အားလပ်ရက်မှာ ဘော်ဒါတွေနဲ့ အတူတူပျော်ပျော်ပါးပါး ကုန်ဆုံးရတာဟာ တစ်ပတ်တာ ပင်ပန်းနွမ်းနယ်မှု မှန်သမျှ ပြေပျောက်ပြီး ကွီးတို့အတွက်လည်း အမှတ်တရကောင်းလေးတွေ ဖြစ်စေမှာပါ။ တစ်ခါတစ်လေကျရင် ဘော်ဒါတွေနဲ့ ဆုံပေမဲ့ ပျော်ပျော်ပါးပါး အချိန်မကုန်ဆုံးလိုက်ရတာမျိုး ရှိတတ်ပါတယ်။ ဒါကြောင့် ကွီးတို့အတွက် အားလပ်ရက်မှာ ဘော်ဒါ တွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ဖို့ ရိုးရှင်းတဲ့ အိုင်ဒီယာကောင်းလေးတွေကို ဝေမျှချင်ပါတယ်။
ပျော်ပွဲစားထွက်ခြင်း

Photo :PikWizard
ကွီးတို့ အားလပ်ရက်မှာ ဘော်ဒါ တွေနဲ့ ဆုံပြီး ပျော်ပျော်ပါးပါး အချိန်ဖြုန်းဖို့ဆိုရင် များသောအားဖြင့် ဘားတွေ၊ ကော်ဖီဆိုင်တွေ၊ စားသောက်ဆိုင်တွေ သွားလေ့ရှိကြတယ် မဟုတ်လား။ အဲ့ဒီအစား အစားအသောက် အစုံအလင်နဲ့ ကွီးတို့ အိမ်နားက ပန်းခြံပဲ ဖြစ်ဖြစ်၊ တစ်ရက်တည်း အသွားအပြန်သွားလို့ရတဲ့ အပန်းဖြေစခန်းကိုပဲ ဖြစ်ဖြစ် ပျော်ပွဲစားလေး သွားကြည့်ပါ။ သဘာဝတရားရဲ့ အလှအပကို ခံစားရင်း ဘော်ဒါတွေနဲ့အတူ ပျော်ပျော်ပါးပါး ဂိမ်းတွေကစားလို့လည်း ရသလို၊ သီချင်းတွေဆိုရင်း အားလပ်ရက်ကို ကုန်ဆုံးလိုက်ပါ။ ဒီလိုလုပ်ခြင်းက တစ်ပတ်တာ အမောတွေကို ပြေစေပြီး အားအင်အသစ်တွေ ရရှိပါလိမ့်မယ်။
Game Night

Photo :Matador Network
ကွီးတို့ ဘော်ဒါတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းဖို့ နည်းလမ်းကောင်းလေးကတော့ အတူတူ ဂိမ်းဆော့တာပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ Vedio ဂိမ်းတွေ ဆော့ကစားလို့ရသလို ၊ အခြားသော စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဂိမ်းတွေလည်း ကစားလို့ရပါတယ်။ ဂိမ်းအမျိုးအစား ၄ မျိုးလောက် ပြင်ဆင်ထားပါ။ ပြီးလျှင် စားစရာနဲ့ သောက်စရာ အချို့ကိုပါ ပြင်ဆင်ထားပါ။ ပျော်ပျော်ပါးပါး ဂိမ်းဆော့ကြပြီး ငြင်းခုန်ကြရင်းနဲ့ ကွီးတို့ရဲ့ ခင်မင်မှုကို ပိုတိုးလာစေမှာပါ။
မီးပုံပွဲ

Photo : Outforia
အားလပ်ရက်မှာ ဘော်ဒါ တွေနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ဆိုရင် ဒီလိုရာသီဥတုမှာ မီးပုံပွဲလုပ်တာလည်း အိုင်ဒီယာ ကောင်းပါပဲ။ မီးပုံပွဲလုပ်ဖို့ အခြားနေရာတစ်ခုခုကို ရှာစရာမလိုပါဘူး။ ကွီးတို့ရဲ့ ခြံဝန်းထဲမှာ ဖြစ်ဖြစ်၊ အိပ်နောက်ဖေး မြေကွက်လပ်မှာပဲ ဖြစ်ဖြစ်လုပ်လို့ ရပါတယ်။ မီးပုံပွဲက နွေးထွေးတဲ့ ခံစားချက်တွေကို ပေးစွမ်းနိုင်တဲ့အပြင် ကွီးတို့အားလုံးကို ပျော်ရွှင်စေပါလိမ့်မယ်။ မီးပုံပွဲလုပ်ရင်း ကွီးတို့ဘော်ဒါတွေ တူတူ ဂီတတီးရင်း သီချင်းဆိုကြပြီး ပျော်ပျော်ပါးပါး စားသောက်ရင်း အမှတ်တရ အချိန်လေးကို ဖြတ်သန်းနိုင်ပါတယ်။
ဘာဘီကျူး ပါတီ

Photo : Rojgar Aur Nirman
နောက်ထပ် သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ဆင်နွှဲလို့ရတဲ့ အိုင်ဒီယာကောင်းလေးကတော့ အစားတလိုင်း ကွီးတို့ အကြိုက်တွေ့စေမဲ့ ဘာဘီကျူး ပါတီလေးပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ခြံလည်းကျယ်တယ်၊ ကိုယ့်အိမ်ကနေလည်း ဘယ်မှမသွားချင်ဘူးဆိုရင် ခြံထဲမှာပဲ ဘာဘီကျူး ပါတီ လေးလုပ်ဖို့ အကြံပြုပါရစေ။ အဖျော်ယမကာလေးတွေ သောက်ရင်းနဲ့ အကင်တွေ အတူတူကင်ပြီး စားသောက်ရင်း ပျော်ရွှင်စရာ အချိန်လေးတွေကုန်ဆုံးလိုက်ပါ။
အိမ်တွင်းပါတီ

Photo : Freepik
အားလပ်ရက်မှာ ကွီးတို့ဘော်ဒါတွေနဲ့ အတူ စားသောက်ပျော်ပါး ကခုန်ကြမယ်ဆိုရင်တော့ အိမ်တွင်းပါတီလေး လုပ်တာကလည်း စိတ်ကူးကောင်းပါပဲ။ စားသောက်စရာတွေနဲ့ အဖျော်ယမကာမျိုးစုံကို ပြင်ဆင်ထားပါ။ ထို့နောက် မြူးမြူးကြွကြွနဲ့ ကခုန်ဖို့ သီချင်းလေးတွေကို သေချာရွေးချယ်ထားပါ။ ကွီးတို့ အိမ်က ကြီးပြီး ဘေးပတ်ဝန်းကျင်ကို အနှောင့်အယှက် မဖြစ်စေဘူးဆိုရင် DJ ပါထည့်သွင်းလို့ ရပါသေးတယ်။ ကဲ ကွီးတို့ရေ ရေမီးအစုံနဲ့ ဘော်ဒါတွေနဲ့ အတူတူ အားလပ်ရက်မှာ ပျော်ပျော်ပါးပါး ကဲလို့ရပြီပေါ့။
Featured Photo : Oriflame
