အိပ်ရာ ပေါ်က လိင်မှုဆိုင်ရာကိစ္စတွေနဲ့ ပတ်သတ်ပြီး စာရေးသူတို့ ယောကျာ်းလေးတွေအနေနဲ့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေ အများကြီး ရှိပါတယ်။ ဒီအခြေအနေတွေကို ဆေးဘက်ဆိုင်ရာ အခေါ်အဝေါ်တွေအရ Sexual Dysfunction လို့ ခေါ်ပါတယ်။ ဒါဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပါတနာနဲ့ဆက်ဆံရေး အခြေအနေတွေအပေါ်မှာ အများကြီး မူတည်ပါတယ်။

သုတေသန ပြုချက်တွေအရတော့ အမျိုးသား ၃၁ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၄၃ ရာခိုင်နှုန်းခန့်ဟာ အိပ်ရာထက်မှာ လိင်မှုရေးရာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပြီး သာယာပျော်ရွှင်ဖွယ် လိင်မှုဘဝကို ပိုင်ဆိုင်နိုင်ခြင်း မရှိကြဘူးလို့ ဖော်ပြထားပါတယ်။

အများဆုံး ကြုံတွေ့ရလေ့ရှိတဲ့ လိင်မှုဆိုင်ရာ ပြဿနာများ

sexual problems
Photo : Lorijen Centar

လိင်မှုဆိုင်ရာ ပြဿနာတွေဟာ လူတစ်ယောက်နဲ့ တစ်ယောက်အပေါ် မူတည်ပြီး ကြုံတွေ့ရတဲ့ အခြေအနေတွေက မတူနိုင်ပါဘူး။ ဒါပေမယ့် ယောကျာ်း လေးတွေ အများဆုံး ကြုံတွေ့ရလေ့ရှိတဲ့ Sexual Problems တွေကတော့……..

  • လိင်စိတ်ဆန္ဒမရှိခြင်း
  • လိင်တံ ထောင်မတ်မှု အားလျော့ခြင်း သို့မဟုတ် လိင်တံ ထောင်မတ်မှုကို ကြာကြာထိန်းထားဖို့ ခက်ခဲခြင်း
  • သုတ်လွှတ်မြန်ခြင်း သို့မဟုတ် သုတ်လွှတ်ဖို့ ကြာခြင်း
  • အထွတ်အထိပ် ခံစားမှု အော်ဂဇင် မရခြင်း
  • ပုံမှန်မဟုတ်တဲ့ လိင်တံကွေးကောက်မှု ပြဿနာ Peyronie ရောဂါ ခံစားရခြင်း
  • Retrograde Ejaculation လို့ခေါ်တဲ့ သုတ်ရည်နောက်ပြန်ထွက်ခြင်း

စတဲ့ အခြေအနေတွေ အများဆုံး ကြုံတွေ့ရလေ့ ရှိပါတယ်။

အသက်အရွယ်နဲ့ လိင်မှုကျန်းမာရေး

sexual problems

Photo : Urology Austin

ယောကျာ်းတွေမှာ အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ လိင်မှုဆိုင်ရာ လုပ်ဆောင်ချက်တွေနဲ့ လိင်မှုစွမ်းဆောင်ရည်တွေမှာ အပြောင်းအလဲအချို့ ရှိလာနိုင်ပါတယ်။ ချစ်တင်းမနှောခင် အကြိုနှိုးဆွတဲ့ Foreplay အဆင့်ကို သေချာအချိန်ယူပြီး လုပ်ဆောင်ဖို့လိုအပ်ပြီး လိင်စိတ်ခံစားမှု အထွတ်အထိပ် ရစေဖို့ လှုံ့ဆော်နှိုးဆွမှု ပိုမိုလိုအပ်ပါတယ်။ ဒါ့အပြင် အသက်အရွယ်အရ အော်ဂဇင်ရပြီးနောက်မှာ နောက်ထပ်တစ်ကြိမ် လိင်တံ ပြန်လည်ထောင်မတ်နိုင်ဖို့ အချိန်ပိုကြာနိုင်ပါတယ်။ ဒီလို သာမန်ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတွေထက် ပိုပြီး ပြင်းထန်တဲ့ အပြောင်းအလဲတွေ ဖြစ်လာတယ်ဆိုရင်တော့ ပိုကြီးတဲ့ ပြဿနာရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်ဆွေးနွေးပြီး စစ်ဆေးကုသမှု ခံယူဖို့ လိုပါတယ်။

လိင်မှုဘဝအပေါ် သက်ရောက်မှုရှိတဲ့ ကျန်းမာရေး အခြေအနေများ

sexual problems
Photo : Aidsmap

ဆေးဘက်ဆိုင်ရာ ကျန်းမာရေး အခြေအနေတွေဟာလည်း လိင်မှုဘဝအပေါ် ဆိုးကျိုးများစွာ သက်ရောက်မှု ရှိနိုင်ပါတယ်။ ဒီထဲကမှ ဖြစ်နိုင်ခြေအရှိဆုံး ကျန်းမာရေး ပြဿနာတွေကတော့………

  • နှလုံးနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါ
  • ဆီးချို
  • ဟော်မုန်းဆိုင်ရာပြဿနာ
  • အာရုံကြောဆိုင်ရာရောဂါ
  • သွေးတိုး
  • ကိုလက်စထရော မြင့်တက်ခြင်း
  • စိတ်ကျရောဂါ

စတဲ့ အခြေအနေတွေ ပါဝင်ပါတယ်။

သင့်လိင်မှုဘဝမှာ ရုတ်တရက်ပြောင်းလဲလာတာ သို့မဟုတ် လိင်မှုစွမ်းဆောင်ရည်ပိုင်း ကျဆင်းတာတွေဟာ ကျန်းမာရေးနောက်ခံ အခြေအနေတစ်ခုခုရှိနေတယ်ဆိုတာ သတိပေးဖော်ပြနေတဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။

စိတ်ကျရောဂါ ကုသဆေးဝါးတွေ ၊ သွေးတိုးကျဆေးတွေလို ဆေးဝါတွေဟာ လိင်စိတ်တက်ကြွမှုကို ကျဆင်းစေပြီး လိင်မှုဘဝအပေါ် အနှောက်အယှက် အဟန့်အတား အကြီးအကျယ် ဖြစ်စေနိုင်ပါတယ်။ ကျန်းမာရေး နောက်ခံအခြေအတွေကြောင့် ဆေးဝါးအသစ်တစ်ခုခုကို စတင် မှီဝဲရချိန်မှာ လိင်မှုဆိုင်ရာ ကျန်းမာရေးအပေါ် အပြောင်းအလဲ အချို့ ဖြစ်ပေါ်လာတယ်ဆိုပါက ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးဝါးတွေကို ပြောင်းလဲတာ ၊ သောက်သုံးရတဲ့ ပမာဏလျော့ချတာမျိုး လုပ်နိုင်ပါတယ်။

ဆေးလိပ်သောက်ခြင်း ၊ အရက်အလွန်အကျွံသောက်ခြင်းနဲ့ အခြားသော ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အလေ့အထတွေဟာလည်း လိင်မှုဘဝအပေါ် အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်။ လိင်မှုဆိုင်ရာ ပြဿနာတွေ လျော့ချပြီး လိင်မှုဘဝကို တိုးတက်ကောင်းမွန်စေဖို့ ပုံမှန်လေ့ကျင့်ခန်းလုပ်တာ ၊ ကိုယ်အလေးချိန်ထိန်းညှိတာ ၊ နေ့စဉ်ဘဝထဲက စိတ်ဖိစီးမှုတွေကို အကောင်းမွန်ဆုံး စီမံခန့်ခွဲတာ စတဲ့ အချက်တွေ လုပ်ဆောင်နိုင်ပါတယ်။

Source : Web MD

Featured Photo : Dr. Shriyans Jain