ယနေ့ခေတ်မှာ အမျိုးသမီးများသာမက အမျိုးသားများပါ အသားအရေ ကို ဂရုစိုက်လာကြပါတယ်။ ဒါဟာကောင်းတဲ့အချက်ပါ။ စျေးကွက်မှာလဲ အမျိုးသားများအတွက် အသားအရေထိန်းသိမ်းတဲ့ ထုတ်ကုန်မျိုးစုံကို အလွယ်တကူတွေ့ရှိနိုင်ပါတယ်။ ကြည်လင်စိုပြေသော အသားအရေရှိခြင်းဟာ ကွီးတို့အား ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးစေပါတယ်။ ဒါကြောင့် ကွီးတို့ကို ဒီနေ့မှာ မျက်နှာ အသားအရေကို စိုပြေ ကြည်လင်နေစေဖို့ နဲ့ ကျန်းမာတဲ့ အသားအရေ ရရှိနိုင်စေဖို့အတွက် ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းလေးများ ကိုဖော်ပြချင်ပါတယ်။

(၁) မျက်နှာကို စနစ်တကျဆေးကြောပါ

အသားအရေကို ကြည်လင်နေစေဖို့

Photo : Real Man Real Style

ကွီးတို့ မျက်နှာ အသားအရေကို ကြည်လင်နေစေဖို့ အတွက် အဓိကဂရုစိုက်ရမဲ့ အခြေခံအချက်ကတော့ မျက်နှာကို အနည်းဆုံး တစ်နေ့ ၂ ကြိမ်မှန်မှန်သစ်ဖို့ပါပဲ။ မျက်နှာသစ်တဲ့နေရာမှာလည်း ကွီးတို့ရဲ့ မျက်နှာ အသားအရေနဲ့ လိုက်ဖက်တဲ့ မျက်နှာသစ်ဆေးကို အသုံးပြုဖို့လိုပါတယ်။ ဒါ့အပြင် မျက်နှာမှာရှိတဲ့ အညစ်အကြေးတွေ အကုန်လုံးသန့်စင်စေရန်အတွက်လည်း စနစ်တကျဆေးကြောဖို့လိုပါတယ်။

(၂) Moisturizer နေ့တိုင်းလိမ်းပေးပါ

အသားအရေကို ကြည်လင်နေစေဖို့

Photo : Comestify.com

မျက်နှာ အသားအရေကိုစိုပြေနေစေဖို့ Moisturizer တစ်နည်းအားဖြင့် အစိုဓာတ်ပေးတဲ့ Cream တစ်မျိုးမျိုးကို လိမ်းပေးသင့်ပါတယ်။ Moisturizer ဟာ မျက်နှာ အသားအရေကို ရေဓာတ်ပြည့်ဝပြီး စိုပြေနုပျိုစေပါတယ်။ ကွီးတို့အနေနဲ့ အခြားသော Skin Care များကို ဆက်လက်မလိမ်းချင်ဘူး ဆိုလျှင်တောင် Moisturizer ကိုတော့ အမြဲလိမ်းပေးဖို့ လိုပါတယ်။

(၃) ရေများများသောက်ပါ

အသားအရေကို ကြည်လင်နေစေဖို့

Photo : ADV Vision

လူ့ခန္ဓာကိုယ်ဟာ ရေဓာတ်နဲ့အများဆုံး ဖွဲ့စည်းထားတာဖြစ်လို့ မျက်နှာ အသားအရေ စိုကြည်လင်နေစေဖို့ဆိုလျှင် အရေပြားအတွင်းပိုင်းမှာလည်း ရေဓာတ်ပြည့်ဝနေစေဖို့ လိုပါတယ်။ အကြံပြုချက်များအရ ရေကိုတစ်နေ့ ခြောက်ခွက်မှ ရှစ်ခွက်အထိ သောက်သုံးသင့်တယ်လို့ ဆိုထားပါတယ်။ ရေကို အလုံအလောက်သောက်ခြင်းသည် ကွီးတို့ရဲ့ အသားအရေကိုစိုပြေကျန်းမာစေသည်သာမက အခြားသော ကျန်းမာရေးကျေးဇူးများလည်း ရရှိစေပါတယ်။ နောက်တစ်ချက်အနေနဲ့ ကဖိန်းဓာတ်နဲ့ အယ်လ်ကိုဟောသောက်ခြင်းကိုလည်း ဂရုပြုရပါမယ်။ ကဖိန်းဓာတ်နဲ့ အယ်လ်ကိုဟောဟာ ခန္ဓာကိုယ်ရဲ့ ရေဓာတ်ကိုခမ်းခြောက်စေလို့ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ အသားအရေကိုလည်း ခြောက်ကပ်စေပါတယ်။

(၄) အိပ်ချိန်မှန်ကန်ပါစေ

Sleeping Man

Photo : Men’s Journal

ကွီးတို့ရေ သာမန်လူတစ်ယောက်အတွက် အိပ်ချိန်ဟာ ခုနစ်နာရီမှ ရှစ်နာရီ ကြားရှိသင့်ပါတယ်။ အိပ်ချိန် အလုံအလောက်မရှိခြင်းနဲ့ နောက်ကျမှ အိပ်စက်ခြင်းဟာ အိုမင်းရင့်ရော်မှုကို မြန်ဆန်စေတယ်လို့ ဆိုထားပါတယ်။ ခန္ဓာကိုယ်အတွက် အကောင်းဆုံး ဖြစ်ဖို့ဆိုလျှင် နေ့စဉ် တစ်သတ်မတ်တည်း အချိန်မှန်မှန် အိပ်စက်အနားယူဖို့လိုပါတယ်။

(၅) နေရောင်ကာ ခရင်မ်လိမ်းပါ

Forbes

Photo : Forbes

ကွီးတို့ မျက်နှာ အသားအရေကို ကြည်လင်နေစေဖို့ သာမက အရေးအကြောင်းများ၊ တင်းတိတ်များ၊ အစက်အပြောက်များနှင့် အရေပြားကင်ဆာတို့ကို ဖြစ်စေနိုင်သည့် နေရောင်ခြည်ဒဏ်ကို ကာကွယ်ရန်၊ အပြင်မထွက်မီ ကွီးတို့မျက်နှာအသားအရေ၊ နားနှင့် လည်ပင်းများ အပါအဝင် နေရောင်ကာခရင်မ်ကို လိမ်းပေးဖို့ လိုအပ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ဟာ အိုမင်းရင့်ရော်မှုကိုလည်း မြန်ဆန်စေပါတယ်။ ပူပြင်းတဲ့နေရောင် အောက်မှာ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ရန်အတွက် SPF 30 အထက် ရှိသော နေရောင်ကာခရမ်ကို နေ့တိုင်းလိမ်းပေးပါ။

အခုဖော်ပြပေးလိုက်တာ ကွီးတို့မျက်နှာ အသားအရေကို စိုပြေ ကြည်လင်နေစေဖို့ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းကောင်းလေးတွေပဲ ဖြစ်ပါတယ်။

Source : American Academy of Dermatology Association

Featured Photo : Guide