လူတစ်ယောက်ဟာ အသက်ကြီးလာတာနဲ့အမျှ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံရှိဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ အိုမင်းလာတဲ့အခါ အာဟာရချိုတဲ့ခြင်း ၊ လူနေမှုဘဝ ကျဆင်းခြင်းနဲ့ ကျန်းမာရေးကောင်းမွန်မှုတွေ အားလျော့လာခြင်းနဲ့ ဆက်စပ်နေတာတွေကြောင့် ဖြစ်ပါတယ်။ အခုပြောပြပေးမှာကတော့ လူတစ်ယောက် အသက်ကြီး လာတာနဲ့အမျှ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ အကြောင်းဖြစ်ပါတယ်။

(၁) ပရိုတင်းဓာတ်

Photo : Heart Foundation

ပျမ်းမျှအရွယ်ရောက်ပြီး သူတစ်ယောက်ဟာ အသက် ၃၀ နောက်ပိုင်း ဆယ်စုနှစ်တိုင်း ကြွက်သားထုထည်ရဲ့ ၃ – ၈ ရာခိုင်နှုန်း ဆုံးရှုံးနေရပါတယ်။ ဒါ့ကြောင့် ပရိုတင်းဓာတ် များများစားခြင်းက ခန္ဓာကိုယ် က ကြွက်သားတွေကို ထိန်းသိမ်းပေးပြီး ကြွက်သားဆုံးရှုံးမှုကို တိုက်ဖျက်တဲ့နေရာမှာ ကူညီပေးနိုင်ပါတယ်။ လေ့လာမှုတစ်ခုအရ သက်ကြီးရွယ်အို တစ်ယောက်ရဲ့ သုံးနှစ်နဲ့အထက် နေ့စဉ် ပရိုတင်းဓာတ်လုံလုံလောက်လောက် စားပေးတာက အနည်းဆုံးစားတဲ့သူတွေထက် ကြွက်သားထုထည်ဆုံးရှုံးမှု  ၄၀ ရာခိုင်နှုန်းအထိ လျော့ကျစေတာကို တွေ့ရှိရပါတယ်။

(၂) ကယ်လ်စီယမ်နဲ့ ဗီတာမင် D

Photo : H-Wave

ကယ်လ်စီယမ်နဲ့ ဗီတာမင် D ဟာ အရိုးကျန်းမာရေးအတွက် အရေးကြီးဆုံး အာဟာရဓာတ်နှစ်မျိုး ဖြစ်ပါတယ်။ ကယ်လ်စီယမ်က အရိုးတွေကို သန်မာစေပြီး ဗီတာမင် D ကတော့ ခန္ဓာကိုယ် မှ ကယ်လ်စီယမ်ကို စုပ်ယူနိုင်ဖို့ ကူညီပေးပါတယ်။ အသက်ကြီးသူတွေဟာ နေ့စဉ်စားသုံးတဲ့ အစားအစာတွေကနေ ကယ်လ်စီယမ်ဓာတ် စုပ်ယူနိုင်မှုနည်းပါးတဲ့အတွက် အိုမင်းလာခြင်းရဲ့ သက်ရောက်မှုတွေကို ဆန့်ကျင်ရန် အစားအစာများနဲ့ ဖြည့်စွက်စာများမှတစ်ဆင့် ကယ်လ်စီယမ်နဲ့ ဗီတာမင် D ကို ပိုမိုစားသုံးပေးဖို့ လိုအပ်ပါတယ်။

(၃) အမျှင်ဓာတ်

Photo : SciTechDaily

ဝမ်းချုပ်ခြင်းက သက်ကြီးရွယ်အိုတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် အသက် ၆၅ နှစ်ကျော်သူတွေမှာ အဖြစ်များပြီး အမျိုးသမီးတွေမှာ နှစ်ဆကနေ သုံးဆလောက် ပိုအဖြစ်များပါတယ်။ အမျှင်ဓာတ်စားသုံးခြင်းက ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။ လေ့လာမှုတွေအရ အမျှင်ဓာတ် က ဝမ်းချုပ်နေတဲ့သူတွေမှာ ဝမ်းသွားအောင် လှုံ့ဆော်ပေးတာ တွေ့ရပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်မြင့်မားတဲ့ အစားအစာတွေက အူမကြီးနံရံတစ်လျှောက်ရှိ အိတ်ငယ်များပေါက်ပြီး ရောင်ရမ်းနိုင်တဲ့ Diverticular ရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၄) ဗီတာမင် B12

Photo : Heart of Wellness

သွေးနီဥဆဲလ်များ ဖန်တီးပေးဖိုနဲ့ ကျန်းမာတဲ့ ဦးနှောက်လုပ်ဆောင်ချက်တွေကို ထိန်းသိမ်းဖို့ ဗီတာမင် B12 က မရှိမဖြစ် လိုအပ်ပါတယ်။ အသက် ၅၀ နှစ်နဲ့အထက် လူ ၁၀ – ၃၀ ရာခိုင်နှုန်း ကြားက သူတို့ရဲ့ အစားအစာတွေကနေ ဗီတာမင် B12 စုပ်ယူနိုင်စွမ်း လျော့နည်းသွားတယ်လို့ လေ့လာမှုတွေအရ ခန့်မှန်းထားပါတယ်။ ဒါက အချိန်ကြာလာတာနဲ့အမျှ ဗီတာမင် B12 ချို့တဲ့ခြင်းကို ဖြစ်စေနိုင်ပါတာပါ။ ဒါ့ကြောင့် အသက် ကြီးသူတွေအနေနဲ့ ဗီတာမင် B12 ဖြည့်စွက်စာ သို့မဟုတ် ဗီတာမင် B12 ပါတဲ့ အစားအစာတွေ စားသုံးပေးဖို့ လိုပါတယ်။

(၅) ရေဓာတ်

Photo : FloWater

လူ့ခန္ဓာကိုယ်ဟာ ရေဓာတ် ၆၀ ရာခိုင်နှုန်းခန့် ပါဝင်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ခန္ဓာကိုယ် က အဓိကအားဖြင့် ချွေးနဲ့ ဆီးကြောင့် ရေဓာတ်အမြဲဆုံးရှုံးနေတာကြောင့် ဘယ်အသက်အရွယ်မှာမဆို ရေဓာတ်လုံလောက်မှုရှိနေဖို့က အရေးကြီးပါတယ်။ အသက်အရွယ်အိုမင်းလာတဲ့အခါ ရေဓာတ်ပိုမို ခန်းခြောက်နိုင်ပါတယ်။ ဒါ့အပြင် ကျောက်ကပ်ဟာ ခန္ဓာကိုယ် က ရေဓါတ်ကို ထိန်းသိမ်းဖို့ ကူညီပေးသော်လည်း အသက်ကြီးလာတာနဲ့ အမျှ သူ့ရဲ့လုပ်ဆောင်မှုကလည်း ဆုံးရှုံးသွားတတ်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းဟာ သက်ကြီးရွယ်အိုတွေအတွက် ဆိုးရွားတဲ့အကျိုး ဆက်တွေ ဖြစ်လာနိုင်ပါတယ်။

Featured Photo : Livestrong.com