ကျွန်တော်တို့လူသားတွေသည် ကိုယ် ကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်အနေအထားပေါ် မူတည်ပြီး Supportive ဖြစ်တဲ့ မိသားစုအသိုင်းအဝိုင်းမျိုး ပိုင်ဆိုင်ထားတာလည်းဖြစ်နိုင်သလို ကိုယ့်ထူးကိုယ်ချွန်ပြီး ကိုယ့်အား ကိုယ်ကိုးရတဲ့ နောက်ခံပတ်ဝန်းကျင်မျိုး ပိုင်ဆိုင်ထားတာလည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်နေပါစေ ကိုယ် လုပ်ချင်တဲ့ အလုပ် ၊ ကိုယ် မက်နေတဲ့ စိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖော်ဖို့အတွက် အင်တာဗျူး တစ်ခုကို ကျော်ဖြတ်ရမှာကတော့ အမှန်ပါပဲ။

ငယ်ငယ်ကတော့ ကြီးလာရင် ဘာလုပ်ချင်သလဲလို့ မေးလာတဲ့အခါ လူကြီးတွေ သဘောကျဖို့ရန်အတွက် ဆရာဝန်ကြီးဖြစ်ချင်တယ် အင်ဂျင်နီယာဖြစ်ချင်တယ် အစရှိတဲ့ အဖြေတွေကိုသာ ပေးလေ့ရှိကြပါတယ်။ ဒါပေမဲ့ ကိုယ့်စိတ်ထဲက ကိုယ်တကယ်လိုချင်တဲ့ အရာက ဘာလဲဆိုတာကို မသိကြပါဘူး။

အလုပ် အင်တာဗျူး မဝင်ခင်မှာ ကိုယ့်ရဲ့ အမှန်တကယ်ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်ကို ကိုယ် ကိုယ်တိုင် သိထားဖို့လိုအပ်ပါတယ်။ ပြီးမှသာ အလုပ် အင်တာဗျူး အောင်ဖို့အတွက် အဆင့်ဆင့် ကြိုးစားရမှာဖြစ်ပါတယ်။

ကိုယ့်ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် အသက်အရွယ် သတ်မှတ်ထားတာမရှိတဲ့အတွက်ကြောင့် ကိုယ် ဖြစ်ချင်တဲ့အရာကို သေချာဆုံးဖြတ်ပြီးမှသာလျှင် အရှေ့သို့ ဆက်ချီတက်ဖို့ အကြံပေးချင်ပါတယ်။ ဒီအချက်လေးကို အရင်ဆုံး သိထားပြီးမှသာ အလုပ် အင်တာဗျူး အောင်ဖို့ရန်အတွက် Tips လေးတွေကို ဆက်လေ့လာကြည့်လိုက်ပါ။

ကိုယ့်အိမ်စာ ကိုယ်လုပ်ပါ

အလုပ် အင်တာဗျူး

ဟုတ်ပါတယ်။ ကွီးတို့အနေနဲ့ လူတွေ့စာမွေးပွဲ သွားမဖြေခင်မှာ ထိုကုမ္ပဏီအကြောင်းနဲ့ ပတ်သက်ပြီး အိမ်စာလုပ်ထားဖို့လိုအပ်ပါလိမ့်မယ်။ ဈေးကွက်ထဲမှာရော ကုမ္ပဏီက နာမည်ဘယ်လောက်ထိရနေသလဲ ကုမ္ပဏီက ရုံးခွဲတွေ ဘယ်နှခုရှိသလဲ။ ကုမ္ပဏီရဲ့ ဆောင်ပုဒ်က ဘာဖြစ်မလဲ စတဲ့အချက်တွေကို အသေးစိတ် လေ့လာထားဖို့လိုအပ်ပါလိမ့်မယ်။ အပေါ်ယံလေးပဲ လေ့လာထားတာထက်စာရင် အသေးစိတ် နှိုက်နှိုက်ချွတ်ချွတ် လေ့လာထားမယ်ဆိုရင်တော့ ကိုယ့်အတွက် လူတွေ့အောင်ဖို့ ကူညီပေးမှာ အသေအချာပါပဲ။

မှန်ရှေ့ အထပ်ထပ် အခါခါ လေ့ကျင့်ပါ

အလုပ် အင်တာဗျူး

Photo: Zameen.com

ပွဲမဝင်ခင် ပြင်က ကျင်းပဆိုသလိုပဲ အင်တာဗျူး သွားမဖြေခင်မှာ မှန်ရှေ့မှာ အထပ်ထပ် အခါခါ လေ့ကျင့်ထားလိုက်ပါ။ ကိုယ့်ကို အင်တာဗျူးမယ့်သူနဲ့ ပထမဦးဆုံး တွေ့ရတဲ့အခါ တွေ့ရတာ ဝမ်းသာကြောင်း ပြောပါ။ လက်ဆွဲနှုတ်ဆက်တဲ့အခါမှာလည်း လျော့တိလျော့ရဲ့ လက်ဆွဲနှုတ်ဆက်တာထက် လက်ကို မတင်းမကြပ်လေး ဆုပ်ကိုင်လိုက်ပြီး လက်ဆွဲနှုတ်ဆက်နိုင်ပါတယ်။ အင်တာဗျူး ဖြေပြီးတဲ့အခါမှာလည်း အခုလို အချိန်ပေးပြီး မေးကြားတဲ့အတွက်ကြောင့် ကျေးဇူးတင်ကြောင်း ပြောကြားကာ အပြုံးနဲ့ နှုတ်ဆက်ဖို့လည်း မမေ့ပါနဲ့။

ဒါ့အပြင် အင်တာဗျူးမေးလာတဲ့အခါ ဘယ်လိုဖြေမလဲ။ ဖြေပုံဖြေနည်း ကိုယ်ဟန်အမူအရာတို့ကို မှန်ထဲမှာ လေ့လာကြည့်ပါ။ တဖြည်းဖြည်းနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိလာပြီး အဆင်ပြေချောမွေ့လာပါလိမ့်မယ်။

YouTube တွေကနေ လေ့လာပါ

အလုပ် အင်တာဗျူး

အင်တာဗျူးမှာ ဘယ်လိုမေးခွန်းတွေ မေးလေ့ရှိသလဲဆိုတာကို YouTube ကနေ ကြိုတင်လေ့လာထားပါ။ ထို့နောက် ထိုမေးခွန်းတွေ အမေးခံရတဲ့အခါ သင့်အနေနဲ့ ဘယ်လိုတုန့်ပြန်ဖြေကြားမလဲဆိုတာကိုလည်း စောစောကလိုပဲ မှန်ရှေ့မှာ အထပ်ထပ်အခါခါ လေ့ကျင့်ထားလိုက်ပါ။ ဒီလိုလေ့ကျင့်ထားတဲ့အခါ အစိမ်းသပ်သပ်မေးခွန်းတွေ အမေးခံရတဲ့အခါမှာလည်း ဖြတ်ထိုးဉာဏ်သုံးပြီး အကောင်းဆုံးအဖြေကို ပေးနိုင်မှာဖြစ်ပါတယ်။

ကိုယ့်ရဲ့ ကိုယ်ရေးရာဇဝင် အချက်အလက်များကို စိတ်ဝင်စားဖွယ်ရာကောင်းအောင် ပြင်ဆင်ထားပါ

အလုပ် အင်တာဗျူး

သင်ကတော့ ပို့လိုက်တာ CV တစ်စောင်တည်းဆိုပေမယ့် အင်တာဗျူးမယ့်သူတွေက လူအယောက်တစ်ရာ ရှိမယ်ဆို CV အစောင် တစ်ရာဖတ်ရမှာပါ။ CV တစ်စောင် တစ်စောင်က A4 သုံးမျက်နှာ၊ လေးမျက်နှာလောက် ရှိမယ်ဆိုရင် သင်ဆိုရင်ရော အသေးစိတ် ဖတ်နိုင်ပါ့မလား။ ဖတ်ချင်စိတ်ရှိပါ့မလား။ အင်တာဗျူးမယ့်သူလည်း ပထမ CV တစ်စောင် နှစ်စောင်လောက်ကိုတော့ အသေးစိတ် ဖတ်ချင်ဖတ်ပါလိမ့်မယ်။ သို့သော် ကြာလာလေလေ ပျင်းလာလေဖြစ်ပြီး ဖတ်ချင်စိတ်မရှိတော့ဘဲ သာမန်ကာလျှံကာပဲ ဖတ်ပါလိမ့်မယ်။

ထို CV အစောင်ရေ အများကြီးထဲကမှ သင့်ရဲ့ CV ကို စိတ်ဝင်စားလာအောင် ဘယ်လိုဆွဲဆောင်ရမလဲ။

ဒါကတော့ ရှင်းပါတယ်။ အရင်ဦးဆုံး အလုပ်ခေါ်စာထဲမှာ ဘယ်လိုအချက်အလက်တွေ ဘယ်လိုအရည်အချင်းတွေကို လိုချင်သလဲဆိုတာ ဖော်ပြထားပြီးသားဖြစ်ပါတယ်။ သင့်အနေနဲ့ ထိုအချက်အလက်တွေကို အသားပေး ဖော်ပြထားဖို့လိုပါလိမ့်မယ်။ သင့်ရဲ့ ဘွဲ့လက်မှတ်တွေ၊ Certificate တွေသည် အရေးမပါတာတော့မဟုတ်ပါဘူး။ အရေးပါပါတယ်။ ဒါပေမဲ့ ထိုအရာတွေအတွက် အသေးစိတ်ဖော်ပြထားစရာမလိုပါဘူး။

အချိန်လေးစားပါ

tips for job interview

အင်တာဗျူးမယ့်နေရာသို့ အချိန်နောက်ကျမှရောက်ခြင်းသည် သင့်ကို Impression ကျသွားစေပါတယ်။ အချို့အဆင့်မြင့်ကုမ္ပဏီတွေဆိုရင် နောက်ကျတဲ့သူတွေကို ဖြေခွင့်မပေးတော့တာမျိုးတွေတောင်ရှိပါတယ်။ ဒါ့ကြောင့် ကိုယ့်ဘက်က အချိန်ကို လေးစားလိုက်နာတာက အကောင်းဆုံးပါပဲ။ ချိန်းထားတဲ့ အချိန်ထက် တစ်နာရီလောက် စောသွားစရာလည်း မလိုပါဘူး။ မိနစ်ပိုင်းလောက် စောသွားရင်ပဲ လုံလောက်ပါပြီ။

ကိုယ် သွားဖြေရမယ့်အချိန်ရယ် ထိုနေရာသို့ သွားရမယ့် ကြာချိန်၊ ကားပိတ်ချိန် စတာတွေကို သေသေချာချာတွက်ထားဖို့လိုအပ်ပါတယ်။ ဒါမှ ချိန်းထားတဲ့အချိန်ကို နောက်မကျစေဘဲ ရောက်ရှိမှာဖြစ်ပါတယ်။

သပ်သပ်ရပ်ရပ် ဝတ်စားသွားပါ

tips for job interview

ဒီအချက်ကလည်း အရေးကြီးဆုံးအချက်တွေထဲကတစ်ခုပါပဲ။ ကိုယ့်အနေနဲ့ ကိုယ့်ရဲ့ အဝတ်အစားအသွင်အပြင်ကို သပ်သပ်ရပ်ရပ် ဝတ်စားသွားတဲ့အခါ ကိုယ့်ရဲ့ Impression သည်လည်း မြင့်တက်လာမှာဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ First Impression သည် အရေးအကြီးဆုံးဖြစ်တာကြောင့် တွန့်ကြေကာ မီးပူမတိုက်ရသေးတဲ့ အဝတ်အစားမျိုး ဝတ်စားသွားခြင်းထက် စမတ်ကျကျ ဝတ်စားသွားခြင်းက သင့်အတွက် အထောက်အကူဖြစ်စေပါလိမ့်မယ်။

Source: Redbookmag

Featured Image: Careeraddict