အိပ်ချိန်နည်းတာ ၊ အိပ်ရေးပျက်တာဟာ စိတ်ပိုင်းဆိုင်ရာ / ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အပါအဝင် လိင်မှုကျန်းမာရေးနဲ့ မျိုးပွားမှုစနစ်အပေါ်ပါ ဆိုးကျိုးသက်ရောက်မှုတွေ များစွာရှိနေပါတယ်။ အရွယ်ရောက်ပြီးသား လူတစ်ယောက်အနေနဲ့ တစ်ရက်ကို အနည်းဆုံး ပျမ်းမျှ ၇ နာရီကနေ ၉ နာရီကြား အိပ်စက်ဖို့ လိုအပ်ပါတယ်။ လေ့လာမှုတစ်ခုအရ ယနေ့ခေတ် အမျိုးသား ၂၉.၂ ရာခိုင်နှုန်းနီးပါးဟာ ပျမ်းမျှအိပ်ချိန် ၆ နာရီ သို့မဟုတ် ၆ နာရီထက် လျော့နည်းတယ်လို့ ဆိုထားပါတယ်။ ကာလကြာရှည် အိပ်မပျော်တဲ့ ရောဂါဟာ ဒီဘက်ခေတ် လူအများစု ကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာတွေထဲက တစ်ခုဖြစ်ပြီး အထူးသဖြင့် အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ အိပ်စက်မှု အရည်အသွေး ညံ့ဖျင်းတဲ့ အမျိုးသားတွေမှာ ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကြုံရနိုင်တဲ့အပြင် အခုပြောပြမယ့် ကျားကျန်းမာရေး ပြဿနာတွေလည်း ဖြစ်ပေါ်နိုင်ခြေ များပါတယ်။
(၁) ပန်းသေပန်းညိုး
Photo : UnityPoint Health
လေ့လာမှုတွေအရ အမျိုးသား ၅၀ ရာခိုင်နှုန်းနီးပါးဟာ မှားယွင်းတဲ့ စားသောက်နေထိုင်မှု ပုံစံတွေကြောင့် လိင်အင်္ဂါကမောက်ကမဖြစ်မှု ပြဿနာ တစ်နည်းအားဖြင့် ပန်းသေပန်းညိုး ပြဿနာ ခံစားနေရတယ်လို့ ဆိုပါတယ်။ ဒီထဲမှာ ညံ့ဖျင်းတဲ့ အိပ်စက်မှု စက်ဝန်းရှိတာဟာလည်း အဓိက အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ အိပ်ရေးပျက်တာ ၊ နာတာရှည် အိပ်မပျော်တဲ့ ဝေဒနာ ခံစားနေရတာဟာ Erectile Dysfunction လို့ခေါ်တဲ့ လိင်အင်္ဂါ ချို့ယွင်းမှု ပြဿနာ ဖြစ်နိုင်ခြေကို ပိုများစေပါတယ်။
(၂) Lower Urinary Tract Symptoms (LUTS)
Photo : Cathay Drug
ဒီပြဿနာဟာ အသက်ကြီးပိုင်း အမျိုးသားတွေမှာ မကြာခဏ ကြုံတွေ့ရတတ်ပါတယ်။ ရောဂါလက္ခဏာတွေအနေနဲ့ ဆီးလမ်းကြောင်း မကောင်းခြင်း ၊ ဆီးသွားတဲ့ အကြိမ်အရေ များခြင်း ၊ ဆီးအိမ်ပြည့်တင်းခြင်း ၊ ဆီးကျန်ခြင်းနဲ့ ဆီးတစ်စက်တစ်စက် သွားခြင်း စတဲ့ အခြေအနေတွေ ဖြစ်နိုင်ပါတယ်။ Lower Urinary Tract Symptoms (LUTS) ဖြစ်တဲ့အခါ ညဘက် ဆီးသွားချင်စိတ်က ပိုများပြီး အပြန်အလှန်အားဖြင့် ဒီအခြေအနေဟာ အိပ်စက်ခြင်းကို ထိခိုက်စေနိုင်ပါတယ်။ ညဘက် အိပ်မပျော်တဲ့ ရောဂါ ရှိတဲ့ အမျိုးသားတွေမှာ အဆိုပါ Lower Urinary Tract Symptoms (LUTS) ဖြစ်နိုင်ခြေ များပါတယ်။
(၃) မျိုးပွားမှုစနစ်
Photo : AARE Urocare
အိပ်စက်ခြင်းဟာ အမျိုးသားတွေရဲ့ မျိုးပွားမှု ကျန်းမာရေး နဲ့ များစွာ ဆက်စပ်နေပါတယ်။ ကျန်းမာရေး သုတေသီတွေနဲ့ ဆရာဝန်တွေရဲ့ အဆိုအရ အိပ်ရေးပျက်ခြင်း သို့မဟုတ် အိပ်စက်မှု အရည်အသွေး ညံ့ဖျင်းခြင်းတို့ဟာ အမျိုးသားတွေရဲ့ သုတ်ပိုးအရည်အသွေးကို ကျဆင်းစေပြီး ကလေးရနိုင်ခြေ နည်းစေတယ်လို့ ဆိုပါတယ်။
Source : TheHealthSite
Featured Photo : LIV Harley Street Hospital