လူတစ်ယောက် အသက်ကြီးတဲ့အထိ လူငယ်တစ်ယောက်လို နုပျိုနေတာ ဘုရားပေးတဲ့ဆုလို့ ပြောကြပါတယ်။ တကယ်တော့ ဒါဟာ အဲ့ဒီလူရဲ့ နေထိုင်မှုပုံစံနဲ့ မိမိကိုယ်ကိုယ်ဂရုစိုက်မှုကြောင့်ပါ။ အရွယ်တင်နုပျိုဖို့ အဓိကအားဖြင့် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ Lifestyle တစ်ခုကို သေချာလေး အချိန်ပေးမွေးမြူသွားရမှာပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်တာ ၊ အစားအသောက်ထိန်းတာ ၊ စကွင်းကဲပုံမှန်လုပ်တာ စသည်ဖြင့်ပေါ့။ ဒီထဲမှာ Green Tea ဟာလည်း နုပျိုခြင်းရဲ့ လျို့ဝှက်ချက်တစ်ခု ဖြစ်ပါတယ်။ Green Tea ဟာ ကျန်းမာရေးအကျိုးကျေးဇူးတွေ များသလို အသားအရေ နုပျိုစေဖို့လည်း များစွာအထောက်အကူ ပြုပါတယ်။ ဒီတစ်ခေါက်တော့ အသက် ၆၀ လောက်ထိ နုပျိုချင်တဲ့ ကွီးတို့အတွက် Green Tea ကပေးတဲ့ အကျိုးကျေးဇူးတွေကို မျှဝေပေးချင်ပါတယ်။

(၁) ဝက်ခြံတွေကို ထိန်းပေးနိုင်တယ်

Photo : Mambino Organics

ဝက်ခြံဆိုတာ ဆယ်ကျော်အရွယ်ကစပြီး လူတိုင်းကြုံတွေ့ရတဲ့ အဖြစ်အများဆုံး အသားအရေ ပြဿနာတစ်ခုပါ။ ချွေးပေါက်တွေ ပိတ်ဆို့တာ၊ ဟော်မုန်းမညီမျှတာ ၊ ဆီဘမ်တွေအလွန်အကျွံထွက်တာနဲ့ ပိုးဝင်တာတွေကြောင့် ဖြစ်တတ်ပါတယ်။ Green Tea ကတော့ ဒီလိုဝက်ခြံပြဿနာတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။ Green Tea ကို ၂ ပတ်ကြာ လိမ်းပေးမယ်ဆိုရင် မွေးညှင်းပေါက်တွေအတွင်း အဆီဖုထွက်တာနဲ့ ရောင်ရမ်းတာတွေကို လျှော့ချပေးနိုင်တယ်လို့ လေ့လာမှုတချို့က ဆိုထားပါတယ်။

(၂) နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးတယ်

Photo : Mashed

အသားအရေ ပျက်စီးမှုကို ဖြစ်စေတဲ့ အဓိကတရားခံတွေထဲမှာ ကျွန်တော်တို့ နေ့စဉ်ထိတွေ့နေရတဲ့ နေရောင်ခြည်ကလည်း အပါအဝင်ပါပဲ။ နေရောင်ခြည်မှာ ပါတဲ့ ခရမ်းလွန် ရောင်ခြည်ဓာတ်တွေဟာ အသားအရေကို ဆိုးရွားစွာထိခိုက်ပျက်စီးမှုကို ဖြစ်စေနိုင်ပါတယ်။ Green Tea ဟာ ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နေလောင်တာ ၊ အသားအရေကြမ်းတမ်းပျက်စီးတာ ၊ အိုမင်းရင့်ရော်ခြင်း လက္ခဏာတွေအပါအဝင် အရေပြားကင်ဆာကိုလည်း တားဆီးကာကွယ်ပေးနိုင်ပါတယ်။ Green Tea ကို အရေပြားပေါ်တိုက်ရိုက်လိမ်းတာ သို့မဟုတ် Green Tea ပါတဲ့ အလှကုန်တွေအသုံးပြုတာ စတဲ့နည်းလမ်းတွေနဲ့ နေရောင်ခြည်ဒဏ်ကတဆင့် ဖြစ်ပေါ်လာနိုင်တဲ့ အသားအရေပျက်စီးခြင်းတွေကို ကာကွယ်နိုင်ပါတယ်။

(၃) အရေးအကြောင်းတွေကို ထိန်းညှိပေးတယ်

Photo : Swirlster

အသက်လေးရလာတာနဲ့အမျှ အိုမင်းရင့်ရော်ခြင်းရဲ့ လက္ခဏာရပ်တွေဖြစ်တဲ့ အရေးအကြောင်းတွေဟာ စတင်ပေါ်လာတာပါပဲ။ ကျွန်တော်တို့ရဲ့ အရေပြားမှာရှိတဲ့ Collagen နဲ့ Elastin ဓာတ်တွေဟာ အသက်ကြီးလာချိန်မှာ တဖြည်းဖြည်း ပြိုကွဲလာပြီး အသားအရေ တင်းရင်းမှုကို သိသိသာသာလျော့ကျလာစေကာ အရေးအကြောင်းတွေ စတင်ဖြစ်ပေါ်လာစေတာပါ။ လေ့လာမှုတွေအရတော့ Green Tea အရည်ဟာ Collagen ပြိုကွဲမှုကိုနှောင့်နှေးစေပြီး အရေးအကြောင်းနဲ့ အရေပြားလျော့တွဲမှု ပြဿနာတွေကို လျော့ကျစေနိုင်တယ်လို့ ဆိုပါတယ်။ Green Tea မှာပါဝင်တဲ့ Antioxidant တွေဟာလည်း အရေးအကြောင်းတွေကို လျှော့ချပေးပြီး အသားအရေ နုပျိုကျန်းမာနေစေဖို့အတွက် အများကြီးအထောက်အပံ့ပေးပါတယ်။

(၄) မျက်လုံးတဝိုက်က အရေပြားကို ကာကွယ်ပေးတယ်

Photo : eMediHealth

ကျွန်တော်တို့ရဲ့ မျက်လုံးတဝိုက်က အရေပြားဟာ ပါးလွှာပြီး အလွန်နုနယ်လွန်းပါတယ်။ မျက်လုံးတဝိုက်က အရေပြားတွေ လျော့တွဲတာ ၊ မျက်ကွင်းညိုတာတွေဟာ အိုမင်းရင့်ရော်ပုံပေါက်စေတဲ့ အချက်တွေပဲ မဟုတ်လား။ ဒါတွေဟာ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှု ၊ စိတ်ဖိစီးမှု ၊ နေထိုင်မှုပုံစံ ညံ့ဖျင်းမှု ၊ မျိုးရိုးဗီဇနဲ့ အိပ်ရေးမဝခြင်းတွေကြောင့် အဓိကဖြစ်ရတာပါ။ Green Tea မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေ ၊ ရောင်ရမ်းမှု ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေနဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ကာကွယ်ပေးတဲ့ ဂုဏ်သတ္တိတွေဟာ မျက်လုံးတဝိုက်မှာရှိတဲ့ အရေပြားကို အရေးအကြောင်းတွေဖြစ်ခြင်း ၊ လျော့တွဲခြင်းနဲ့ မဲညစ်ခြင်းတွေကနေ ကာကွယ်ပေးနိုင်ပြီး နုပျိုတဲ့အသွင်အပြင်ကို ဖော်ဆောင်ပေးပါတယ်။ Green Tea အိတ်ကို အအေးခံပြီး မိနစ်အနည်းငယ်ခန့် မျက်လုံးအရေပြားတဝိုက် ကပ်ပေးတာမျိုး လုပ်နိုင်ပါတယ်။

အခုပြောပြပေးခဲ့တာကတော့ အသားအရေအတွက် Green Tea ကပေးတဲ့ ကောင်းကျိုးတွေပါပဲ။ ကွီးတို့ရော အသက် ၆၀ လောက်ထိ နုပျိုချင်ပါသလား???

Featured Photo : GQ