်ကွင်း ရလဒ်ကောင်းတွေ ရှိခဲ့တဲ့ သရဲနီတို့ကို ပြန်ကြည့်မယ်ဆိုရင် ဒီရာသီမှာတော့ နည်းပြ အာမိုရင်လက်ထက် အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ လက်ခံကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၄ ပွဲမှာ ၇ ပွဲအထိ ရှုံးနိမ့်ထားတဲ့ အဆိုးရွားဆုံး မှတ်တမ်းကို ရထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အာမိုရင်အနေနဲ့ ဆင်ပျံကြီးနဲ့ ရင်ဆိုင်ရမယ့် လာမယ့်ပွဲမှာ ရလဒ်မကောင်းရင်တောင် သမိုင်းဝင်မယ့် နောက်ထပ် မှတ်တမ်းဆိုးတစ်ခု မရဖို့ကို သေချာလေး ပြင်ဆင်ဖို့ လိုနေပါတယ်။
သရဲနီနဲ့ ဆင်ပျံကြီးတို့ နောက်ဆုံးထိပ်တိုက် တွေ့ဆုံခဲ့တဲ့ ၃ ပွဲမှာ ဆင်ပျံကြီး တို့က ၂ ပွဲနိုင် ၁ ပွဲသရေ ရလဒ်ကို ပိုင်ဆိုင်ထားပြီး လက်ရှိ အိုးလ်ထရက်ဖို့ဒ်ကွင်း ပွဲစဉ်မှာလည်း မှတ်တမ်းကောင်းကို ဆက်ထိန်းထားနိုင်မလား ဆိုတာတော့ ရင်ခုန်စွာနဲ့ စောင့်ကြည့်ရပါမယ်။
Featured Photo : Bet Central – Bet.co.za