လူသားများအတွက် မျက်လုံးတစ်စုံရဲ့ တန်ဖိုးသည် အင်မတန်မှ အရေးကြီးပါတယ်။ နေ့စဥ်ဘဝမှာ အခြားသူများရဲ့ အကူအညီမပါဘဲ ကောင်းမွန်စွာ သွားလာနိုင်ဖို့အတွက် အမြင်အာရုံ ရရှိဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ မျက်စိ တစ်စုံကို မထီမဲ့မြင် မပြုဘဲ သေသေချာချာ ဂရုစိုက်သင့်ပါတယ်။ ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ အမြင် အာရုံ အားနည်းခြင်းမှ ကာကွယ် ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့်အချက်များကို လိုက်နာကျင့်သုံးနိုင်ပါတယ်။
အမြော်အမြင်ကြီးစွာ စားသောက်ပါ

မျက်စိကျန်းမာရေး ကောင်းမွန်ဖို့ရန်အတွက် ကွီးတို့ရဲ့ ပန်းကန်ထဲက အစားအစာတွေကို သေချာဂရုစိုက်သင့်ပါတယ်။ အိုမီဂါ သရီး ဖက်တိအက်ဆစ်၊ ဇင့်၊ ဗီတာမင်စီ၊ အီး၊ Lutein အစရှိတဲ့ အာဟာရဓာတ်များသည် အသက်အရွယ်ကြောင့် မျက်စိ ကြွက်သားများ အားနည်းလာခြင်း၊ မျက်စိတိမ်ဖုံးခြင်း အစရှိတဲ့ မျက်စိ ရောဂါများမှ ကာကွယ်ပေးပါတယ်။
မျက်စိအတွက် လိုအပ်တဲ့ အာဟာရဓာတ်များ ရရှိဖို့ရန်အတွက်
- ဟင်းနုနွယ်ရွက်၊ ကိုက်လန်၊ ကညွှတ် အစရှိတဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ
- ဆော်လမွန်ငါး၊ တူနာငါးနှင့် အခြားသော အဆီဓာတ် ကြွယ်ဝတဲ့ ငါးများ
- ဥအမျိုးမျိုး၊ အစေ့အဆံ အမျိုးမျိုး၊ ပဲအမျိုးမျိုးနှင့် အသားက ရရှိတဲ့ ပရိုတင်းဓာတ် မဟုတ်ဘဲ အပင်နှင့် သစ်သီးများမှ ရရှိတဲ့ ပရိုတင်းဓာတ်များ မှီဝဲခြင်း
- လိမ္မော်သီး၊ Citrus သစ်သီးများနှင့် သစ်သီးဖျော်ရည်များ
- ဝက်သားနှင့် ခုံး (ဂုံး)
အစရှိတဲ့ အစားအစာများကို စားသုံးနိုင်ပါတယ်။ ထိုအစားအစာများ စားသုံးခြင်းအားဖြင့် ခန္ဓာကိုယ် အလေးချိန်ကို မှန်ကန်အောင် ထိန်းညှိပေးတဲ့အပြင် အသက်အရွယ် ကြီးရင့်ခြင်းကြောင့် ခံစားရတဲ့ Type 2 ဆီးချို ဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ထို Type 2 ဆီးချိုကြောင့် မျက်စိကွယ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။
ဆေးလိပ် မသောက်ပါနှင့်

ဆေးလိပ်သောက်ခြင်းသည် မျက်စိတိမ်ဖုံးခြင်းကို တွန်းအားပေးနေပြီး မျက်စိ အာရုံကြောများကိုလည်း ပျက်စီးစေပါတယ်။ မျက်စိ ကြွက်သားများ အားနည်းခြင်းနှင့် အခြားသော မျက်စိ ရောဂါများကိုလည်း ခံစားရစေပါတယ်။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ ဆေးလိပ် သောက်ခြင်း အလေ့အကျင့်ကို အစကတည်းက မပြုလုပ်မိအောင် ကြိုးစားသင့်ပါတယ်။ ဆေးလိပ်ဖြတ်ရတာ ခက်တယ်ဆိုရင်တော့ ကျွမ်းကျင်ပညာရှင်များထံမှ ကုသမှုကို ရယူနိုင်ပါတယ်။
နေကာမျက်မှန် ဝတ်ပါ

အရည်အသွေးကောင်းတဲ့ နေကာမျက်မှန်တစ်လက်သည် ကွီးတို့ရဲ့ မျက်စိကို အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးနိုင်ပါတယ်။ ကွီးတို့ရဲ့ မျက်စိသည် ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့မှု များလာပါက မျက်စိ တိမ်ဖုံးခြင်းနှင့် မျက်လုံး ကြွက်သားများ လျော့ရဲလာခြင်း အစရှိသည်တို့ကို ခံစားရနိုင်ပါတယ်။
ဒါ့ကြောင့် နေကာမျက်မှန်တစ်လက် ရွေးချယ် ဝယ်ယူတော့မယ်ဆိုရင် UVA နှင့် UVB အလင်းတန်းများကို ၉၉ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်တဲ့ နေကာမျက်မှန်တစ်လက်ကို ရွေးချယ်ရပါမယ်။ အချို့သော မျက်ကပ်မှန်များက UV Protection ပါဝင်ပါတယ်။ ထိုကဲ့သို့သော မျက်ကပ်မှန်ကို တပ်ဆင်ထားရင်တောင်မှ မျက်စိကို နောက်ထပ်တစ်ကြိမ် ကာကွယ်ဖို့ရန်အတွက် နေကာမျက်မှန်ကတော့ တပ်သင့်ပါသေးတယ်။
မျက်လုံးအတွက် အကာအကွယ် ဝတ်ဆင်ပါ

တကယ်လို့ ကွီးတို့ အလုပ်လုပ်တဲ့ ပတ်ဝန်းကျင်၊ ကွီးတို့ရဲ့ နေအိမ် အနီးတစ်ဝိုက်မှာ မျက်စိအတွက် အန္တရာယ် ဖြစ်စေတဲ့ အရာများသည် လေထဲမှာ ပြည့်နှက်နေတဲ့အခါမှာ မျက်စိအတွက် အကာအကွယ်များကို ဝတ်ဆင်သင့်ပါတယ်။ ရေခဲပြင် ဟော်ကီ အားကစား ပြုလုပ်တဲ့အခါမှာလည်း မျက်စိကို မထိမခိုက်မိစေဖို့ရန်အတွက် မျက်စိအကာ ဝတ်ဆင်ရပါမယ်။
ကွန်ပျူတာ စခရင်မ်ကို အချိန်ပြည့် မကြည့်ပါနှင့်

ကွန်ပျူတာ စခရင်မ်နှင့် ဖုန်းစခရင်မ်တို့ကို အကြည့်များပါက မျက်ရိုးကိုက်ခြင်း၊ အမြင်အာရုံ ဝေဝါးခြင်း၊ အဝေးမှ အရာဝတ္ထုများကို အာရုံစူးစိုက်စွာ မမြင်ရတော့ခြင်း၊ မျက်ခမ်းခြောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ပင်း၊ ပုခုံးနှင့် ခါးနာခြင်း အစရှိသည်တို့ကို ခံစားရတတ်ပါတယ်။
အမြင် အာရုံ အားနည်းခြင်းမှ ကာကွယ်ဖို့ရန်အတွက်
- မျက်မှန် (သို့) မျက်ကပ်မှန် ပါဝါ ကိုက် မကိုက် စမ်းသပ်ခြင်း
- မျက်ရိုးကိုက်ခြင်း မသက်သာပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်း
- ပြတင်းပေါက်နှင့် မီးအလင်းရောင် စူးရှခြင်းတို့မှ ကာကွယ်ရန်
- အလုပ်လုပ်တဲ့အခါ သက်သောင့်သက်သာရှိတဲ့ စားပွဲ၊ ထိုင်ခုံတို့ကို အသုံးပြုပြီး မျက်စိနှင့် ကွန်ပျူတာ စခရင်မ်သည် တစ်တန်းတည်း ဖြစ်နေရပါမယ်။
- မျက်ခမ်းခြောက်ကာ ယားယံလာပါက မကြာခဏ မျက်တောင်ခတ်ပေးပါ၊ မျက်စဥ်းဆေး အသုံးပြုပါ။
- စခရင်မ် ကြည့်ပြီး မိနစ် ၂၀ ကြာတိုင်းမှာ ပေ ၂၀ အကွာအဝေးမှာရှိတဲ့ အရာဝတ္ထု တစ်ခုခုကို စက္ကန့် ၂၀ ခန့် စိုက်ကြည့်နေပါ။
ကွီးတို့ရော ကိုယ့်ရဲ့ မျက်စိ ကျန်းမာရေးအတွက် အမြင် အာရုံ အားနည်းခြင်းမှ ကာကွယ် ဖို့ ဘယ်လိုနည်းလမ်းတွေကို အသုံးပြုကြပါသလဲ။ ဒီနည်းလမ်းတွေကရော မျက်စိအားကောင်းအောင် အမှန်တကယ် ကူညီနိုင်တယ်လို့ ယုံကြည်ပါသလား။
Source: Webmd
Featured Image: Freepik
