လူ့ဘဝက တိုတိုလေးရယ်လို့ ပြောတဲ့စကား ကြားဖူးကြမယ် ထင်ပါတယ်။ ဟုတ်ပါတယ် အချိန်တွေ ကုန်တာမြန်သလို တစ်ရက်ချင်း အသက်တွေ ပိုကြီးလာတာနဲ့ အရမ်းကို မြန်ဆန်လွန်းပါတယ်။ တော်တော်များများကတော့ အသက် ၂၀ အရွယ်ဟာ လူတစ်ယောက်ရဲ့ဘဝမှာ အရေးကြီးဆုံးနဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံးလို့ အချိန်တစ်ခုလို့ ပြောကြပြီး တကယ်ကိုပဲ ဒီအသက်အရွယ် အပိုင်းအခြားတစ်ခုမှာ စိန်ခေါ်မှုတွေ ၊ ရွေးချယ်စရာ လမ်းကြောင်းတွေ ၊ စဉ်းစားဆုံးဖြတ်ရတာ အင်မတန်ကို များပြားလှပါတယ်။ အဓိက ကတော့ ပျော်ရွှင်ရင်ခုန်စရာတွေနဲ့ ပြည့်နှက်နေတဲ့ လူငယ်ဘဝကို လူငယ်ဆန်ဆန် ပြည့်ပြည့်ဝဝ ဖြတ်သန်းဖြစ်ခဲ့ဖို့ပါပဲ။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ အသက်ကြီးမှ နောင်တ မရစေဖို့ အသက် ၂၅ မတိုင်ခင် လုပ်သင့်တဲ့ အရာလေးတွေကို စုစည်းပြောပြ ပေးချင်ပါတယ်။

(၁) တစ်ကိုယ်တော် ခရီးသွားပါ

solo trip
Photo : OYO

လူငယ်ဘဝမှာ တစ်ကိုယ်တော် ခရီးထွက်ကို ထွက်ဖူးရပါမယ်။ ခရီးတစ်ခုကို ကိုယ်တိုင်အစီအစဉ်ဆွဲ ၊ ကိုယ်တိုင်ဦးစီးဦးဆောင်ပြီး သွားရတာဟာ ဘဝမှာ အရမ်းကို ထူးခြားပြောင်းလဲတဲ့ အတွေ့အကြုံအသစ်တစ်ခုကို ရရှိစေမှာ ဖြစ်ပါတယ်။ ခရီးသွားခြင်းက မတူညီတဲ့ နေရာဒေသတွေရဲ့ အလှအပတွေ ၊ ရိုးရာယဉ်ကျေးမှုတွေနဲ့ စိန်ခေါ်မှုအသစ်တွေကို ရရှိစေမှာ ဖြစ်တာကြောင့် တစ်ကိုယ်တော် ခရီးသွားခြင်းဟာ အသက် ၂၅ မတိုင်ခင် လူငယ်ဘဝမှာ လုံးဝ လက်မလွတ်သင့်တမ်း Try ကြည့်သင့်တဲ့ အတွေ့အကြုံတစ်ခု ဖြစ်ပါတယ်။

(၂) ဝါသနာကို ရှာဖွေပါ

man doing pottery
Photo : Freepik

ဒါဟာ ပြောတော့သာ လွယ်ပေမယ့် တကယ့် လက်တွေ့မှာတော့ အင်မတန် ခက်ခဲပါတယ်။ အသက် ၂၅ မတိုင်ခင် လူငယ်ဘဝကတည်းက ကိုယ်ဘာကို ဝါသနာပါလဲ ၊ ဘယ်လမ်းကြောင်းကို လျှောက်လှမ်းချင်တာလဲ ဆိုတာနဲ့ ပတ်သတ်ပြီး သေချာ အချိန်ယူလေ့လာ ရှာဖွေမှသာလျှင် သင်တကယ်သွားချင်တဲ့ အသက်မွေးဝမ်းကျောင်းတစ်ခုနဲ့ သင်တကယ်လုပ်ချင်တဲ့အရာတွေကို ပျော်ပျော်ရွှင်ရွှင် လုပ်ကိုင်သွားနိုင်မှာ ဖြစ်ပါတယ်။ ဘဝမှာ ငွေတစ်ခုတည်း ဒါမှမဟုတ် တခြားသော အကြောင်းပြချက်တစ်ခုခုကြောင့် ကိုယ်တကယ်မလုပ်ချင်တဲ့ အရာတွေကို လုပ်ကိုင်ရင်း ဖြတ်သန်းပြီး အချိန်မဖြုန်းမိပါစေနဲ့။ သင့်ရင်ထဲက လာတဲ့ အစစ်အမှန် ဝါသနာကို ရှာဖွေဖို့ လိုအပ်ပါတယ်။

(၃) တစ်ယောက်တည်း နေထိုင်ကြည့်ပါ

 living alone

Photo : Scimex

အရှေ့တိုင်း ယဉ်ကျေးမှုအရတော့ လူငယ်ဘဝကို မိဘတွေနဲ့အတူတူ နေထိုင်ရင်းနဲ့ပဲ မိဘတွေရဲ့ အရိပ်အာဝါသအောက်မှာ ဖြတ်သန်းကြတာ များပါတယ်။ တကယ်တော့ တစ်ယောက်တည်းနေထိုင်ခြင်းက သင့်ကိုယ်သင် ရှာဖွေတွေ့ရှိဖို့အတွက် ကူညီပေးနိုင်တဲ့ အကောင်းဆုံး နည်းလမ်းပါ။ ကိုယ်ခြေထောက်ပေါ် ကိုယ်တိုင်ရပ်တည်နိုင်ဖို့ ၊ ကိုယ်ဘဝကို ကိုယ်တိုင် ထိန်းချုပ်စီမံခန့်ခွဲနိုင်ဖို့ဆိုတာ တစ်ယောက်တည်း နေထိုင်ရင်းနဲ့မှ အကောင်းအဆိုး ၊ အကြောင်းအကျိုးတွေကို ပိုမိုသိရှိနားလည်လာနိုင်မှာပါ။ ကိုယ့်ရဲ့အားသာ်ချက် စွမ်းရည်တွေ ၊ ကိုယ်ရဲ့အားနည်းချက်လိုအင်တွေကို သိရှိနားလည်းပြီး ကိုယ့်ရဲ့အကောင်းဆုံး ဗားရှင်းကို ရှာတွေဖို့ အသက် ၂၅ ဝန်းကျင်မတိုင်ခင်မှာ မိဘအရိပ်အောက်ကနေ ထွက်ပြီးတစ်ယောက်တည်း နေထိုင်ဖြတ်သန်းကြည့်ဖို့ အကြံပေးချင်ပါတယ်။

(၄) ကျန်းမာတဲ့ အလေ့အထတွေကို စတင်မွေးမြူပါ

exercising
Photo : Pain Management Specialists

ကျန်းမာခြင်းဟာ အသက်လေးရလာလေ သိသာလာလေပါပဲ။ ငယ်တုန်းကတည်းက ကျန်းမာတဲ့ အလေ့အထတွေကို ကောင်းကောင်း မမွေးမြူခဲ့ဘူးဆိုရင် လူလတ်ပိုင်းနဲ့ လူကြီးပိုင်းကိုစတင်ဝင်ရောက်တဲ့ အရွယ်တွေမှာ ကောင်းကောင်းကြီး နောင်တရ ရပါလိမ့်မယ်။ ကျန်းမာမှ စိတ်နောက်ကိုယ်လိုက်နိုင်ပြီး ကိုယ်လုပ်ချင်တဲ့ အရာမှန်သမျှကို ကောင်းကောင်းလုပ်ဆောင်နိုင်မှာပါ။ ဒါကြောင့် လူငယ်ဘဝကတည်းက ကျန်းမာရေးနဲ့အညီ စားသောက်နေထိုင်မယ် ၊ အိပ်ချိန်စားချိန်တွေ မှန်အောင် ဂရုစိုက်မယ် ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်မယ် စသည်ဖြင့် ကျန်းမာတဲ့ အလေ့အထတွေကို စတင်မွေးမြူပြီး ကိုယ့်ကိုယ်ကိုယ် ကျန်းမာရေးကောင်းမွန်စေဖို့ ပြုစုစောင့်ရှောက်သွားဖို့ လိုအပ်ပါတယ်။

Featured Photo : Hotel Mousai