ကွီးတို့ရေ လူတွေရဲ့ အသည်း ဟာ လုပ်ငန်းဆောင်တာ ၅၀၀ ကျော်ကို လုပ်ဆောင်ပေးသည့် အရေးကြီးသော အင်္ဂါနှင့် ဂလင်းတစ်ခု ဖြစ်ပါတယ်။ အသည်းရဲ့ အရေးကြီးဆုံးလုပ်ဆောင်ချက်တစ်ခုက အစာချေဖျက်ပြီး စွမ်းအင်အဖြစ်သို့ ပြောင်းလဲပေးခြင်း ဖြစ်ပါတယ်။ ပေါင်မုန့်နှင့် အာလူးကဲ့သို့သော ကာဗိုဟိုက်ဒရိတ်များကို ဂလူးကို့စ်အဖြစ် ဖြိုခွဲပြီး အဓိကအားဖြင့် အသည်းနှင့် ကြွက်သားများတွင် ဂလိုင်ကိုဂျင် Glycogen အဖြစ် သိုလှောင်ပေးပါတယ်။ ဒါ့အပြင် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးကာ ဗီတာမင်များကို ပြုလုပ်ပေးကာ မှန်ကန်သော သွေးစေးပျစ်ခြင်းကို ထိန်းသိမ်းပေးပြီး ကြွက်သားများ လုပ်ငန်းအတွက် ကာကွယ်ပေးပါတယ်။ သွေးထဲမှ အဆိပ်အတောက်များကို စစ်ထုတ်ပေးပြီး ဆေးဝါးများနှင့် အရက်များကို ရှင်းလင်းပေးပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကြွက်သားများ ကြီးထွားလာသောအခါတွင် လိုအပ်ချက်များကို အသည်းမှ ဖြည့်ဆီးပေးတဲ့အပြင် နှလုံးကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်။ ဒါကြောင့် ကွီးတို့ရဲ့ အသည်း ကျန်းမာရေး အတွက် လိုက်နာဆောင်ရွက်သင့်တဲ့ မှန်ကန်တဲ့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

ကျန်းမာသောကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ

အသည်း ကျန်းမာရေး

Photo : Weight loss Surgery Plus

အကယ်၍ ကွီးဟာ အဝလွန်သူ သို့မဟုတ် အနည်းငယ် အဝလွန်နေမယ်ဆိုရင် အရက်ကြောင့် မဟုတ်သော အသည်းအဆီဖုံးရောဂါ (NAFLD) ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါက အဖြစ်များတဲ့ အသည်းရောဂါတစ်ခု ဖြစ်ပါတယ်။ ကိုယ်အလေးချိန် လျှော့ချခြင်းက အသည်းအဆီဖုံးခြင်းကို လျှော့ချရာတွင် အရေးပါသော အကြောင်းတစ်ခုဖြစ်ပါတယ်။

မျှတသောအစားအစာကိုစားပါ

အသည်း ကျန်းမာရေး

Photo : BarBend

ကွီးတို့ရဲ့ အသည်း ကျန်းမာဖို့အတွက် အစားအသောက်ကလည်း အရေးကြီးပါတယ်။ ကယ်လိုရီများသော အစားအစာများ၊ ပြည့်ဝဆီများ၊ သန့်စင်ထားသော ကာဗိုဟိုက်ဒရိတ် (ဥပမာ ပေါင်မုန့်ဖြူ၊ ဆန်ဖြူနှင့် ပုံမှန်ခေါက်ဆွဲ) နှင့် သကြားများကို ရှောင်ပါ။ အစိမ်း သို့မဟုတ် မကျက်သေးသော အခွံမာငါးများကို မစားပါနှင့်။ ကောင်းစွာ ချိန်ညှိထားသော အစားအစာအတွက် လတ်ဆတ်သော သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ကောက်နှံပေါင်မုန့်များ၊ ဆန်နှင့် ကောက်ပဲသီးနှံတို့ကနေရတဲ့ အမျှင်ဓာတ်ကို စားပါ။

အသား (သို့သော်လည်း အနီရောင်အသားဖြစ်ရင် အနည်းငယ်သာ) ၊ နို့ထွက်ပစ္စည်း (အဆီနည်းသောနို့နှင့် ဒိန်ခဲအနည်းငယ်) နှင့် အဆီများ (ဟင်းသီးဟင်းရွက်ဆီများ၊ အခွံမာသီးများ၊ အစေ့အဆန်များနှင့် ငါးများကဲ့သို့ Monounsaturated နှင့် Polyunsaturated ရှိသော “ကောင်းသော” အဆီများ) ကို စားပါ။ ရေဓာတ်လိုအပ်တဲ့အတွက် ရေများများသောက်ပါ။

လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ

အသည်း ကျန်းမာရေး

Photo : Business Insider

လေ့ကျင့်ခန်း ပုံမှန်လုပ်တဲ့အခါ လောင်စာဆီအတွက် Triglycerides လောင်ကျွမ်းစေပြီး အသည်းအဆီ တွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ကွီးအနေနဲ့ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်သာမက အသည်း ကျန်းမာရေးအတွက် အမှန်တကယ် လိုအပ်ပါတယ်။ တစ်နေ့ကို အနည်းဆုံး နာရီဝက်ခန့် အချိန်ပေးပြီး ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးပါ။

မူးယစ်စေတတ်သော အရာများ သုံးစွဲခြင်းမှာ ရှောင်ပါ

အသည်း ကျန်းမာရေး

Photo : OrissaPOST

စာရင်းဇယားဖော်ပြချက်တွေကို ကြည့်မယ်ဆိုရင် ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေ နှစ်စဉ် တိုးနေတာတွေ့ရပါတယ်။ မူးယစ်ဆေးဝါးတွေဟာ ရှူဆေး၊စားဆေးအပြင် အကြောထဲထိုးသွင်းဆေး ဆိုပြီး ပုံစံမျိုးစုံနဲ့ ပြန့်နှံ့သုံးစွဲနေကြပါတယ်။ ‌မူးယစ်ဆေးဝါးသုံးစွဲခြင်းက ကျန်းမာရေးအပြင် လူမှုဘဝ ကိုပါ ထိခိုက်ကြောင်း သိထားပါ။ အရက်ဟာ အသည်းဆဲလ်များကို ပျက်စီးစေနိုင်ပြီး အသည်းကို အမာရွတ်ဖြစ်စေနိုင်ပါတယ်။ ကွီးအတွက် သင့်တော်သော အရက်ပမာဏကို သာချင့်ချိန် သောက်သုံးပါ။ ဆေးလိပ်မသောက်ပါနဲ့။

လုံခြုံသောလိင်ဆက်ဆံခြင်းကိုလေ့ကျင့်ပါ

liver health

Photo : Women’s Health

အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း သို့မဟုတ် လူအရေအတွက်များစွာနှင့် လိင်ဆက်ဆံခြင်းက ကွီးတို့ကို အသည်းရောင်အသားဝါ ဘီနှင့် အသည်းရောင် စီ ဖြစ်နိုင်ခြေကို တိုးစေပါတယ်။ ဒါ့အပြင် ကွီးတို့ရဲ့ တစ်ကိုယ်ရည် ပစ္စည်းများကို မျှဝေသုံးစွဲခြင်း မပြုပါနဲ့။ ဥပမာအားဖြင့်၊ မုတ်ဆိတ်ရိတ်ဓား၊ သွားတိုက်တံနှင့် လက်သည်းညှပ်များဟာ သွေး သို့မဟုတ် ညစ်ညမ်းနိုင်သည့် အခြားခန္ဓာကိုယ်အရည်များကို ထိမိသယ်ဆောင်တတ်ပါတယ်။ အကယ်လို့ အသည်းရောင် အသားဝါရောဂါလို ရောဂါတစ်ခုခု ရှိမယ်ဆိုရင် အခြားသူကို လွယ်ကူစွာ ကူးစက်နိုင်ပါတယ်။

လက်များကို ဂရုစိုက်ဆေးကြောပါ

liver health

Photo : News Medical

ရောဂါပိုးတွေဟာ လက်ကနေ တဆင့် ခန္ဓာကိုယ်ထဲ ကူးစက်ပြန့်နှံ့နိုင်ပါတယ်။ အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးပါ။ အစားအစာကို ပြင်ဆင်တာ၊ စားသောက်တာ မလုပ်ခင် ဆပ်ပြာနှင့် ရေကို အသုံးပြုပြီး စင်ကြယ်အောင် ဆေးကြောတဲ့ အလေ့အကျင့်ကောင်းကို လုပ်ဆောင်ပါ။

ဆေးအားလုံးအတွက် လမ်းညွှန်ချက်များကို လိုက်နာပါ

liver health

Photo : Healthline

ဆေးဝါးများ အလွန်အကျွံသောက်ခြင်း၊ အမျိုးအစားမှားခြင်း သို့မဟုတ် ဆေးဝါးများ ရောစပ်ခြင်းသောက်ခြင်းက ကွီးရဲ့အသည်းကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဆေးဝါးအများစုက ဓါတုပစ္စည်းတွေ ဖြစ်လို့ပါ။ ဒါကြောင့် အသည်း ကျန်းမာရေး ကို ထိခိုက်မှု မရှိအောင် ဆေးဝါးတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာသောက်သုံးဖို့ လိုအပ်ပါတယ်။

ကာကွယ်ဆေးထိုးပါ

LIVER HEALTH

Photo : Healthline

အသည်း ကျန်းမာရေး အတွက် အသည်းရောင်အသားဝါ အေနဲ့ အသည်းရောင်အသားဝါ ဘီ အတွက် ကာကွယ်ဆေးတွေကို ထုတ်လုပ်နိုင်ပြီဖြစ်လို့ ကွီးရဲ့ဆရာဝန်တိုင်ပင်ပြီး ကာကွယ်ဆေးထိုးပါ။ အသည်းရောင်အသားဝါ စီ ပိုးအတွက် ကာကွယ်ဆေးမရှိသေးဘူးဆိုတာကိုလည်း သိထားပါ။

ကွီးတို့ရေ အထက်မှာဖော်ပြထားတာက အသည်း ကျန်းမာရေး အတွက် လိုက်နာသင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒီအချက်တွေကို လိုက်နာလုပ်ဆောင်မယ်ဆိုရင် ကွီးကိုယ်တိုင် ကျန်းမာတဲ့ အသည်းပိုင်ရှင် ဖြစ်လာမှာပါ။

Source : American Liver Foundation

Featured Photo : Parade