ငွေကြေးမပူပင်ရပဲ ချမ်းသာပြီး ပြည့်စုံတဲ့ဘဝကို လူတိုင်း လိုချင်ကြပါတယ်။ ငယ်ရွယ်စဉ်မှာ လိုက်နာကျင့်သုံးတဲ့ အလေ့အကျင့်တွေကပဲ သင့်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝတဲ့ ဘဝတစ်ခုပိုင်ဆိုင်နိုင်ဖို့ အများကြီး အထောက်အကူဖြစ်စေမယ့် အဓိကအချက်တစ်ခု ဖြစ်ပါတယ်။ အချို့ အလေ့အကျင့် တွေက လူတိုင်းလိုက်နာကျင့်သုံးဖို့အတွက် ခက်ခဲကောင်းခက်ခဲနိုင်ပေမယ့် ဘဝနဲ့ပတ်သက်တဲ့ သင့်ရဲ့ခံယူချက်တွေကို တဖြည်းဖြည်းပြောင်းလဲပြီး သင်လိုချင်တဲ့ဘဝတစ်ခုကို ဖန်တီးဖို့ အာရုံစိုက်ထားရမှာပါ။ အခုပြောပြပေးမှာကတော့ အသက် ၃၀ မှာ ချမ်းသာချင်ရင် လိုက်နာရမယ့် အလေ့အကျင့်တွေအကြောင်း ဖြစ်ပါတယ်။

(၁) ဘဝရဲ့ ပန်းတိုင်တွေကို ခေါင်းထဲစွဲမြဲအောင် သံမှိုရိုက်ထားပါ

goal

Photo : Rupiko

ဘဝမှာ အောင်မြင်ချင်ရင် ခိုင်မာတဲ့ ရည်မှန်းချက် ပန်းတိုင်တစ်ခု ရှိနေရပါမယ်။ ကျွန်တော်တို့ဟာ ကိုယ်တိုင် ချမှတ်ထားတဲ့ ပန်းတိုင်ကို အရောက်လှမ်းဖို့ အမြဲကြိုးစားနေရမှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ အသက်အရွယ်အလိုက် ဝင်ငွေဘယ်လောက်ရချင်လဲဆိုတာကို ပြန်လည်ဆန်းစစ်ကြည့်ပါ။ အသက်အရွယ်တစ်ခု မတိုင်ခင်မှာ သင်ဘာလုပ်ချင်လဲ ၊ ဘယ်လိုဘဝမျိုး ပိုင်ဆိုင်ချင်လဲဆိုတာ သင့်အပေါ်မှာပဲ မူတည်ပါတယ်။ အဓိက ကိုယ့်ဘဝရဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို အမြဲခေါင်းထဲထည့်ပြီး တစိုက်မတ်မတ် ကြိုးစားမယ်ဆိုရင် သင်လိုချင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ မခက်ခဲတော့ပါဘူး။

(၂) ရှာနိုင်တာထက် လျှော့သုံးပါ

Money

Photo : Best Life

ကျွန်တော်တို့ တော်တော်များများဟာ ငွေသုံးရတာကို နှစ်သက်သဘောကျ ကြသူတွေချည်းပါပဲ။ သို့သော် ငွေကြေးသုံးစွဲမှုဆိုင်ရာ အခြေခံအချက်တစ်ခုအနေနဲ့ အမြဲလိုက်နာရမှာက ကျွန်တော်တို့ ရှာနိုင်တဲ့ ဝင်ငွေပမဏထက် လျှော့ပြီး သုံးစွဲဖို့ပါ။ လက်ရှိအချိန်မှာရနေတဲ့ ဝင်ငွေအားလုံးကို သုံးဖြုန်းပစ်မယ်ဆိုရင် အနာဂတ်အတွက် တကယ်ကို ရင်လေးစရာ အခြေအနေတစ်ခု ဖြစ်လာနိုင်ပါတယ်။ တွက်ချက်ခြင့်ချိန်သုံးစွဲခြင်းဟာ လက်ရှိအချိန်မှာရော အနာဂတ်အတွက်ပါ ငွေကြေးဆိုင်ရာ စိတ်အေးရမယ့် အလေ့အကျင့်တစ်ခု ဖြစ်ပါတယ်။

(၃) ငွေစုပါ / ရင်းနှီးမြုပ်နှံပါ

saving money

Photo : The Balance

ငွေစုဖို့အတွက် နောက်ကျတယ်ဆိုတာ မရှိပါဘူး။ သို့သော် စောစောငွေစ,စုနိုင်လေ အခွင့်အရေးကောင်းတွေပိုပြီး ပိုင်ဆိုင်နိုင်လေပါပဲ။ ငွေကြေးဆိုင်ရာအခက်အခဲတွေကို ဖြေရှင်းပြီး နောင်တစ်ချိန်မှာ ငွေကြေးပူပင်မှုဆိုင်ရာ ပြဿနာတွေ နည်းသွားစေဖို့ ကိုယ့်ရဲ့တစ်လတာ ဝင်ငွေထဲက တစ်ချို့တဝက်ကို စုဆောင်းတာ ဒါမှမဟုတ် ပြန်လည်ရင်းနှီးမြုပ်နှံတာမျိုး လုပ်ဖို့လိုပါတယ်။ ဒါဟာ ရှေ့လာမယ့် အနာဂတ်မှာ ငွေကြေးအပူအပင်ကင်းပြီး သက်သာချောင်ချိတဲ့ ဘဝတစ်ခုရရှိဖို့ ကူညီပေးပါလိမ့်မယ်။

(၄) ကိုယ့်ကိုယ်ကိုယ် ဖြည့်ပါ

Refine your skill sets

Photo : Personalities Lab

သင့်ကို အခုထက်ပိုပြီး ငွေပိုရှာနိုင်စေမယ့် အချက်တစ်ခုက သင့်ကိုသင် အရည်အချင်းပြည့်ဝတဲ့ လူတစ်ယောက်ဖြစ်အောင် ဖြည့်တင်းဖို့ပါပဲ။ အရည်အချင်းပြည့်ဝတဲ့ လူတစ်ယောက်ဖြစ်လေလေ သင့်ဘဝအတွက် ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းကောင်းတွေ ပိုင်ဆိုင်လာနိုင်လေ ဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အခုထက်ပိုပြီး မတူညီတဲ့ အရည်အချင်းတွေကို သင်ယူကာ တတ်နိုင်သမျှ ဗဟုသုတတွေ စုဆောင်းပါ။ ဘယ်အတတ်ပညာမှ အလဟဿ မဖြစ်ပါဘူး။ အသစ်အဆန်းတွေကို လေ့လာပြီး ငွေရှာလို့ရတဲ့ ဝါသနာတွေကို အမြဲကြိုးစားရှာဖွေနေသင့်ပါတယ်။

Featured Photo : Inc. Magazine