အာရှရဲ့ စိတ်ဝင်စားဖို့ အကောင်းဆုံး နိုင်ငံတွေထဲမှာ အိန္ဒိယနိုင်ငံ ကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ နှစ်စဉ် ကမ္ဘာလှည့်ခရီးသွားတွေ အများအပြား လာရောက်လည်ပတ်ကြသလို ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ စိတ်ဝင်စားဖွယ်ရာ နေရာအများအပြားလည်း ရှိပါတယ်။ ရှေ့ကဆောင်းပါးလေးမှာ အိန္ဒိယနိုင်ငံ အတွင်းက ခရီးသွား လို့အကောင်းဆုံး နေရာ ၅ ခုကို တင်ဆက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ယခု ဆက်လက်ပြီး နောက်ထပ် အိန္ဒိယနိုင်ငံ အတွင်းက သွားရောက်လည်ပတ်သင့်တဲ့ နေရာ ၅ ခုကို တင်ဆက်ပေးပါမယ်။

(၁) Ranthambore

Photo : TripSavvy

Ranthambore ကတော့ တောရိုင်းတိရစ္ဆာန်တွေများစွာ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ နာမည်ကြီး အမျိုးသားဥယျာဉ်တစ်ခု ဖြစ်ပါတယ်။ Ranthambore ဥယျာဉ်ထဲမှာ ဇုန် ၁၀ ဇုန် ပါဝင်ပြီး ဇုန် ၆ မှာတော့ အိန္ဒိယကျား အမြောက်အများကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ အမျိုးသားဥယျာဉ်ကို အောက်တိုဘာလကနေ ဇွန်လအတွင်းသာ လာရောက်လည်ပတ်သူများအတွက် ဖွင့်လှစ်ပေးထားပါတယ်။ ငှက်မျိုးစိတ် ၃၀၀ ကျော် ၊ ကျားသစ် ၊ ဝက်ဝံတွေနဲ့ အခြား တောရိုင်းတိရစ္ဆာန်များစွာ ရှိပါတယ်။ တောရိုင်းတိရိစ္ဆာန်တွေရဲ့ သဘောသဘာဝကို စိတ်ဝင်စားသူတွေအတွက် ဒီနေရာက တကယ့်ကို အံ့သြဖွယ်အတွေ့အကြုံကို ပေးပါလိမ့်မယ်။ Ranthambore အမျိုးသားဥယျာဉ်ဟာ Rajasthan ပြည်နယ် ၊ Sawai Madhopur မြို့မှာတည်ရှိတဲ့ အိန္ဒိယနိုင်ငံ ထဲက သွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

(၂) Goa

Photo : Viator

Goa ကတော့ အာရေဗျပင်လယ်တစ်လျှောက် ကမ်းရိုးတန်းများ ဖြန့်ကျက်ထားတဲ့ အိန္ဒိယနိုင်ငံ အနောက်ဘက်ခြမ်းရှိ ပြည်နယ်တစ်ခုဖြစ်ပါတယ်။ Goa ပြည်နယ်မှာ အံ့သြဖွယ်ကမ်းခြေများစွာနဲ့ ပြည့်နှက်နေပြီး ကမ်းခြေအားလုံးမှာ ကိုယ်ပိုင်ထူးခြားချက်ကိုယ်စီ ရှိကြပါတယ်။ တချို့ကမ်းခြေနေရာတွေမှာတော့ အတော်လေး ဖွံ့ဖြိုးတိုးတက်နေပြီး လာရောက်လည်ပတ်သူ အများအပြားရှိပေမယ့် လူသူအရောက်အပေါက်နည်းတဲ့ မဖွံ့ဖြိုးသေးတဲ့ ကမ်းခြေတွေလည်း ရှိပါတယ်။ Goa မှာ Arjuna ၊ Paloem ၊ Mandrem ၊ Agonda ၊ Basilica of Bom Jesus နဲ့ တခြားသွားရောက်လည်ပတ်နိုင်တဲ့ နေရာတွေအများကြီး ရှိပါတယ်။ ပြောရရင်တော့ Goa ဟာ အားလပ်ရက် လည်ပတ် အပန်းဖြေဖို့ အကောင်းဆုံး နေရာတစ်ခုပဲ ဖြစ်ပါတယ်။

(၃) Munnar

Photo : Viator

Munnar ကိုတော့ အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ တည်ရှိတဲ့ တောင်ပေါ်မြို့လေး တစ်မြို့လို့ လူသိများပါတယ်။ သဘာဝတောတောင်ရှု့ခင်း အလှတရားတွေနဲ့ ပြည့်နှက်နေပြီး လှပတဲ့ လက်ဖက်စိုက်ခင်းတွေနဲ့ လက်ဖက်အမျိုးအစားတွေအကြောင်း လေ့လာနိုင်မယ့် နေရာတစ်ခု ဖြစ်ပါတယ်။ တောင်တန်းတွေနဲ့ သဘာဝတရားကြီးကို ချစ်မြတ်နိုးသူတိုင်း သွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ အိန္ဒိယလူမျိုး အများစုကတော့ ကြည်နူးဖွယ်ဟန်နီးမွန်း ကာလကို ကုန်ဆုံးဖို့ Munnar မြို့လေးဆီ လာရောက်လေ့ ရှိတယ်လို့ ဆိုပါတယ်။

(၄) Madurai

Photo : Reisgraag.nl

Madurai မြို့ကတော့ အိန္ဒိယနိုင်ငံတောင်ပိုင်း Tamil Nadu ပြည်နယ်မှာ တည်ရှိပါတယ်။ Madurai မြို့ဟာ ခရီးသွားဖို့အကောင်းဆုံး အံဖွယ် နေရာတွေထဲက တစ်ခုဖြစ်ပြီး အိန္ဒိယနိုင်ငံတောင်ပိုင်းရဲ့ ယဉ်ကျေးမှုအမွှေအနှစ်များစွာ ကိန်းအောင်ရာ မြို့လေးတစ်မြို့ ဖြစ်ပါတယ်။ Meenakshi ဘုရားကျောင်း ၊ Thirumalai Nayak နန်းတော်၊ Aayiram Kaal Mandapam ၊ Pazhamudircholai ဘုရားကျောင်း ၊ Alagarkoil ဘုရားကျောင်းနဲ့ နတ်ကွန်း၊ Gandhi အောက်မေ့ဖွယ်ပြတိုက် ၊ Koodal Azhagiri ဘုရားကျောင်း ၊ Kutladampatti ရေတံခွန်နဲ့ အခြားလည်ပတ်စရာ အထင်ကရနေရာတွေများစွာ ရှိပါတယ်။

(၅) Kerala

Photo : The Travel Hack

အိန္ဒိယနိုင်ငံထဲမှာ ခရီးသွားတွေ အကြိုက်တွေ့ဆုံး ခရီးသွားနေရာတစ်ခုအဖြစ် အမြဲတည်ရှိနေတာကတော့ Kerala ပြည်နယ်ပဲ ဖြစ်ပါတယ်။ Kerala ဟာ အလွန်ဆွဲဆောင်မှုရှိပြီး တောင်တန်း ၊ ကမ်းခြေနဲ့ အင်းများ တည်ရှိရာ‌ နေရာတစ်ခုဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားတော်တော်များများကတော့ အိန္ဒိယနိုင်ငံ တောင်ပိုင်းရဲ့ ရင်သပ်ရှုမောဖွယ် ရှုခင်းတွေကို ခံစားနိုင်ဖို့ Kerala ကို သွားရောက်လည်ပတ်လေ့ ရှိကြပြီး အိန္ဒိယနိုင်ငံ ရောက်ရင် မဖြစ်မနေသွားရောက်လည်ပတ်သင့်တဲ့ နေရာတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။

ဆက်လက်ပြီး အိန္ဒိယနိုင်ငံမှာ သွားရောက်လည်ပတ်သင့်တဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ နေရာတွေအများအပြား ရှိနေပါသေးတယ်။ တောင်တန်းတွေ ၊ တောတောင်ရှုခင်းတွေ ၊ ပင်လယ်ကမ်းခြေနဲ့ ရေခဲတောင်တွေအပြင် ၊ ဘာသာရေးဆိုင်ရာ အထင်ကရနေရာတွေ ၊ ယဉ်ကျေးမှုနဲ့ ကိုးကွယ်ယုံကြည်မှုအကြောင်းတွေကို လေ့လာနိုင်ပါတယ်။ ရှေ့မှာတင်ဆက်ပေးခဲ့တဲ့ အိန္ဒိယနိုင်ငံ ထဲက သွားရောက်လည်ပတ်ဖို့ အကောင်းဆုံး စိတ်ဝင်စားစရာ နေရာ ၅ ခု အကြောင်း ဖတ်ရှုချင်တယ်ဆိုရင်တော့ ဒီနေရာလေးမှာ (အိန္ဒိယနိုင်ငံ အတွင်းက ခရီးသွား လို့အကောင်းဆုံး နေရာ ၅ ခု) နှိပ်ပြီး ဖတ်နိုင်ပါတယ်။

Featured Photo : Times of India