Dry Skin လို့ခေါ်တဲ့ အသားအရေ ခြောက်သွေ့သူတွေ အတွက် ပျားရည် ဟာ သဘာဝနတ်ဆေးပါ။ ပျားရည်ဟာ သဘာဝအတိုင်း အစိုဓာတ်ထိန်းပေးပြီး အသားအရေကို နူးညံ့တင်းရင်းစေကာ ရောင်ရမ်းမှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ Dry Skin ပိုင်ရှင်တွေအတွက် ပျားရည် ရဲ့ အသုံးဝင်ပုံတွေကို မျှဝေပေးလိုက်ပါတယ်။

(၁) သဘာဝအတိုင်း အစိုဓာတ်ထိန်းပေးတယ်

Phooto : ROOTS – Organic Store

ပျားရည်ဟာ သဘာဝအစိုဓာတ် ထိန်းဆေးတစ်မျိုးဖြစ်ပြီး အသားအရေခြောက်သွေ့ခြင်းကို ကာကွယ်ကုသပေးပါတယ်။ ပျားရည်မှာ နက်ရှိုင်းစွာ စိမ့်ဝင်နိုင်တဲ့ အင်ဇိုင်းတွေ ပါဝင်တာကြောင့် အရေပြားအတွင်းပိုင်းလွှာအထိ အစိုဓာတ်ကို ဖြည့်တင်းပေးပါတယ်။ တစ်နေ့တာလုံး သဘာဝအတိုင်း ကြည်လင်ဝင်းပပြီး နူးညံ့ချောမွေ့တဲ့ အသားအရေကို ရရှိစေနိုင်ပါတယ်။

(၂) အသားအရေ ဆိုင်ရာပြဿနာတွေကို ကုသပေးနိုင်တယ်

Phooto : Martha Stewart

နှင်းခူနဲ့ ဆိုရီယေးစစ် တို့လို အချို့သော အရေပြားနဲ့ သက်ဆိုင်တဲ့ ပြဿနာ အခြေအနေတွေဟာ အသားအရေ ခြောက်သွေ့ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုအမျိုးမျိုးသော အရေပြားပြဿနာတွေကို ကုစားရာမှာ ပျားရည်ကို ထိရောက်စွာ အသုံးပြုနိုင်ပါတယ်။ Ayurvedic ဆေးပညာမှာလည်း အပူလောင်ခြင်း ၊ ဒဏ်ရာအနာတရ ဖြစ်ခြင်းနဲ့ အရေပြားရောင်ရမ်းခြင်း ကဲ့သို့ အသားအရေ ပြဿနာများစွာကို ကုသဖို့ရန်အတွက် ပျားရည်ကို တွင်ကျယ်စွာ အသုံးပြုခဲ့ကြပါတယ်။

(၃) ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိရှိတယ်

Phooto : The Spruce Eats

ပျားရည်မှာ ဘက်တီးရီးယားတွေကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေ များစွာပါဝင်ပြီး ဘက်တီးရီးယားမျိုးစိတ်ပေါင်း ၆၀ ခန့်ကို တားဆီးဟန့်တားပေးနိုင်တဲ့ အစွမ်းသတ္တိတွေ ပါဝင်ပါတယ်။ ပျားရည်မှာ Viscosity မြင့်မားစွာပါဝင်ပြီး ၎င်းက ဒဏ်ရာအနာတရတွေပေါ်မှာ အကာအကွယ်အလွှာတစ်ခုအနေနဲ့ လုပ်ဆောင်ပေးကာ နောက်ထပ်ရောဂါပိုးမွှားတွေ ကူးစက်မှုမရှိအောင် တားဆီးကာကွယ်ပေးပါတယ်။

(၄) အရေးအကြောင်းတွေကို ကာကွယ်ပေးတယ်

Phooto : HealthifyMe

ပျားရည်မှာ အိုးမင်းရင့်ရော်ခြင်း လက္ခဏာတွေကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိတွေ ရှိပါတယ်။ အရေးအကြောင်း ဖြစ်ပေါ်မှုကို နှေးကွေးစေပြီး အသားအရေကို နုပျိုစေပါတယ်။ ဒါ့အပြင် အသားအရေရဲ့ pH မျှတမှုကို ထိန်းသိမ်းရာတွင်လည်း ကူညီပေးပါတယ်။

ပျားရည်နဲ့ ငှက်ပျောသီး Face Mask

Phooto : Urban Company

ခြောက်သွေ့တဲ့ အသားအရေ ပိုင်ရှင်တွေအတွက် အသားအရေကို သဘာဝအတိုင်း အစိုဓာတ်ထိန်းပေးပြီး နူးညံ့ချောမွေ့စေတဲ့ DIY Face Masks ပြုလုပ်နည်းလေး ညွှန်းပေးချင်ပါတယ်။ ပါဝင်ပစ္စည်း ၂ မျိုးတည်းနဲ့ အိမ်မှာ လွယ်လွယ်ကူကူ ပြုလုပ်နိုင်မယ့်အပြင် အသားအရေကိုလည်း ထိထိရောက်ရောက် အစိုဓာတ်ထိန်းပေးနိုင်ပါတယ်။

လိုအပ်တဲ့ ပစ္စည်းများ

  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငှက်ပျောသီး (အမှည့်) စားပွဲတင်ဇွန်း ၁ ဇွန်း

အသုံးပြုနည်းအဆင့်ဆင့်

  • ပျားရည်နဲ့ ငှက်ပျောသီးကို ပန်းကန်တစ်လုံးထဲမှာ ရောထည့်ပြီး ကျေညှက်အောင် မွှေပေးရပါမယ်။
  • ရလာတဲ့ အရောအနှောကို မျက်နှာပေါ် ညီညီညာညာ ဖြန့်လိမ်းပေးပြီး အခြောက်ခံလိုက်ပါ။
  • မိနစ် ၂၀ လောက်ထားပြီး ခြောက်သွေ့သွားပြီဆိုရင်တော့ ရေအေးနဲ့ ရေဆေးချလို့ရပါပြီ။

ပျားရည် ၊ ဒိန်ချဉ် နဲ့ ထောပတ်သီး Face Mask

Phooto : Produce Made Simple

ထောပတ်သီး ၊ ဒိန်ချဉ်နဲ့ ပျားရည်ကို သဘာဝ အသားအရေ ထိန်းသိမ်းတဲ့ပစ္စည်းတွေအဖြစ် အသုံးများကြပါတယ်။ ပျားရည် ၊ ဒိန်ချဉ် နဲ့ ထောပတ်သီး အရောအနှောဟာ အသားအရေကို အစိုဓာတ်ဖြည့်တင်းပေးရုံမက နူးညံ့ချောမွေ့တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေပါတယ်။

လိုအပ်တဲ့ ပစ္စည်းများ

  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြိတ်ချေထားတဲ့ ထောပတ်သီး စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဒိန်ချဉ်စားပွဲတင်ဇွန်း ၁ ဇွန်း

အသုံးပြုနည်းအဆင့်ဆင့်

  • ပါဝင်ပစ္စည်းတွေ အားလုံးကို ဖန်ဇလုံတစ်ခုထဲမှာရောထည့်ပြီး အနှစ်ရလာတဲ့အထိ သမအောင် သေချာလေး မွှေပေးရပါမယ်။
  • ပြီးတဲ့နောက်မှာ ရလာတဲ့ ထောပတ်သီး ၊ ဒိန်ချဉ်နဲ့ ပျားရည် အရောအနှောကို မျက်နှာပေါ်ခပ်ပါးပါး လိမ်းပေးပြီး အခြောက်ခံလိုက်ပါ။
  • ခြောက်သွေ့သွားပြီဆိုရင်တော့ ရေအေးနဲ့ ရေဆေးချလို့ရပါပြီ။

Featured Phooto : MensXP