အာရှ တိုက်သည် အရွယ်အစားကြီးမားသော တိုက်တစ်တိုက်ဖြစ်ပြီး လူဦးရေလည်း ထူထပ်များပြားကာ ယဉ်ကျေးမှုများလည်း ပေါကြွယ်ဝတဲ့အတွက်ကြောင့် ခရီးသွား ဖို့ရန်အတွက် အကောင်းဆုံးသော နေရာဒေသတစ်ခုဖြစ်ပါတယ်။
လှပသောရှုမျှော်ခင်းများ လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေသော တိုက်တစ်တိုက်ဖြစ်တဲ့အတွက်ကြောင့် ကမ္ဘာလှည့် ခရီးသွား များဖြင့်လည်း အမြဲတစေဆိုသလို ပြည့်နှက်နေတတ်ပါတယ်။
ဒီလိုလှပတဲ့ အာရှ နိုင်ငံများသို့ ခရီးသွား ရောက်ဖြစ်တဲ့အခါ ဘယ်နေရာဒေသတွေဆီသို့ အဓိကထား သွားရောက်သင့်သလဲဆိုတာ ခရီးသွားချစ်သူတို့ သိပြီးကြပါပြီလား။
ဂျပန်နိုင်ငံရှိ ဖူဂျီတောင်
ဖူဂျီတောင်သည် ဂျပန်နိုင်ငံရှိ အလှပဆုံးသော တောင်တစ်တောင်ဖြစ်ပါတယ်။ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းထဲတွင် ပါဝင်တဲ့အတွက်ကြောင့် တောင်တက်ခရီးစိတ်ဝင်စားသူများလည်း လာရောက်ကြသလို ဓာတ်ပုံရိုက်ရုံသပ်သပ် လာရောက်ကြသူများလည်း ရှိကြပါတယ်။
အစ္စရေးနိုင်ငံရှိ ပင်လယ်သေ
ဒီနေရာလေးကတော့ နာမည်နဲ့ မလိုက်အောင် လှပတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ပင်လယ်သေဆိုပေမယ့် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ သဘာဝလက်ဆောင်တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ထိုနေရာတစ်ဝိုက်မှာ Spa များ Resort များ ဖွင့်လှစ်ထားတာပဲဖြစ်ပါတယ်။ ပင်လယ်သေထဲရှိ ဆားပါဝင်မှုနှုန်းသည် ရိုးရိုးပင်လယ်ထက် ဆယ်ဆ ပိုများပါတယ်။ ဒါ့အပြင် သိပ်သည်းဆလည်း ပိုများတဲ့အတွက်ကြောင့် ဘယ်အရာမျှ ရေထဲသို့ မြှုပ်မသွားပါဘူး။
ထိုင်းနိုင်ငံရှိ ဖူးခက်
အာရှ နိုင်ငံတွင်းရှိ ခရီးသွား လာသူအများဆုံး နေရာဒေသတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာ့အလှဆုံး ကမ်းခြေများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး နူးညံ့သော သဲသောင်ပြင်များ၊ လှပသော ကျောက်ဆောင်များဖြင့် ပြည့်နှက်နေပြီး ပြာလဲ့လဲ့ရေပြင်ကလည်း မျက်စိပသာဒ ဖြစ်စေပါတယ်။ ကမ်းခြေချစ်သူများအတွက် အသွားရောက်သင့်ဆုံးနေရာတစ်ခု ဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံရှိ Hoi An
ခရီးသွားအများအပြားသည် ဗီယက်နမ်သို့ လာရောက်ကြတဲ့အခါ ဟနွိုင်း (သို့) ဟိုချီမင်းသို့ အရင်ဦးဆုံး သွားရောက်လေ့ရှိပါတယ်။ ဒါ့အပြင် Hoi An သည်လည်း မဖြစ်မနေသွားရောက်သင့်တဲ့နေရာဒေသတစ်ခု ဖြစ်ပါတယ်။ ရှေးဟောင်းမြို့တော်တစ်ခုဖြစ်ပြီး ယူနက်စကိုရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းထဲတွင် ပါဝင်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံရှိ Angkor Wat နှင့် Siem Reap
Ankor Watt သို့ သွားရောက်ဖြစ်တဲ့အခါ ၁၂ ရာစုရဲ့ ယဉ်ကျေးမှု ဗိသုကာအနုပညာလက်ရာများကို ရှာဖွေတွေ့ရှိနိုင်ပြီး Siem Reap သို့ သွားလည်ဖြစ်တဲ့အခါမှာတော့ တရုတ်နှင့် ပြင်သစ် ကိုလိုနီခေတ်က ပေါင်းစပ်ဗိသုကာလက်ရာများကို မြင်တွေ့နိုင်ပါတယ်။
စင်ကာပူနိုင်ငံ
စင်ကာပူနိုင်ငံသည်လည်း ကျဉ်းပေမဲ့ နိုင်ငံတွင်းမှာ လည်ပတ်စရာများ ပေါများနေတာပဲဖြစ်ပါတယ်။ အမျိုးသားဥယျာဉ်၊ ကမ္ဘာ့အရှည်ဆုံး လူလုပ်ရေတံခါန်၊ လိပ်ပြာဥယျာဉ် စသဖြင့် အမျိုးအစား စုံလင်စွာ တွေ့ရှိနိုင်ပါတယ်။
မြန်မာနိုင်ငံရှိ ပုဂံ
ကျနော်တို့ရဲ့ မြန်မာနိုင်ငံထဲမှာလည်း လည်ပတ်စရာများ အများအပြားရှိတယ်လို့ ပြောရင် ကိုယ့်ဂုဏ် ကိုယ်ဖော်ရာများ ဖြစ်သွားမလား။ လည်ပတ်စရာနေရာဒေသတွေ အများအပြားရှိတာကလည်း အမှန်ပဲမဟုတ်လား။ ထိုအထဲကမှ ပုဂံကတော့ မဖြစ်မနေ သွားရောက်လေ့လာသင့်တဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။
အာရှ နိုင်ငံများထဲတွင် အလှပဆုံးသော ရှေးဟောင်းမြို့တစ်မြို့ဖြစ်ပြီး ရှေးဘုရင်များလက်ထက်က တည်ရှိခဲ့သော ယဉ်ကျေးမှု ဗိသုကာလက်ရာများနှင့် ပြည့်နှက်နေတဲ့အတွက်ကြောင့် ကမ္ဘာလှည့် ခရီးသွား များဖြင့် အမြဲတစေဆိုသလို ပြည့်နှက်နေတတ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံရှိ ဘာလီ
အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်လည်ပတ်ဖြစ်တဲ့အခါ ဒီနေရာလေးကိုတော့ မဖြစ်မနေသွားရောက်သင့်ပါတယ်။ ပင်လယ်၊ သဲသောင်နှင့် နေရောင်ခြည်တို့ရဲ့ ပေါင်းစပ်အလှအပြင် ဘုရားစေတီများရဲ့ သပ္ပာယ်ကာ ခမ်းနားထည်ဝါတဲ့အလှကိုလည်း ရင်သပ်ရှုမောစွာ မြင်တွေ့ခံစားနိုင်ပါတယ်။
Source: Planetware
Featured Image: Lonely Planet