သရဲနီ နည်းပြကြီး အာမိုရင် ကတော့ ကြာသပတေးနေ့က ယူရိုပါလိဂ်ဖိုင်နယ်ပွဲစဉ်မှာ စပါးအသင်းကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် လျော်ကြေးမတောင်းပဲ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာပေးဖို့ အသင့်ရှိနေတယ်လို့ ပြောဆိုလာခဲ့ပါတယ်။

 Ruben Amorim

Photo : Metro

စပါးအသင်းဟာ ဘရန်နန် ဂျွန်ဆင်ရဲ့ ၁ လုံးတည်းသော သွင်းဂိုးနဲ့ ၂၀၀၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဆုဖလားကို ဆွတ်ခူးသွားခဲ့တာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ဖလားလက်မဲ့နဲ့ ဆိုးရွားတဲ့ ရာသီကို အဆုံးသတ်ခဲ့ရတာပါ။ နည်းပြ အာမိုရင်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက အဲရစ်တန်ဟတ်နေရာမှာ အစားထိုး ခန့်အပ်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ဆိုးရွားတဲ့ စွမ်းဆောင်ရည်နဲ့ ရလဒ်ဆိုးတွေ ထွက်ပေါ်ခဲ့လို့ ပရိသတ်တွေ ဝေဖန်မှုများစွာ ရှိခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၁၆ နေရာမှာ ရပ်တည်နေပြီး သရဲနီတွေဟာ တစ်ရာသီလုံး ၁၀ ပွဲသာ အနိုင်ရလဒ် ဖော်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အာမိုရင်အနေနဲ့ ယခုရာသီအစောပိုင်းမှာ ရာထူးကနေ နှုတ်ထွက်မယ်ဆိုတဲ့ စကားသံတွေလည်း ထွက်ပေါ်ခဲ့ပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ စပါးကို ရှုံးနိမ့်ခဲ့ပြီးနောက်တော့ အကယ်၍ အသင်းဘက်က ထုတ်ပယ်ဖို့ အစီအစဉ်ရှိတယ်ဆိုရင် လျော်ကြေးမတောင်းပဲ ထွက်ခွာသွားပေးပါမယ်လို့ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

” ကျွန်တော့်အနေနဲ့ ကျွန်တော်ကိုယ်ကျွန်တော် ကာကွယ်ပြီး ပြောတာမဟုတ်ပါဘူး။ ဒီအခြေအနေက ကျွန်တော့်အတွက်လည်း လက်ခံနိုင်ဖို့ တကယ်ခက်ခဲပါတယ်။ ကျွန်တော် ပိုကောင်းအောင် ပြင်ဆင်နေပါတယ်ဆိုတဲ့ စကားနဲ့ပတ်သတ်ပြီးလည်း ပရိသတ်တွေကို ချပြနိုင်ခွင့် ဘာမှမရခဲ့ပါဘူး။ ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောပါမယ်။ အသင်းရဲ့ ဘုတ်အဖွဲ့နဲ့ ပရိသတ်တွေက ဒီရာထူးဟာ ကျွန်တော်နဲ့ မကိုက်ညီလို့ ခံစားရရင် လျော်ကြေးနဲ့ပတ်သက်တဲ့ စကား ဘာမှမပြောပဲ အသင်းကနေ ထွက်သွားပေးပါမယ်။ ဒါပေမယ့် ကျွန်တော်အနေနဲ့တော့ ကိုယ်လုပ်နေတဲ့ အလုပ်အပေါ် ယုံကြည်မှု ရှိနေဆဲပဲမလို့ အသင်းကနေ နုတ်ထွက်သွားမှာ မဟုတ်ပါဘူး။ ခင်ဗျားတို့ မြင်ရတဲ့အတိုင်း ကျွန်တော် ဒီလမ်းကြောင်းကို အပြောင်းအလဲအသစ်တွေနဲ့ ဆက်လျှောက်နေဦးမှာပါ ” လို့ ပြောသွားခဲ့ပါတယ်။

 Ruben Amorim
Photo : BBC

Daily Telegraph သတင်းရဲ့ ဖော်ပြချက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဘက်က အာမိုရင် ရဲ့ လျော်ကြေးမယူပဲ အသင်းကထွက်ခွာပေးဖို့ အသင့်ရှိတယ်ဆိုတဲ့ ကမ်းလှမ်းချက်ကို ငြင်းဆိုသွားခဲ့ပြီး လက်ရှိ သရဲနီ နည်းပြရာထူးမှာပဲ ဆက်လက်ခန့်အပ်သွားဖို့ စီစဉ်ထားတယ်လို့ ဆိုထားပါတယ်။

အာမိုရင် အနေနဲ့ ဒီရာသီမှာ စနစ်သစ် ၊ ကစားဟန် အသစ်တွေနဲ့ အသားမကျမှုတွေကြောင့် ကာလရှည်ရလဒ်ဆိုးတွေ ထွက်ပေါ်ခဲ့ပေမယ့် လာမယ့်ရာသီမှာတော့ ကစားသမားအစုအဖွဲ့အသစ်ကို ပြန်လည်ဖွဲ့စည်းပြီး အသင်းရဲ့အရှိန်ကို မြှင့်တင်လုပ်ဆောင်သွားဖို့နဲ့ လိုအပ်ချက်တွေကို ပံ့ပိုးကူညီပေးသွားဖို့ ရှိနေကြောင်း ပြောဆိုသွားခဲ့ပြီး အသင်းဘက်ကလည်း အာမိုရင်ကို နည်းပြရာထူးကနေ နုတ်ထွက်သွားဖို့ကို ဖိအားပေးသွားမှာမဟုတ်ဘူးလို့ ယူနိုက်တက်ဘုတ်အဖွဲ့ရဲ့ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောကြား သွားခဲ့ပါတယ်။

Source : Football365

Featured Photo : Football365