ကျွန်တော်တို့ရဲ့ အာရုံကြောစနစ် က ခန္ဓာကိုယ်တစ်ကိုယ်လုံးရဲ့ အချက်အလက်တွေကို ပေးပို့နိုင်ဖို့အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဒါ့အပြင် အာရုံကြောစနစ်က အာရုံခံကြောများနဲ့ ရှုတ်ထွေးသော ကွန်ရက်တစ်ခု ဖြစ်ပြီး၊ လူခန္ဓာကိုယ်မှာ အရေးကြီးသော အစိတ်အပိုင်း တစ်ခုဆိုလည်း မမှားပါဘူး။ ၎င်းက ရုပ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များစွာမှတစ်ဆင့်၊ အတွင်းပိုင်းနှင့် ပြင်ပလှုံ့ဆော်မှုများကို တုံ့ပြန်ရန်နှင့် အရေးကြီးသော ခန္ဓာကိုယ်ဆိုင်ရာ လုပ်ငန်းဆောင်တာများစွာကို ဆောင်ရွက်ပေးပါတယ်။ ဒီလို အာရုံကြောစနစ်ကို ကျန်းမာဖို့အတွက် ဂရုစိုက်သင့်ပါတယ်။ အာရုံကြောစနစ် မကျန်းမာတဲ့ အခါ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ သိသာထင်ရှားတဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ အာရုံကြောစနစ် ကျန်းမာစေပြီး အာရုံတွေ အမြဲလန်းနေဖို့ လိုက်နာသင့်တဲ့ နည်းလမ်းကောင်းများကို ဖော်ပြပေးချင်ပါတယ်။
ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာကို စားပါ
Photo : Free Malaysia Today
ကျွန်တော်တို့ အာရုံကြောစနစ်သာမက အလုံးစုံသော ကျန်းမာရေးအတွက် ကျွန်တော်တို့ စားသုံးနေတဲ့ အစားအစာတွေက အရေးကြီးပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးနဲ့ ညီညွှတ်မျှတသော အစားအစာတွေကို ရွေးချယ်စားသုံးပေးပါ။ အာရုံကြောစနစ်အတွက် အထောက်အကူပြုတဲ့ အစားအစာများမှာ အစေ့အဆန်များ ဟင်းသီးဟင်းရွက်များ၊ အခွံမာသီး၊ သစ်သီးများ၊ ငါး၊ အစေ့များ စတာတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အာရုံကြော စနစ်ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန်အတွက် ဗီတာမင် B12 လိုအပ်ပါတယ်။ ဗီတာမင် B12 ကြွယ်ဝသော အစားအစာများမှာ ကြက်ဥ၊ နို့ထွက်ပစ္စည်းများ (ဥပမာ နို့၊ ဒိန်ခဲ၊ ဒိန်ချဉ်)၊ ငါးနှင့် ခရုများ (ဥပမာ-ဆော်လမွန်၊ တူနာ၊ ဂုံး) စတာတွေပဲ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ
Photo : Red E Duct
လေ့ကျင့်ခန်းလုပ်ခြင်းက အာရုံကြောများ ပြန်လည်ရှင်သန်ဖို့အတွက် အထောက်အကူပြုပါတယ်။ တစ်ပတ်ကို မိနစ် ၁၅၀ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။ ဒီလို နေ့စဉ်လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် ခန္ဓာကိုယ်ကိုလည်း ကျန်းမာစေပြီး အာရုံကြောစနစ်ကို လေ့ကျင့်ခန်းလုပ်ပေးသလို ဖြစ်စေကာ ကျန်းမာစေပါတယ်။ အာရုံကြောဗေဒ ပညာရှင်များရဲ့ အကြံပြုချက်အရ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းက သွက်ချာပါဒ၊ လေဖြတ်ခြင်း၊ မှတ်ဉာဏ်အားနည်းခြင်း တို့ကို အထိုက်အလျောက် ကာကွယ်ပေးပြီး မှတ်ဉာဏ်ကို ထက်မြက်စေပါတယ်လို့ ဆိုပါတယ်။
ကောင်းမွန်စွာ အိပ်စက်အနည်းယူပါ
Photo : Sleep Center
အိပ်ရေးပျက်ခြင်း၊ အိပ်ရေးမဝခြင်းတို့ကြောင့် ခေါင်းမကြည်တာ၊ စိတ်မရွှင်လန်းတာတွေ ကွီးတို့ ဖြစ်ဖူးကြမှာပါ။ ဒါ့ကြောင့် အာရုံတွေ ကြည်လင်လန်းဆန်းဖို့ အတွက်သာမက အလုံးစုံသော ကျန်းမာရေးကို မြှင့်တင်နိုင်ဖို့ အိပ်ရေးဝဝ အိပ်ဖို့လိုပါတယ်။ အိပ်စက်ခြင်းက ဗဟိုအာရုံကြောစနစ်ကို ကောင်းမွန်စွာအလုပ်လုပ်ဖို့ ကူညီပေးနိုင်ပါတယ်။ ကောင်းမွန်သော အိပ်စက်ခြင်းမရှိပါက ကွီးတို့ စဉ်းစားပုံ၊ တုံ့ပြန်မှု၊ သင်ယူမှုနှင့် အခြားသူများနှင့် စကားပြောဆိုပုံတို့ကို ထိခိုက်စေနိုင်တဲ့ အာရုံကြောနဲ့ဆိုင်တဲ့ နာတာရှည်အခြေအနေအချို့ ဖြစ်ပေါ်လာနိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာကိုလည်း ဂရုစိုက်ပါ
Photo : PsyPost
ခန္ဓာကိုယ် ကျန်းမာစေဖို့ လေ့ကျင့်ခန်းတွေကို ပြုလုပ်သလိုမျိုး စိတ်ကိုလည်း လေ့ကျင့်ပေးဖို့ လိုပါတယ်။ စိတ်ကို လေ့ကျင့်ခန်း မလုပ်ရင် အာရုံကြောစနစ်ကို ထိခိုက်နိုင်ပါတယ်။ စိတ်ဖိစီးမှုတွေ စိုးရိမ်ပူပန်မှုတွေကို အတတ်နိုင်ဆုံး လျှော့ချပါ။ တရားထိုင်ခြင်းက စိတ်ဖိစီးမှုတွေကို ပြေလျော့စေပြီး အာရုံကြောများကိုလည်း ငြိမ်သက်စေပါတယ်။ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာကို အကျိုးပြုစေမယ့် အရာလေးတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။
နောက်ထပ် အာရုံကြောစနစ်ကို ကျန်းမာစေမယ့် နည်းလေးတွေကတော့
- ရေဓာတ်ခမ်းခြောက်တာက အာရုံကြောစနစ်ကို မကောင်းတာကြောင့် ရေများများသောက်ပါ။
- အလွန်အကျွံ ဆေးလိပ်သောက်ခြင်းသည် အာရုံကြောစနစ်ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။
- ကျန်းမာရေးနဲ့ ညီညွတ်စေဖို့ အဆီပမာဏကို လျှော့စားပါ
- ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသက်ရှုလေ့ကျင့်ခန်း တစ်ခုခုလုပ်ခြင်းက အာရုံကြောစနစ်ရဲ့ ကျန်းမာရေးကို ထိန်းသိမ်းရာမှာ အကျိုးပြုပါတယ်။
- ကဖင်းဓာတ်ကြွယ်ဝတဲ့ အရည်တွေ လျှော့သောက်ပါ။ စတာတွေပဲ ဖြစ်ပါတယ်။
ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ အချက်လေးတွေကို လိုက်နာခြင်းဖြင့် အာရုံတွေ အမြဲလန်းနေဖို့ အထောက်အကူပြုမည်သာမက ရေရှည် အာရုံကြောကျန်းမာရေးအတွက်လည်း ကောင်းစေပါတယ်။
Source : La Path Labs, Health X Change
Featured Photo : Blog