တစ်ခါတလေ ဘာမှ လုပ်မရအောင် Unresponsive ဖြစ်နေတဲ့ ကိုယ့်စိတ်ကိုယ်ကို ကွန်ပျူတာတစ်လုံးလို Restart ပြန်လုပ်ပြီး အသစ်လို ပြန်နိုးထချင်ကြမှာပါ။ ဖိအားတွေ ဆက်တိုက်များလာတဲ့အခါ လူဟာ ဘာကိုမှ လုပ်ချင်စိတ်မရှိတော့ဘဲ လွှတ်ချပြီးသာ ထွက်သွားချင်လာတတ်ပါတယ်။ ဒီလို ဖြစ်လာရင် ကိုယ့်စိတ်ကိုယ်ကို ပြန်ပြီး ငြိမ်းအေးကြည်လင်အောင် နည်းလမ်းရှာ သက်သာရာရဖို့ ကြိုးစားရမှာပါ။ ဒီလို အခြေ အနေ တွေအတွက် ပညာရှင်တွေ ညွှန်းကြတဲ့ နည်းလမ်းတချို့ကို မျှဝေပေးချင်ပါတယ်။

(၁) အကြောင်းရင်းရှာ ၊ ပြောင်းနိုင်တာပြောင်း

Man

Photo: Pexels

ဘာကြောင့် စိတ်လေသွားတာလဲ သိအောင် အကြောင်းရင်းကို အရင်ဖော်ထုတ်လိုက်ပါ။ ပြီးရင် ချက်ချင်း ကိုယ့်ဘက်က ပြောင်းလဲလို့ ရမယ့်အရာလေးတွေ လုပ်ကြည့်ပါ။ တွေဝေနေတာ ၊ စိတ် ယတိပြတ် မဖြစ်ဘဲ တဝဲလည်လည် ဖြစ်နေတာက အခံရခက်သလို အဖြေလည်း ထွက်လာမှာ မဟုတ်ပါဘူး။ ကိုယ်တိုင် ရှင်းရှင်းပြတ်ပြတ် မစဉ်းစားနိုင်ရင် ယုံကြည်ရတဲ့သူကို ဖွင့်ပြောပြီး အကြံတောင်းကြည့်ပါ။

(၂) ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ပါ

control

Photo: Pexels

အပေါ်မှာ ပြောခဲ့သလို ပြောင်းနိုင်တာ ပြောင်းပါ။ အနားယူသင့်တယ် ထင်ရင် အလုပ်က ခွင့်တင်လိုက်ပါ။ ကိုယ်တိုင် မလုပ်နိုင်အောင် အလုပ်ဝန်ပိနေတာမျိုးဆိုရင် တခြားသူကို တာဝန်ခွဲပေးပါ။ ကိုယ့်စိတ်ကို ထိခိုက်စေမယ့်လူတွေ ၊ အရာတွေ နဲ့ ခပ်ခွာခွာနေပါ။ ကိုယ့်ကိုယ်ကိုယ် ရုပ်ရော ၊ စိတ်ပါ ကျန်းမာအောင် နလန်ထအောင် ဂရုစိုက်ပါ။

ဘာသာရေးအဆုံးအမနဲ့ နေလည်း စိတ်ကို ပြုပြင်ကြည့်ပါ။ တရားထိုင်တာ ၊ အသက်ရှု/ထုတ် လေ့ကျင့်တာ ၊ Gym ကစားပြီး အားကစားလုပ်တာတွေကလည်း ကိုယ့်ရဲ့စိတ်ကို တည့်မတ်တည်ငြိမ်အောင် မြှင့်တင်နေတာပဲ ဖြစ်ပါတယ်။ အလုပ်ကိုချည်း ဖိလုပ်မနေဘဲ အလုပ်နဲ့ဘဝ ဟန်ချက်မျှအောင် နေထိုင်ပါ။ ကိုယ်နဲ့ သိပ်ခင်ရတဲ့ မိတ်ဆွေတွေနဲ့ မကြာမကြာ တွေ့ပါ။

(၃) မျှတအောင် နေထိုင်ပါ

Run

Photo: Pexels

ဘဝဆိုတာ ဟန်ချက်မျှအောင် နေရင်းနဲ့ ရှင်သန်သွားရတာပါ။ မျှတတဲ့ စိတ်ထား ၊ မလွန်ကဲတဲ့ အလေ့အကျင့် နဲ့ အသင့်အတင့်နှလုံးသွင်း လက်ခံမှုနဲ့ ဖြတ်သန်းသွားဖို့ လိုပါတယ်။ သိပ်ပြီး ရှုပ်ထွေးမွန်းကြပ်သွားစေမယ့် အရာတွေမဖြစ်အောင် အစကတည်းက စိတ်ရောလူပါ ရှင်းရှင်းလင်းလင်း သန့်ရှင်းရေး လုပ်သွားပေးပါ။

ကိုယ့်ရဲ့ အချိန်နဲ့ စွမ်းအားကို တန်ဖိုးထားပါ။ တစ်ခုခုကြောင့် စိတ်ပင်ပန်းရမယ်ဆိုရင် ဒါက ကိုယ့်အတွက် ဘယ်လိုတန်ဖိုးတွေ ရှိလို့လဲဆိုတာ ပြန်စဉ်းစားပါ။ ခဏလောက် အနားပေးတဲ့ Pause Button နှိပ်ပြီး တိတ်ဆိတ်ကြည်လင်စွာ နေတတ်ဖို့လည်း ကြိုးစားဖို့ တိုက်တွန်းချင်ပါတယ်။

Featured Photo : CNA