အောင်မြင်ပျော်ရွှင်တဲ့ Relationship တစ်ခုဆိုတာ တစ်ယောက်ကိုတစ်ယောက် ပံ့ပိုးဖေးမမှု ၊ ချစ်ခြင်းမေတ္တာ ၊ နားလည်မှုတို့အပြင် အပေးအယူမျှတတဲ့ လိင်မှုရေးရာ ဆက်ဆံရေးတစ်ရပ် ရှိထားခြင်းဟာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ လိင်မှုကိစ္စဟာ လူနှစ်ဦးဆက်ဆံရေးမှာ အရေးကြီးဆုံးအကြောင်းအရာတစ်ခု မဟုတ်ပေမယ့်လည်း အရေးပါတယ်ဆိုတာတော့ ငြင်းလို့ မရနိုင်ပါဘူး။ တစ်ခါတစ်ရံ အိပ်ရာပေါ်မှာ ပြုမူမိတဲ့ လိင်မှုဆိုင်ရာ အမှားတွေကလည်း ကျွန်တော်တို့ရဲ့ ဆက်ဆံရေး ဒါမှမဟုတ် အိမ်ထောင်ရေးကို တစ်နည်းမှတစ်နည်းနဲ့ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ အိပ်ရာပေါ် မှာ အမျိုးသား တွေ မှားတက်တဲ့ အမှားတွေနဲ့ ဒီအမှားတွေကို ဘယ်လိုရှောင်ကြဉ်ရမလဲဆိုတဲ့ အကြံပြုချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) အလျင်စလို ပြုလုပ်ခြင်း

Photo : Medium

အိပ်ရာပေါ်မှာ အမျိုးသား တွေ အများဆုံး မှားလေ့ရှိတဲ့ အမှားတစ်ခုက အလျင်စလို ပြုလုပ်ခြင်း ပါပဲ။ လိင်မှုကိစ္စဆိုတာ စိတ်ခံစားမှုအပေါ် များစွာမူတည်တဲ့အတွက် အပေးအယူ မျှမျှတတ ခရီးရောက်နိုင်ဖို့ လုံလောက်တဲ့ အစပျိုးမှုအချိန်တစ်ခု လိုအပ်ပါတယ်။ ဒီအတွက်ကြောင့် အိပ်ရာပေါ် ရောက်ချိန်မှာ နှစ်ဦးသား ပွေ့ဖက်တာ ၊ နမ်းတာ ၊ ညင်သာတီးတိုးတဲ့ ချစ်စကားလေးတွေပြောပေးတာ စတာတွေနဲ့ ကိုယ့်ပါတနာရဲ့ စိတ်ကို လှုံ့ဆော်နှိုးဆွပေးနိုင်ဖို့ လုံလောက်တဲ့ အချိန်အတိုင်းအတာတစ်ခု ယူသင့်ပါတယ်။

(၂) ပါတနာရဲ့ လိုအင်ကို မမေးခြင်း

Photo : Freepik

ကျွန်တော်တို့ အမျိုးသား တော်တော်များများဟာ ကိုယ့်ပါတနာရဲ့ အကြိုက်တွေ ၊ လိုအင်ဆန္ဒတွေကို ကောင်းကောင်း သိထားကြတယ်လို့ ကိုယ့်ကိုယ်ကို ထင်နေတက်ကြပါတယ်။ တကယ်တော့ ကိုယ်နဲ့ ကိုယ်ပါတနာကြားမှာ တစ်ယောက်နဲ့တစ်ယောက် လိုအင်ဆန္ဒတွေကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောဆိုမှုမရှိထားသ၍ တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အိပ်ရာပေါ်  မှာ တစ်ဦးနဲ့တစ်ဦးကြားက လိုအင်ဆန္ဒတွေအကြောင်းကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟဆွေးနွေးပါ။ ဒါဟာ ကွီးတို့အနေနဲ့ မလုံလောက်ဘူး ဒါမှမဟုတ် စွမ်းဆောင်ရည်အပြည့်အဝ မပေးနိုင်ဘူးဆိုတဲ့ လက္ခဏာတစ်ခု မဟုတ်ပါဘူး။ တစ်ယောက်ရဲ့ လိုအင်ကို တစ်ယောက်က သိထားမယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ ခံစားမှုနဲ့ ရင်ခုန်စရာအချိန်တွေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

(၃) အသံတိတ်လွန်းခြင်း

Photo : iStock

အမျိုးသမီးတွေဟာလည်း ကျွန်တော်တို့ အမျိုးသား တွေနဲ့နည်းတူ ချစ်ကြိုးသီနေစဉ်အတွင်းမှာ ကိုယ့်ပါတနာရဲ့ စိတ်ခံစားမှု သံစဉ်တွေကို နားဆင်ရတာ နှစ်သက်သဘောကျ ကြပါတယ်။ ဒါပေမယ့် အမျိုးသား တော်တော်များများကတော့ ခံစားမှုသံစဉ်တွေ ထုတ်ပြဖို့ထက် စွမ်းဆောင်ရည်ကိုပဲ အာရုံစိုက်ကြတာ များပါတယ်။ ဒါဟာ အိပ်ရာပေါ် မှာ အမျိုးသားတွေ မှားတက်တဲ့ မဟာအမှားကြီးတစ်ခုပါပဲ။ တကယ်တော့ အိပ်ရာပေါ်မှာ ကိုယ့်ပါတနာအတွက် ရင်ခုန်စရာကောင်းပြီး စိတ်အားထက်သန်မှုကို နှိုးဆွပေးနိုင်မယ့် အချစ်သံစဉ်တွေ ၊ ချစ်စကားလေးတွေ ထုတ်ပြောပေးဖို့ လိုပါတယ်။ စက်ရုပ်တစ်ရုပ်လို ရေငုံနှုတ်ပိတ် တိတ်ဆိတ်နေတာမျိုး မဖြစ်ပါစေနဲ့။

(၄) ကိုယ့်ကိုယ်ကို အတွေးများခြင်း

Photo : Healthline

အိပ်ရာပေါ် မှာ ယောက်ျားလေး တော်တော်များများလုပ်မိတက်တဲ့ လိင်မှုဆိုင်ရာအမှားတွေက တစ်ခုကတော့ ကိုယ့်ကိုယ်ကိုနဲ့ ပတ်သတ်ပြီး အတွေးများခြင်းပါပဲ။ ကိုယ့်ပါတနာ ကျေနပ်တဲ့ စွမ်းဆောင်ရည်မျိုးရှိ ပါ့မလား ၊ ဖွားဘက်တော်ရဲ့ ဆိုဒ်က သေးနေလား ၊ အချိန်ခဏလေးအတွင်းမှာ ပြီးသွားမလား စသည်ဖြင့် ကိုယ့်ကိုယ်ကို အတွေးများနေမှုတွေကို ရပ်တန့်လိုက်ပါ။ နှစ်ဦးသားအတွက် လုံလောက်တဲ့ ရင်ခုန်စိတ်လှုပ်ရှားမှု အပြည့်အဝရနိုင်ဖို့ဆိုရင် လက်ရှိအခိုက်အတန့်ကိုပဲ အာရုံစိုက်ထားပြီး အကောင်းဆုံး ခရီးနှင်ဖို့ကိုပဲ စိတ်ထဲထားသင့်ပါတယ်။

(၅) ပြီးမြှောက်ချိန်မှာ ပါတနာကို လျစ်လျူရှုထားခြင်း

Photo : Insider

အထွတ်အထိပ်ကို ရောက်ပြီးတာနဲ့ အရုပ်ကြိုးပျက် အိပ်သွားတာမျိုး ၊ ကိုယ့်ပါတနာ အနားကနေ ထထွက်သွားတာမျိုးဟာ အထူးရှောင်ကြဉ်ရမယ့် အချက်တစ်ခုပါ။ တကယ်တော့ ကိစ္စပြီးသွားတဲ့အခါမှာ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ပြီး နမ်းရှုံ့တာ ၊ ကြင်ကြင်နာနာ စကားလေးတွေပြောတာ စတဲ့ပုံစံလေးတွေနဲ့ နှစ်ဦးသား ပျော်ရွှင်ကြည်နူးစွာ အနားယူဖို့ လိုအပ်ပါတယ်။ ဒါမှလည်း တစ်ယောက်နဲ့ တစ်ယောက်ကြား ကောင်းမွန်မျှတတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

Featured Photo : Jacoblund