အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်းသည် အသက်အရွယ်နှင့် များစွာ သက်ဆိုင်ပါတယ်။ အသက် အရွယ်ရလာလေလေ၊ ဒူးနာ ခါးနာ နှင့် အဆစ်အမြစ်များ ပိုမိုနာကျင်ကိုက်ခဲလေပါပဲ။ အထူးသဖြင့် ကိုယ်လက်လှုပ်ရှားမှု နည်းတဲ့သူများ၊ အဝလွန်သူများနှင့် အသက် (၅၀) ကျော် အမျိုးသားများတို့တွင် အဖြစ်များတတ်ပါတယ်။

သို့သော် အသက် (၅၀) ကျော်တိုင်းလည်း အဆစ်အမြစ်နာကျင် ကိုက်ခဲနေတာမဟုတ်ပါဘူး။ အချို့သော သက်လတ်ပိုင်းများ၊ လူကြီးများကို ကြည့်လိုက်ရင် ဒေါင်ဒေါင်မြည်နေပြီး ဘာရောဂါမှ မရှိတာကို တွေ့မြင်ရပါလိမ့်မယ်။ သူတို့ရဲ့ လျှို့ဝှက်ချက်က ဘာများဖြစ်မလဲ။ ကွီးတို့လည်း အသက် အရွယ်ကြောင့် ဒူးနာ ခါးနာ ခြင်း၊ အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်းတို့ မခံစားချင်ဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းအသွယ်သွယ်ကို အသုံးပြုနိုင်ပါတယ်။

နေ့ရက်တိုင်းမှာ ကိုယ်လက်လှုပ်ရှားမှု ရှိပါစေ

man workout at home

ဒေါင်ဒေါင်မြည်နေတဲ့လူတွေကို ကြည့်လိုက်ပါ။ အမြဲတစေဆိုသလို ကျန်းမာရေး လိုက်စားနေကြသူတွေဖြစ်ပြီး ကိုယ့်ရဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်သူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့သည် အခြားသူများထက် အရွယ်နှင့် မလိုက်အောင် အရွယ်တင်နုပျိုနေတာကို တွေ့မြင်ရမှာပါ။ တကယ်လို့ သင့်အနေနဲ့ သူတို့လိုမျိုး ဒေါင်ဒေါင်မြည်ချင်တယ်ဆိုရင် ကိုယ်လက်လှုပ်ရှားမှုကို နေ့စဥ်ရက်ဆက်ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ အရွယ်တင်နုပျိုဖို့အတွက်ကတော့ သာမန်ကိုယ်လက်လှုပ်ရှား ပြုလုပ်ရုံနဲ့ မလုံလောက်ပါဘူး။ အားကစားနှင့် Workout များကို ထဲထဲဝင်ဝင် လိုက်စားဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကမ္ဘာကျော် မင်းသားကြီးများလို ၄၀ ကျော်၊ ၅၀ တန်း ဝင်တာတောင်မှ ဆယ်ကျော်သက်လို နုပျိုနေမှာပဲဖြစ်ပါတယ်။

ကျန်းမာရေးနှင့် ညီညွှတ်တဲ့ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းထားပါ

အသက် ဒူးနာ ခါးနာ

ကျနော်တို့ရဲ့ လူမှုပတ်ဝန်းကျင်မှာ ၃၀ ကျော်လာပြီ၊ ၄၀ နား ကပ်လာပြီဆိုတာနဲ့ ဗိုက်ပူပူ၊ အဆီရွှဲရွှဲကြီးတွေ ဖြစ်သွားတတ်ပါတယ်။ ဒီလိုမျိုး ကိုယ်အလေးချိန် အဆမတန် တက်လာခြင်းသည်လည်း အရိုးအဆစ်များ နာကျင်ကိုက်ခဲမှုကို ဖြစ်ပေါ်စေပါတယ်။​ သင့်ရဲ့ အရိုးအဆစ်များသည် သင့်ရဲ့ ပုံမှန်ခန္ဓာကိုယ်အလေးချိန်ထက် ကျော်လွန်ကာ အလေးချိန်အပိုများကို ထမ်းနေရတဲ့အတွက်ကြောင့် အရိုးအဆစ်များ ရောင်ရမ်းနာကျင်လာရခြင်း ဖြစ်ပါတယ်။

လေ့လာတွေ့ရှိချက်တစ်ခုအရ ခန္ဓာကိုယ်အလေးချိန် တစ်ပေါင်ခန့် ကျသွားခြင်းသည် ဒူးဆစ်များအတွက် သူတို့ထမ်းထားရတဲ့ အလေးချိန် ၄ ပေါင်ခန့် လျော့ကျသွားတယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် အဆီတစ်သျှူးများသည် အဆစ်အမြစ်တစ်ဝိုက်တွင် ရောင်ရမ်းနာကျင်ခြင်းကို ဖြစ်ပေါ်စေတဲ့ ပရိုတင်းများကို ထုတ်လုပ်စေပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်မှာ အဆီပိုများ မရှိအောင် ဂရုစိုက်ခြင်းသည် အသက် အရွယ်ကြောင့် ဒူးခါ ခါးနာ ခြင်းတို့ကို မဖြစ်ပွားအောင် ကူညီရာရောက်ပါတယ်။

အာဟာရမျှတစွာ စားသုံးပါ

အသက် ဒူးနာ ခါးနာ

ခန္ဓာကိုယ်ကို အဝမလွန်အောင် ထိန်းခြင်းနှင့် အာဟာရမျှတစွာ စားသုံးခြင်းတို့သည် ဒွန်တွဲနေတာဖြစ်ပါတယ်။ ကိုယ့်ရဲ့ အစားအသောက်ကို အငန်၊ အဆီ၊ အချိုများ လျော့စားကာ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ များများစားသုံးပေးရမှာဖြစ်ပါတယ်။ ကျန်းမာရေးနှင့် ညီညွှတ်စွာ စားသုံးခြင်းအားဖြ်င့ အရိုးအဆစ်နှင့် ပတ်သက်တဲ့ ရောဂါများကို ကြိုတင်ကာကွယ်တားဆီးနိုင်သလို အခြားသော ရောဂါများ မဖြစ်ပွားအောင်လည်း ကာကွယ်နိုင်ပါတယ်။

တနေ့တာလုံး ရေဓာတ်ပြည့်ဝစွာ နေထိုင်ပါ

အသက် ဒူးနာ ခါးနာ

တကယ်လို့ သင့် ခန္ဓာကိုယ်သည် လုံလောက်တဲ့ ရေဓာတ်ကို မရရှိဘဲ ရေဓာတ်ခမ်းခြောက်နေမယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်သည် ရေဓာတ်ကို ရသမျှ နေရာများထံမှ စုပ်ယူမှာဖြစ်ပါတယ်။ အထူးသဖြင့် ရေဓာတ် ၈၀ ရာခိုင်နှုန်းခန့်ဖြင့် ဖွဲ့စည်းထားတဲ့ အရွတ်များထံမှ စုပ်ယူမှာဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ အရွတ်များလည်း ခြောက်လာပြီး ရောင်ရမ်းနာကျင် လာပါလိမ့်မယ်။ ဒါ့ကြောင့် တစ်နေ့လျှင် ရေ ၂ လီတာ ခန့် သောက်သုံးသင့်တာပဲဖြစ်ပါတယ်။

သင့်အနေနဲ့ အဆစ်အမြစ်များ နာကျင်ကိုက်ခဲမှုက ရက်ဆက်လာပြီး လအတန်ကြာသည်အထိ မပျောက်ကင်းဘူးဆိုရင်တော့ ဆရာဝန်ထံ အမြန်ဆုံး သွားရောက်ကုသမှု ခံယူသင့်ပါတယ်။

Source: Aarp

Featured Image: Reidhealth