လူတိုင်းလူတိုင်းက အသက်ရှည်ချင်ကြတာချည်းပါပဲ။ အသက်ရှည်ရှည် နေထိုင်နိုင်ဖို့ဆိုရင် ကျန်းမာရေး ကို အထူးအလေးပေးရမှာ ဖြစ်ပြီး ကောင်းမွန်သော အလေ့အကျင့်ကောင်းတွေကို ပျိုးထောင်ထားရမှာပါ။ ကျန်းမာခြင်းက လာဒ်ကြီးတစ်ပါး ဟု ဆိုသကဲ့သို့ ကျန်းမာမှ စိတ်သွားတိုင်းကိုယ်ပါပြီး လုပ်ချင်တဲ့ အရာခပ်သိမ်းကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ အသက်ရှည် ကျန်းမာစေဖို့ ဆိုရင် အရမ်းခက်ခဲတာမျိုး မဟုတ်ပါဘူး။ အခုဖော်ပြပေးမယ့် ရိုးရှင်းပြီး လူတိုင်း ကျင့်သုံးနိုင်တဲ့ အချက် (၄) ချက်ကို သေချာလိုက်နာရုံနဲ့ လုံလောက်ပါတယ်။
ဆေးလိပ်မသောက်ပါနဲ့
Photo : Vista Create
မိတ်ဆွေက ဆေးလိပ်သောက်တတ်တဲ့သူ တစ်ယောက်လား။ အသက်ရှည် ကျန်းမာချင်တယ်ဆိုရင် ပထမဆုံးလိုက်နာရမယ့် အချက်က ဆေးလိပ်မသောက်ဖို့ပါပဲ။ ဆေးလိပ်သောက်ခြင်းက သွေးကြောများ နှင့် အဆုတ်တို့ကို ထိခိုက်စေပြီး ဆေးလိပ်သောက်သူများက ကင်ဆာနှင့် လေဖြတ်နိုင်ခြေ ပုံမှန်လူများထက် အများကြီးပိုများပါတယ်။ ဒါ့အပြင် ဆေးလိပ်မှာပါတဲ့ ဓာတုပစ္စည်းတွေက သွေးစီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး အထူးသဖြင့် အမျိုးသားတွေအတွက် လိင်အင်္ဂါနဲ့ လိင်ပိုင်းဆိုင်ရာ ပြဿနာများကို ဖြစ်စေပါတယ်။ ဒါကြောင့် ဆေးလိပ်မသောက်ပါနဲ့။
ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
Photo : Vocal Media
မိတ်ဆွေတို့ရဲ့ ခန္ဓာကိုယ်ကို ပြန်ဆန်းစစ်ကြည့်ပါ။ ခန္ဓာကိုယ်မှာ မသိမသာ အဆီလေးတွေ စုလာပြီး ဝတဲ့ဘက်ကို ရောက်နေပါသလား။ ဒါဆိုရင်တော့ အဝမလွန်ခင် ကိုယ့်ရဲ့အရပ်နဲ့ ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ လိုပါတယ်။ အဝလွန်ခြင်းက နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာအများကြီး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားမှုများကို ပုံမှန်ပြုလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းများ ပုံမှန်လုပ်ခြင်းက မိတ်ဆွေတို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထောက်အကူပြုရုံသာမက ကျန်းမာသော ကိုယ်အလေးချိန်ကိုလည်း ထိန်းသိမ်းပြီးသား ဖြစ်စေပါတယ်။ တစ်နေ့လျှင် အနည်းဆုံး မိနစ် ၃၀ ခန့် ကိုယ်လက်လှုပ်ရှားမှုကို ပြုလုပ်ပါ။
ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများကို စားပါ
Photo : Vista Create
ယနေ့ခေတ် လူတော်တော်များများ ရောဂါဘယ ထူပြောရခြင်းရဲ့ အကြောင်းအရင်းများထဲက တစ်ခုကတော့ အစားအသောက်ကြောင့်ပါ။ အသင့်စား အစားအစာများကို များများစားခြင်း၊ ပြုပြင်ထားသော အသားများ၊ မသန့်ရှင်းသော အစားအစာများကြောင့် ကျန်းမာရေးထိခိုက်လာကြပါတယ်။ ဒါကြောင့် အသက်ရှည် ကျန်းမာစေဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများကို စားပေးဖို့ လိုပါတယ်။ နေ့စဉ် အစားအစာများထဲမှာ ပရိုတင်းနဲ့ အမျှင်ဓာတ်များပြီး အာဟာရ ပြည့်ဝသော အစားအစာကို မဖြစ်မနေ ထည့်သွင်းစားသုံးပါ။ ကယ်လိုရီများသော အစားအစာများ၊ ကျန်းမာရေးနဲ့ မညီညွတ်သော အစားအစာများ၊ အသင့်စား အစားအစာများကို မကြာခဏစားသုံးခြင်းကို ရှောင်ပါ။
အိပ်စက်မှု စက်ဝန်းမှန်ကန်ပါစေ
Photo : Vista Create
အိပ်စက်ခြင်းက လူ့ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်အတွက် အရေးကြီးသော အခန်းကဏ္ဍတစ်ခု ဖြစ်ပါတယ်။ မိတ်ဆွေတို့ရော နေ့စဉ်ကောင်းမွန်သော အိပ်စက်ခြင်းရှိပါသလား။ သာမာန်လူတစ်ယောက်အတွက် တစ်နေ့လျှင် အိပ်စက်အနားယူချိန် ၇ နာရီကနေ ၈ နာရီခန့်ရှိသင့်ပါတယ်။ ကောင်းမွန်စွာ အိပ်စက်နိုင်ခြင်းမရှိတာ၊ အိပ်ရေးပျက်တာ များလာပြီဆိုရင် လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်နိုင်ပြီး ရေရှည်မှာမလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာများကို ရင်ဆိုင်ရနိုင်ပါတယ်။ ဒါကြောင့် အိပ်ချိန်မှန်ပြီး အိပ်ရေးဝပါစေ။
အခုဖော်ပြပေးလိုက်တဲ့ အချက်လေးချက်ကို တိကျစွာလိုက်နာပြီး ကျန်းမာပျော်ရွှင် အသက်ရှည်သော ဘဝတစ်ခုကို ရယူလိုက်ပါ။
Source : Johns Hopkins
Featured Photo : AARP