ဂျူဗင်တပ်စ် အသင်းကတော့ ကစားသမားဟောင်း ပေါ်တူဂီစူပါစတား ရော်နယ်ဒို ကို တရားဥပဒေအရ ရှုံးနိမ့်ခဲ့တာကြောင့် ဒဏ်ကြေး ပေါင် ၈.၃ သန်း ပေးဆောင်ရတော့မယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ကိုဗစ်ကာလအတွင်း ဂျူဗင်တပ်စ်အသင်းမှာ ရော်နယ်ဒို ကစားခဲ့စဉ်က လစာပေးချေဖို့ ပျက်ကွက်ခဲ့တာကြောင့်ပါ။

Cristiano Ronaldo

Photo : IndiaToday

ဂျူဗင်တပ်စ်ဟာ ကိုဗစ်ကာလအတွင်းမှာ ဘဏ္ဍာရေးအခြေအနေတွေကြောင့် မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့်ဟောင်းထံ လစာငွေပေးချေမှုကို ရွှေ့ဆိုင်းဖို့ သီးသန့်သဘောတူခဲ့တာဖြစ်ပြီး စုစုပေါင်း ပေါင် ၁၇ သန်းနီးပါး အကြွေးတင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဂျူဗင်တပ်စ်ဟာ အဆိုပါ ကစားသမားရဲ့ လစာငွေကို ပြန်လည်ပေးချေခြင်း မရှိခဲ့သလို ၎င်းတို့ရဲ့ ဘဏ္ဍာရေးရှင်းတမ်းတွေမှာ သဘောတူညီချက်ကိုလည်း အစီရင်ခံဖို့ပျက် ကွက်ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒို အနေနဲ့ လစာပေးဖို့ ပျက်ကွက်ခဲ့တဲ့ ဂျူဗင်တပ်စ်ကို ၎င်းရဲ့ လစာငွေ ပြန်ရရေးအတွက် ခုံရုံးမှာ သွားရောက် တရားစွဲဆိုခဲ့တာဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းဟာ ရော်နယ်ဒိုရဲ့ လစာငွေတစ်ဝက်ကို ပေးဆောင်ရမယ်လို့ တရားရုံးက ဆုံးဖြတ်ချက် ချပါတယ်။

တရားရုံးရဲ့ဆုံးဖြတ်ချက်အရ ကစားသမားနဲ့ ကလပ်အသင်း နှစ်ဖက်လုံးမှာ တာဝန်ရှိတယ်လို့ယူဆခဲ့တာကြောင့် ဂျူဗင်တပ်စ် အသင်းဟာ ရော်နယ်ဒိုကို ပေါင် ၈.၃ သန်းသာ ပေးဆောင်ဖို့ ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ စပိန်ဘီလူးကြီး ရီးရဲ့လ်မက်ဒရစ်ကနေ ပေါင်သန်း ၉၀ နဲ့ ပြောင်းရွှေ့လာပြီးနောက် ၂၀၁၈ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း ဂျူဗင်တပ်စ်အသင်းမှာ ၃ ရာသီကြာ ကစားခဲ့ပါတယ်။

ပေါ်တူဂီ လက်ရွေးစင်ဟာ ဂျူဗင်တပ်စ် အသင်းနဲ့အတူ ပွဲပေါင်း ၁၃၄ ပွဲ ကစားခဲ့ပြီး သွင်းဂိုး ၁၀၁ ဂိုး သွင်းယူနိုင်ခဲ့ကာ စီးရီးအေ ဖလား ၂ လုံးနဲ့ အီတလီ ဖလား ၁ ကြိမ် ရရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ မန်ချက်စတာ စီးတီးအသင်းနဲ့ သဘောတူညီမှု ရရှိဖို့ နီးစပ်ခဲ့ပေမယ့် အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ကိုသာ နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

Cristiano Ronaldo

Photo : 7NEWS

သို့သော် နည်းပြတန်ဟတ်နဲ့ လူသိရှင်ကြား ပြဿနာဖြစ်ခဲ့တဲ့ နောက်မှာတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလထဲမှာ အိုးထရက်ဖိုဒ့်ကနေ ထွက်ခွာခဲ့ပါတယ်။ လက်ရှိမှာတော့ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းမှာ ခြေစွမ်းပြ ကစားနေပြီး ပြိုင်ပွဲစုံ ၆၂ ပွဲမှာ သွင်းဂိုး ၅၆ ဂိုးအထိ သွင်းယူထားပါတယ်။

ဘောလွန်းဒီအော် ၅ ဆုရှင်ဟာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက်လည်း ပုံမှန်ပွဲထွက်ခွင့်ရတဲ့ ကစားသမားအဖြစ် ဆက်လက်ရပ်တည်နေပြီး ယခုနှစ် အစောပိုင်းတုန်းက လက်ရွေးစင်ကစားသမားဘဝရဲ့ ၂၀၆ ကြိမ်မြောက် သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

Featured Photo : Optus Sport