အာရှတလွှားမှာ သဘာဝ အလှတရားတွေနဲ့ ပြည့်နေတဲ့ ခရီးသွားနေရာတွေ အများကြီးပါ။ ဒါကြောင့်လည်း နိုင်ငံခြား ခရီးသွားတွေရဲ့ စိတ်ဝင်စားမှုကို အထူးတ လည် ရရှိနေတာဖြစ်ပြီး အာရှနိုင်ငံတွေဆီ နှစ်စဉ် နိုင်ငံတကာက ခရီးသွား သန်းနဲ့ချီ လာရောက်လည်ပတ်ကြတာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကမ္ဘာကျော်တဲ့အထိ နာမည်ကြီးတဲ့ အာရှတလွှားက ရင်သပ်ရှုမောဖွယ် အလှဆုံး ကမ်းခြေ တွေကို ပြောပြပေးပါမယ်။
(၁) Banana Beach – ဖူးခက် ၊ ထိုင်း
Photo : klook.com
မျက်စိရှုပ်နားရှုပ်စရာ မြို့ပြရဲ့ မွန်းကြပ်မှုတွေနဲ့ ဝေးရာမှာ အပန်းဖြေချင်တယ်ဆိုရင် ထိုင်းနိုင်ငံက Banana Beach ကို သွားရောက်သင့်ပါတယ်။ ကြည်လင်နေတဲ့ ပင်လယ်ရေပြင် ၊ ရွှေညိုရောင် သဲသောင်ပြင်တွေ ၊ စိမ်းစိုလန်းဆန်းတဲ့ သဘာဝရှုခင်းတွေနဲ့ ဝန်းရံထားတဲ့ အာရှရဲ့ အလှဆုံး ကမ်းခြေတွေထဲက တစ်ခု ဖြစ်ပါတယ်။
(၂) White Beach – ဘိုရာကေး ၊ ဖိလစ်ပိုင်
Photo : klook.com
ဖိလစ်ပိုင်နိုင်ငံရဲ့ ဘိုရာကေး ကမ်းခြေဆိုရင် နိုင်ငံခြား ခရီးသွားတွေကြားမှာ အတော်လေးကို ရေပန်းစားပါတယ်။ ကမ္ဘာကျော်တဲ့အထိ နာမည်ကြီးလောက်အောင်လည်း လှပတဲ့ သဘာဝရှုခင်းတွေနဲ့ ပြည့်နှက်နေတဲ့ ကမ်းခြေတစ်ခု ဖြစ်ပြီး ညနေခင်း နေဝင်ဆာဆည်းကို ဖြတ်သန်းဖို့ အကောင်းဆုံးပါ။ ကမ်းခြေတစ်လျှောက်မှာ တေးဂီတသံတွေနဲ့ စည်းကားနေတဲ့ အပန်းဖြေစရာ ကမ်းခြေ ဘားတွေလည်း အများကြီး ရှိပါတယ်။
(၃) Pantai Melasti Ungasan – ဘာလီ ၊ အင်ဒိုနီးရှား
Photo : klook.com
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းဆိုတာ အာရှမှသာမက ကမ္ဘာကပါ စိတ်ဝင်စားတဲ့ သဘာဝအလှ တရားတွေနဲ့ ပြည့်နှက်နေတဲ့ ခရီးသွားနေရာ ဖြစ်ပါတယ်။ သက်တောင့်သက်သာနဲ့ အပန်းဖြေအနားယူဖို့အတွက် အာရှရဲ့ အကောင်းဆုံး ကမ်းခြေတစ်ခုကို ပြောပါ ဆိုရင်တော့ Pantai Melasti Ungasan ကို မပါမဖြစ် ပြောရပါမယ်။ ထူးခြားတဲ့ သဘာဝကျောက်ဆောင်ကမ်းပါးတွေ ၊ တိတ်ဆိတ်ငြိမ်သက်တဲ့ ကမ်းခြေ ပတ်ဝန်းကျင်နဲ့ ပင်လယ်ပြင်ကို ဖြတ်သန်းတိုက်ခတ်လာတဲ့ လတ်ဆတ်တဲ့ လေထုတွေဟာ ကမ်းခြေကို လာရောက်လည်ပတ်သူတွေအတွက် စိတ်ရောကိုယ်ပါ အပန်းပြေမှုကို ကောင်းကောင်းကြီး ပေးစွမ်းပါလိမ့်မယ်။
(၄) Haeundae Beach – ဘူဆန် ၊ တောင်ကိုရီးယား
Photo : klook.com
တောင်ကိုရီးယားနိုင်ငံရဲ့ ကမ်းခြေ တွေဟာလည်း တော်တော်လေး လှတဲ့အထဲမှာ ပါပါတယ်။ ဒီထဲမှာတော့ ဘူဆန်က Haeundae Beach ဟာ ကမ်းခြေချစ်သူတိုင်း သွားရောက်လည်ပတ်သင့်တဲ့ ခရီးသွားနေရာတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် နွေရာသီကာလအတွင်းမှာ ပင်လယ်စာ အစားအသောက်ပွဲတော်တွေ ၊ ကမ်းခြေကစားပွဲတွေ ၊ ထူးခြားတဲ့ ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ ပြည်တွင်းပြည်ပ ခရီးသွားတွေကို ဆွဲဆောင်နေတာပဲ ဖြစ်ပါတယ်။
Source : klook.com
Featured Photo : Lonely Planet