လိင်မှုရေးရာဆိုတာ တကယ်တော့ အိပ်ရာပေါ်က ကိစ္စသပ်သပ်ပဲ မဟုတ်ပါဘူး။ လူနှစ်ဦးနှစ်ယောက်ဆက်ဆံရေးရဲ့ တစိတ်တဒေသအရေးပါတဲ့ ပတ်သတ်ဆက်နွယ်မှုနဲ့လည်း အများကြီး သက်ဆိုင်ပါတယ်။ သာယာပျော်ရွှင်ရတဲ့ ဆက်ဆံရေးတစ်ခုမှာ ချစ်ခြင်းမေတ္တာ ၊ နားလည်မှု ၊ ယုံကြည်မှုတွေအပြင် လိင်မှုကိစ္စဟာလည်း အတိုင်းအတာတစ်ခုအထိ အရေးပါတာကို လက်ခံထားရမှာပါ။ အချို့သော စုံတွဲတွေမှာ လိင်မှုဘဝ အမှားအယွင်း တချို့ကို လုပ်မိတက်ကြပြီး ဒါဟာ ၎င်းတို့ရဲ့ ဆက်ဆံရေးအပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတွေ ရှိလာစေနိုင်တယ်ဆိုတာကို သတိမပြုမိကြပါဘူး။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ ချစ်သူစုံတွဲတိုင်း သတိထား ဆင်ခြင်နိုင်စေဖို့ ကျွမ်းကျင်သူတွေ ထောက်ပြထားတဲ့ အိပ်ရာပေါ်မှာ စုံတွဲတွေ အများဆုံးမှားတက်တဲ့ အမှားတွေကို ပြောပြပေးချင်ပါတယ်။
(၁) ပွင့်လင်းတဲ့ ဆက်ဆံမှု မရှိခြင်း
Photo : HelpGuide.org
ချစ်သူစုံတွဲ ဆက်ဆံရေးတစ်ခုမှာ ရင်းနှီးပွင့်လင်းတဲ့ ဆက်သွယ်မှုက အရေးကြီးဆုံး ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ရင်ဘတ်ချင်းနီးစပ်မနေပါပဲ ရင်းနှီးပွင့်လင်းစွာ ပြောဆိုဆက်ဆံမှုမရှိရင် အိပ်ရာပေါ် မှာတင်မကပဲ အိပ်ခန်းပြင်ပအထိပါ ခက်ခဲမှုတွေ ၊ နားလည်မှု လွဲချော်ခြင်းတွေ အများကြီးရှိလာ နိုင်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ဘာလိုချင်တယ် ၊ ဘယ်အရာတွေကို နှစ်သက်တယ်ဆိုတာကို ပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုမှသာ သာယာပျော်ရွှင်မှု အပြည့်အဝ ခံစားရမှာဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် လိုအင်ဆန္ဒတွေကို ပြည့်ပြည့်ဝဝ ဖြည်းဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။
(၂) တစ်ဖက်လူရဲ့ စိတ်ဆန္ဒကို ထည့်မတွက်ခြင်း
Photo : Verywell Mind
လိင်စိတ်ဆန္ဒဟာ အခြေအနေ အချိန်အခါနဲ့ ခံစားမှုတွေပေါ်မူတည်ပြီး အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ တစ်ခါတစ်လေမှာ ကိုယ်က စိတ်ပါနေသည်ဖြစ်ဦးတော့ ကိုယ့်ပါတနာရဲ့ စိတ်အားထက်သန်မှုကိုလည်း လေ့လာအကဲခတ် သင့်ပါတယ်။ ဒီလိုမှမဟုတ်ပဲ ကိုယ့်ရဲ့ စိတ်ဆန္ဒကိုပဲ ဦးစားပေးရှေ့တန်းတင်ပြီး တစ်ဖက်လူအပေါ် ထည့်မတွက်ပါပဲ တစ်ကိုယ်ကောင်းဆန်စွာ အတင်းအကျပ် တောင်းဆိုပြုမူဆက်ဆံမိမယ်ဆိုရင် ပျော်ရွှင်ကြည်နူးမှုဆိုတာ ရှိနိုင်မှာမဟုတ်သလို နှစ်ဦးသား စိတ်ပျက်ခြင်းတွေကိုသာ ရရှိခံစားရမှာ ဖြစ်ပါတယ်။
(၃) ကျန်းမာရေး အခြေအနေတွေကို စစ်ဆေးမှုမရှိခြင်း
Photo : iMOM
သင်ကိုယ်တိုင်ရော သင့်ပါတနာရဲ့ ကျန်းမာရေး အခြေအနေတွေကို အမြဲဂရုတစိုက် ရှိသင့်ပါတယ်။ တစ်ခါတစ်ရံမှာ ထင်မှတ်မထားတဲ့ အခြေအနေတွေကနေ ရောဂါပိုးဝင်ခြင်း သို့မဟုတ် အခြားလိင်မှုဆိုင်ရာ ပြဿနာတွေကို ကြုံရနိုင်ပြီး ဒီလိုအခြေအနေတွေကို အကောင်းဆုံး ကာကွယ်ကုသနိုင်ဖို့နဲ့ နှစ်ဦးသားရဲ့ ကျန်းမာရေးအခြေအနေတွေကို ကောင်းစွာသိရှိနိုင်ဖို့ ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုတွေကို ပုံမှန်ပြုလုပ်သင့်ပါတယ်။ အချို့အခြေအနေတွေမှာ ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းဟာ ပိုမိုထိရောက်တဲ့ နည်းလမ်းတစ်ခုဆိုတာ မေ့မထားသင့်ပါဘူး။ ပျော်ရွှင်ကြည်နူးဖွယ်ကောင်းပြီး စိတ်ချလုံခြုံမှုရှိတဲ့ ဆက်ဆံရေးတစ်ခုတည်ဆောက်နိုင်ဖို့ သင်နဲ့သင့်ပါတနာ နှစ်ဦးစလုံးရဲ့ အလုံးစုံကျန်းမာရေးကို အမြဲတမ်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
(၄) စမ်းသပ်မှုအသစ်တွေကို အတူတကွ တိုင်တိုင်ပင်ပင် လုပ်ဆောင်ပါ
Photo : Tieudung.vn – Báo Kinh tế đô thị
ပုံမှန်မဟုတ်တဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေကို စမ်းသပ်ချင်တဲ့အခါ နှစ်ဦးသားသဘောတူညီမှုရှိဖို့ အရင်ဆုံး တိုင်ပင်ဆွေးနွေး သင့်ပါတယ်။ အန္တရာယ်ကင်းပြီး လုံခြုံစိတ်ချမှုအပြည့်ရှိစေဖို့ မတူညီတဲ့ စမ်းသပ်မှုအသစ်တွေ လုပ်တဲ့အခါ ဆောင်ရရှောင်ရမယ့် အချက်တွေကို ပွင့်လင်းစွာ ပြောဆို ဆွေးနွေးပါ။ လိုအပ်ပါက အကာအကွယ်သုံးတာ ၊ အန္တရာယ်ရှိတဲ့ လှုပ်ရှားမှုတွေကို ကြိုတင်ကန့်ကွက်တာ စသည်ဖြင့် အတူတကွ တိုင်တိုင်ပင်ပင်လုပ်ဆောင်သင့်ပြီး လိင်မှုဆိုင်ရာ ဗဟုသုတအသိပညာတွေကိုလည်း အချင်းချင်း မျှဝေဖလှယ်ပေးသင့်ပါတယ်။
Source : The Healthsite
Featured Photo : News-Medical.net