ချစ်သူနှစ်ဦးအတွက် အခက်အခဲဆုံး အခိုက်အတန့်ဟာ လမ်းခွဲနှုတ်ဆက်ချိန်လို့ ပြောရင် မမှားနိုင်ပါဘူး။ အချစ်နဲ့စခဲ့ကြတဲ့ Relationship တစ်ခုဟာ အဆုံးသတ်ဖို့ ဖြစ်လာပြီဆိုရင် ဘယ်လောက်ပဲ ရင်ခုန်စရာ အချိန်တွေ ၊ မမေ့နိုင်စရာ အမှတ်တရကောင်းတွေ ရှိခဲ့ပါစေ ကိုယ်စီခွဲခွာနှုတ်ဆက်ပြီး ကိုယ့်လမ်းကိုယ်လျှောက် ဆက်လျှောက်ကြရတာပါပဲ။ မှန်ပါတယ် အဆင်မပြေတော့တဲ့ လမ်းတစ်ခု ၊ အဆိပ်အတောက်တွေနဲ့ နစ်မွန်းနေတဲ့ ရပ်ဝန်းတစ်ခုမှာ နှစ်ယောက်သား ဒဏ်ရာတွေနဲ့ ရှေ့ဆက်တိုးနေတာထက် အဆုံးသတ်ပြီး ဘဝသစ်ကို ပြန်စတာက နှစ်ဦးစလုံးအတွက် ပိုကောင်းတဲ့ရွေးချယ်မှုတစ်ခု ဖြစ်စေမှာပါ။ ဒါဆို အကြောင်းမျိုးမျိုးကြောင့် လမ်းခွဲပြတ်စဲကြတဲ့အခါ အလှဆုံး ဇာတ်သိမ်းခန်းလေး တစ်ခုဖြစ်စေဖို့ အခုပြောပြမယ့် အချက်လေးတွေကို သိထားသင့်ပါတယ်။

(၁) လမ်းခွဲရတဲ့ အကြောင်းအရင်းတွေကို ပြန်သုံးသပ်ပါ

relationship breakup

Photo : Yahoo Life UK

ချစ်သူနှစ်ဦးသား ခဏတာစိတ်ဆိုးစိတ်ကောက်လို့ လမ်းခွဲစကားပြောတာမဟုတ်ပဲ အမှန်တကယ် ကိုယ့်လမ်းကိုယ်လျှောက်ဖို့ စိတ်ပိုင်းဖြတ်ကြတော့မယ်ဆိုရင် လမ်းခွဲရတဲ့အကြောင်းအရင်းတွေကို သေချာပြန်သုံးဖို့ လိုပါတယ်။ နောင်တရ,ရမယ့် လမ်းခွဲခြင်းမျိုး မဖြစ်စေဖို့က အရေးကြီးဆုံးပဲ မဟုတ်လား။ ဒါကြောင့် ဘာအတွက် လမ်းခွဲဖို့လိုလဲဆိုတာ သေချာမှုရှိပါစေ။ လမ်းခွဲတာဟာ သင်ရောသင့်ချစ်သူအတွက်ပါ အသင့်တော်ဆုံးနဲ့ အကောင်းဆုံးအဖြေတစ်ခုဖြစ်နိုင်မလားဆိုတာ သေချာလေး သုံးသပ်ပါ။ တကယ်လို့ သင့်ချစ်သူက သင့်ဆီကလမ်းခွဲစကားကို မျှော်လင့်မထားဘူးဆိုရင် သင်, ရှင်းပြရတာတွေ အများကြီးလုပ်ရတော့မှာပါ။ ဒီအတွက်ကြောင့် လမ်းခွဲဖို့ဆုံးဖြတ်လိုက်ပြီဆိုရင် လမ်းခွဲရတဲ့ အကြောင်းအရင်းတွေကို သေချာမှုရှိအောင် ပြန်လည်သုံးသပ် ပြင်ဆင်ထားသင့်ပါတယ်။

(၂) လူချင်းတွေ့ဆုံပါ

Photo : College Magazine

ဇာတ်သိမ်းခန်းလေး တစ်ခုဟာ လေလှိုင်းပေါ်က အဆုံးသတ်တာထက် ပိုထိုက်တန်တယ် မဟုတ်လား။ လမ်းခွဲစကားတွေဟာ ပျော်ရွှင်ကြည်နူးစရာ မဟုတ်ပေမယ့်လည်း ဖုန်း သို့မဟုတ် အွန်လိုင်းပေါ်ကထက် လူချင်းတွေ့ဆုံပြီး နှစ်ဦးသား မျက်နှာချင်းဆိုင် ပွင့်လင်းစွာ ပြောဆိုတာက ပိုကောင်းပါတယ်။ သင်တို့နှစ်ဦးသားရဲ့ Relationship ကို အပြီးတိုင် အဆုံးမသတ်မှီ နောက်ဆုံးအကြိမ်အဖြစ်တွေ့ဆုံပြီး ရင်တွင်းစကားတွေ ၊ ကျေးဇူးတင်စကားတွေနဲ့ နှုတ်ဆက်စကားတွေကို တစ်ဦးနဲ့တစ်ဦး ရင်ထဲရှိတဲ့အတိုင်း အယဉ်ကျေးဆုံးနဲ့ အဖြူစင်ဆုံး မျှဝေခြင်းဖြင့် လှပတဲ့ အဆုံးသတ် အခိုက်အတန့်လေးတစ်ခု ဖန်တီးလို့ရပါတယ်။

(၃) နှစ်ဦးလုံးအတွက် သက်တောင့်သက်သာရှိမယ့် နေရာကို ရွေးပါ

relationship breakup

Photo : The Japan Times

လူချင်းတွေ့ဆုံပြီး နောက်ဆုံးအချိန် နှုတ်ဆက်လမ်းခွဲကြမယ်ဆိုရင် နေရာရွေးချယ်မှုက အရေးကြီးပါတယ်။ ဒီလိုအဆုံးသတ်အချိန်ဟာ စိတ်ခံစားမှုတွေ အရမ်းကိုများနေမှာ သေချာပါတယ်။ ဒီလို တစ်ဦးနဲ့တစ်ဦး ခံစားချက်တွေကို လွတ်လပ်စွာဖွင့်ဟ ထုတ်ပြနိုင်ဖို့ လူရှင်းပြီး သက်တောင့်သက်သာရှိစေမယ့် ကော်ဖီဆိုင်လေးတွေ ၊ ပန်းခြံလို နေရာတွေကို ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။

(၄) ရိုးသားပွင့်လင်းမှုရှိပါ

relationship breakup

Photo : TheCoolist

နောက်ဆုံး,အဆုံးသတ် ပိတ်ကားချရတော့မယ့် ဇာတ်သိမ်းခန်းလို အချိန်လေးမှာ တက်နိုင်သမျှ သင့်ချစ်သူအပေါ် ရိုးသားပွင့်လင်းမှု ရှိရပါမယ်။ သင်တို့နှစ်ယောက် တည်ဆောက်/ဖြတ်သန်းခဲ့တဲ့ Relationship မှာ ဘာတွေမှားနေတယ် ၊ ဘာတွေလွဲခဲ့လဲဆိုတာကို သေချာတိတိကျကျ ပြောပြပါ။ သူ့အမှားတွေ ပါသလို ၊ ကိုယ့်အမှားတွေလည်း ပါနိုင်ပါတယ်။ ကိုယ့်ရဲ့အားနည်းချက်/အမှားတွေကို ဖွင့်ဟဝန်ခံပြီး နောက်ဆုံးအနေနဲ့ တောင်းပန်သင့်သလို တစ်ဖက်လူရဲ့အမှားတွေကိုလည်း ထောက်ပြဝေဖန်ပေးဖို့ လိုပါတယ်။ တချို့အမှန်တရားတွေဟာ ခါးသီးတယ်ဆိုပေမယ့် ဒီလိုအမှားတွေကနေပဲ ကိုယ်စီဆက်လက်ဖြတ်သန်းရမယ့် လက်ကျန်ဘဝတစ်ခုလုံးအတွက် သင်ခန်းစာကောင်းတွေ ရယူသွားနိုင်မှာဖြစ်ပါတယ်။

(၅) နာကျင်စေမယ့် အပြုအမူ/စကားလုံးတွေ ရှောင်ပါ

relationship breakup

Photo : The Guardian Nigeria

လမ်းခွဲတာက အဆိုးဆုံး နာကျင်ရတဲ့ ခံစားချက်ဆိုတာ လူတိုင်းသိပြီးသားပါ။ ဒါကြောင့် အဆုံးသတ် ဇာတ်သိမ်းခန်းလေး မှာ ဒီထက်ပိုပြီး တစ်ယောက်ကိုတစ်ယောက် နာကျင်ခံစားရမယ့် အရာတွေ မလုပ်မိအောင် ရှောင်ကြဉ်ရပါမယ်။ တစ်ယောက် အမှားတွေကိုတစ်ယောက်က ဝေဖန်ထောက်ပြရာမှာလည်း ထိုးနှက် အပြစ်တင်တာမျိုးထက် ၊ ကောင်းမွန်တဲ့ အကြံပြုချက်တွေ ဖြစ်ဖို့ ပိုလိုအပ်ပါတယ်။ ဒေါသတွေ ၊ အငြိုးအာဂတတွေကို ဘေးချိတ်ထားပြီး တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကိုယ်ချင်းစာစိတ်လေးနဲ့ ပြောဆိုဆက်ဆံ သင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလူဟာ တစ်ချိန်က သင်ချစ်ခဲ့ဖူးတဲ့ လူတစ်ယောက်ဆိုတာကို သတိရပါ။

အခုပြောပြပေးခဲ့တာကတော့ ချစ်သူနှစ်ဦး လမ်းခွဲပြတ်စဲကြချိန်မှာ အလှဆုံး ဇာတ်သိမ်းခန်းလေး ဖြစ်ဖို့ လိုက်နာသင့်တဲ့ အချက်လေးတွေပါ။

Featured Photo : The Cut