အသက် ၂၀ နောက်ပိုင်း အရပ်ထပ်မရှည်နိုင်တော့ဘူးလို့ ပြောတာ ကြားဖူးကြမယ်ထင်ပါတယ်။ အရပ်က အမျိုးသမီးတွေမှာ အသက် ၁၈ နှစ်အထိနဲ့ အမျိုးသားတွေမှာတော့ အသက် ၂၄ နှစ်အထိသာ ထပ်ရှည်နိုင်ခြေရှိတယ်လို့ ယေဘုယျအားဖြင့် သတ်မှတ်လို့ရပါတယ်။ အရွယ် ရောက်လို့ ကြီးကောင်ဝင်လာနဲ့အမျှ ဟော်မုန်းထုတ်လုပ်မှုတွေက တဖြည်းဖြည်း နှေးကွေးလာတဲ့အတွက် အရပ်ထပ်ရှည်ဖို့ ပိုမိုခက်ခဲလာတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသက် ၂၀ နောက်ပိုင်းမှာ လုံးဝအရပ်ထပ်မရှည်နိုင်တော့ဘူးဆိုတာကတော့ ဂျင်းလို့ပြောလို့ရပါတယ်။ ကွီးတို့အနေနဲ့ အသက် ၂၅ ကျော်ပြီးချိန်အထိ အရပ် လက်မအနည်းငယ် ထပ်ရှည်နိုင်ဖို့ အခွင့်အရေး တချို့ရှိပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် ခန္ဓာကိုယ် အဆစ်အပေါက်တွေ မတူကြတဲ့အတွက် အရပ်ရှည်နှုန်း ရလဒ်အပေါ်မှာလည်း ကွဲပြားမှုတွေရှိနိုင်ပေမယ့် ကွီးတို့ရဲ့ ကိုယ်ဟန်အနေအထားကို ပြုပြင်ပြီး သဘာဝအတိုင်း အရပ်ရှည်လာအောင် အခုပြောပြတဲ့နည်းလမ်းတွေနဲ့ လုပ်လို့ရနိုင်ပါတယ်။

(၁) သင့်လျော်တဲ့ အစားအသောက်နဲ့ အာဟာရမှီဝဲမှု ရှိပါစေ

Photo : IDEA Health & Fitness Association

အာဟာရဓာတ်ပြည့်ဝပြီး သင့်လျော် မှန်ကန်တဲ့ အစားအသောက်တွေကို စားသုံးတာဟာ အရပ် ရှည်လာစေဖို့ အဓိကအရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အာဟာရဓာတ်တွေကို ပြည့်စုံမျှတစွာ စားသုံးပေးတာဟာ ခန္ဓာကိုယ်ကြီးထွားသန်မာဖို့နဲ့ အရပ်ရှည်လာစေဖို့အတွက် များစွာအထောက်အပံ့ ဖြစ်စေပါတယ်။ ဒါ့အပြင် ကယ်လ်စီယမ်၊ ဗီတာမင် D ၊ ဖော့စဖရပ် ၊ အိုင်အိုဒင်းနဲ့ မဂ္ဂနီဆီယမ်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေဟာလည်း အရပ်ရှည်နှုန်းအပေါ်မှာ အလွန်သက်ရောက်မှု ရှိပါတယ်။ အစာကြေဖို့ခက်ခဲပြီး အာဟာရစုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေတဲ့ Trans Fats နဲ့ Saturated Fats စားသုံးမှုကိုတော့ ကန့်သတ်ထိန်းချုပ်ဖို့ လိုပါတယ်။ အသက် ၂၅ နောက်ပိုင်းမှာ ကျန်းကျန်းမာမာနဲ့ သဘာဝအတိုင်း အရပ်ရှည်လာဖို့ဆိုရင် ခန္ဓာကိုယ်က လိုအပ်တဲ့ ပရိုတင်း ၊ ကာဗိုဟိုက်ဒရိတ် ၊ အမိုင်နိုအက်ဆစ်နဲ့ ကယ်လ်စီယမ်ဓာတ်တွေကို အပြည့်အဝပေးစွမ်းနိုင်တဲ့ အောက်ပါ အစားအစာတွေကို စားပေးဖို့ အကြံပြုချင်ပါတယ်။

  • မုန်လာဥနီ
  • ကြက်ဥအနှစ်
  • အမဲသား
  • ငါး – တူနာ၊ မက်ကရယ်၊ ဆယ်လ်မွန်
  • အသည်း (ကြက်၊အမဲ)
  • အစိမ်းရောင်အရွက်များ
  • အာလူး
  • အခွံမာသီးတွေဖြစ်တဲ့ ဗာဒံစေ့၊ မြေပဲ
  • ကြက်သား
  • ပဲအမျိုးမျိုး
  • ပန်းသီးနဲ့ ငှက်ပျောသီးတို့လို အသီးအနှံများ
  • နို့နှင့်နို့ထွက်ပစ္စည်းများ ပဲဖြစ်ပါတယ်။

အာဟာရဓာတ် ပြည့်စုံမျှတစွာစားသုံးပေးဖို့အပြင် ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးနိုင်ဖို့အတွက် တစ်နေ့ကို အနည်းဆုံး ရေ ၆ ခွက်ကနေ ၈ ခွက်အထိ သောက်ပေးဖို့လည်းလိုအပ်ပါတယ်။

(၂) နေရောင်နဲ့ ထိတွေ့ပါ

Height

Photo : The New York Times

နေရောင်ခြည်ဟာ ဗီတာမင် D ဓာတ် အရင်းအမြစ်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဗီတာမင် D ဟာ အရိုးအဆစ်တွေရဲ့ ကြီးထွားမှုအပေါ် သက်ရောက်မှုရှိတာကြောင့် အရပ် ရှည်လာစေဖို့ရာမှာ များစွာအကူညီပေးနိုင်ပါတယ်။ နေရောင်နဲ့ထိတွေ့ခြင်းက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် D ပမာဏကို အပြည့်အဝ ရရှိစေပါတယ်။ အထူးသဖြင့် မနက်စောစော သို့မဟုတ် ညနေခင်းလို ခရမ်းလွန်ရောင်ခြည် အနိမ့်ဆုံးဖြစ်တဲ့ နေရောင်နဲ့ ထိတွေ့ခြင်းဟာ ခန္ဓာကိုယ်အတွက် အလွန်အကျိုးရှိပါတယ်။

(၃) Stretching နဲ့ Exercise လုပ်ပါ

Height

Photo : Men’s Health

လေ့ကျင့်ခန်းနဲ့ Stretching လုပ်ခြင်းက ကြီးထွားဟော်မုန်းတွေထွက်လာဖို့ များစွာလှုံ့ဆော်ပေးပါတယ်။ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းအားဖြင့် ကိုယ်ဟန်အနေအထားကို မြှင့်တင်ပေးပြီး အနည်းဆုံး တစ်လက်မခန့် အရပ် ထပ်ရှည်လာအောင် ကူညီပေးနိုင်ပါတယ်။ စက်ဘီးစီးခြင်းနဲ့ ရေကူးခြင်းကဲ့သို့ အားကစားလှုပ်ရှားမှုတွေကလည်း အရပ်ပိုရှည်စေဖို့ကို အထောက်အကူပြုပါတယ်။ အောက်ဖော်ပြပါ လေ့ကျင့်ခန်းတွေကတော့ အသက် ၂၅ နှစ် နောက်ပိုင်းမှာ အရပ်အနည်းငယ်ပိုရှည်လာဖို့ ကူညီပေးနိုင်ပါတယ်။

  • ကြိုးခုန်ခြင်း
  • ဘားခိုခြင်း
  • ယောဂကျင့်စဉ်များ
  • Forward Bend
  • Spot High Jump
  • Burpees တို့ပဲ ဖြစ်ပါတယ်။

(၄) အိပ်ချိန်လုံလောက်စွာ အိပ်စက်ပါ

Height

Photo : Gravity Blankets

အိပ်စက်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် များစွာသက်ရောက်မှုရှိတဲ့အပြင် အသက် ၂၅ နောက်ပိုင်း အရပ်လက်မအနည်းငယ် ပိုရှည်လာဖို့အတွက်လည်း အဓိကသက်ဆိုင်ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေစဉ်အတွင်းမှာ ကြီးထွားဟော်မုန်းတွေဟာ အရိုးတွေကို ကြီးထွားရှည်လျားလာစေဖို့ လုပ်ဆောင်ပေးပါတယ်။ ဒါ့အပြင် မှန်ကန်တဲ့ အိပ်စက်မှု ကိုယ်ဟန်အနေအထား ရှိခြင်းဟာလည်း အရပ်ရှည်ခြင်း လုပ်ငန်းစဉ်အတွက် သိပ်ကို အရေးပါပါတယ်။ ညဘက်မှာနှစ်ခြိုက်စွာအိပ်ပျော်စေဖို့နဲ့ ကိုယ်ဟန်အနေအထားမှန်မှန် အိပ်နိုင်ဖို့ အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။

  • သက်တောင့်သက်သာရှိတဲ့ မွေ့ရာ/အိပ်ရာခင်းကို သုံးပါ။
  • အိပ်ရာဝင်ချိန်မှာ သန့်ရှင်းပြီး နူးညံ့တဲ့ အဝတ်အစားတွေကို အမြဲဝတ်ပါ။
  • အိပ်ပျော်နေစဉ် အခန်းဟာ မှောင်ပြီး တိတ်ဆိတ်မှုရှိနေပါစေ။
  • အိပ်ရာမဝင်ခင် ရေနွေးနွေးလေးနဲ့ ရေချိုးခြင်းက အိပ်စက်ခြင်း အရည်အသွေးကို ပိုမိုကောင်းမွန်စေပါတယ်။
  • အိပ်ရာမဝင်ခင် Relax ဖြစ်စေဖို့နဲ့ နှစ်ခြိုက်စွာအိပ်ပျော်စေဖို့ အသက်ပြင်းပြင်းရှုသွင်း/ရှုထုတ်ပြုလုပ်ပေးပါ။

မှန်ကန်တဲ့ စားသောက်နေထိုင်မှုပုံစံ ၊ လေ့ကျင့်ခန်းနဲ့ ကောင်းမွန်တဲ့ အိပ်စက်ခြင်းတွေကို ပုံမှန်အလေးထား လုပ်ဆောင်မယ်ဆိုရင် အသက် ၂၅ နှစ်နောက်ပိုင်းလည်း အရပ် လက်မအနည်းငယ် ထပ်ရှည်လာဖို့ ဖြစ်နိုင်ပါတယ်။

Featured Photo : Medical News Today