လူတစ်ယောက်နဲ့ တစ်ယောက်က အိပ်စက်ပုံ စက်ဝန်း မတူညီကြပါဘူး။ တချို့က ညဘက် စောစော အိပ်ရာဝင်ပြီး မနက်ကျ စောစော အိပ်ရာထတတ်ကြတဲ့ မနက်ခင်း ငှက်ငယ်လေးတွေ ဖြစ်ပေမယ့် တချို့ကျတော့ ညဘက်မှာ နောက်ကျမှ အိပ်ရာဝင်ပြီး မနက်ကျ နောက်ကျမှ ထတတ်ကြတဲ့ ဇီးကွက်လေးတွေပါ။ ကွီးတို့ရော ဘယ်အမျိုးအစားထဲမှာ ပါပါသလဲ။ ကွီးတို့ အိပ်ရာ ထတဲ့အချိန်က ဘယ်လိုမျိုးပဲ ဖြစ်နေပါစေ ကိုယ့်ရဲ့ အချိန် ကို သေချာ စီမံ ခန့်ခွဲတတ်မယ်ဆိုရင် အောင်မြင်ပြီး ပျော်ရွှင်ရတဲ့ နေ့ရက်တစ်ရက်ကို ပိုင်ဆိုင်နိုင်မှာပါ။

မနက် စောစော ထတဲ့ ငှက်နဲ့ ည ဇီးကွက်တို့ကြား ဘာကွာသလဲ

early bird vs night owl

မနက်စောစော ထတဲ့ ငှက်က အစာ ဝတယ်ဆိုတဲ့ စကားပုံကို ကွီးတို့ ကြားဖူးပါလိမ့်မယ်။ အင်္ဂလိပ် စကားမှာလည်း ထိုနည်းအတိုင်းပါပဲ။ ညဘက် စောစော အိပ်ရာဝင်ပြီး မနက် စောစော ထခြင်းက ကျန်းမာခြင်း၊ အောင်မြင်ခြင်းနဲ့ ဥာဏ်အမျှော်အမြင် ရှိခြင်းကို ပိုင်ဆိုင်နိုင်တယ်လို့ Benjamin Franklin က ပြောဖူးပါတယ်။ ဒါပေမဲ့ တကယ့်တကယ် စစ်တမ်းလေ့လာချက်အရ မမှန်ကန်ပါဘူး။ စောစော အိပ်ရာဝင်ပြီး မနက် စောစော ထတိုင်းလည်း မကျန်းမာနိုင်ပါဘူး။ သုတေသန ပြောကြားချက်အရ ည ဇီးကွက်တွေက မနက် စောစောထတဲ့ ငှက်တွေထက် ဝင်ငွေ ပိုမြင့်မားပြီး ပိုချမ်းသာတယ်လို့တောင် ဆိုထားပါတယ်။

ဒါ့အပြင် ည ဇီးကွက်များက ပိုပြီးတော့ ဥာဏ်ပိုကောင်းပြီး စမတ်ပိုဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ လူမှုဘဝကျတော့ မနက်စောစော ထတဲ့ လူတွေလောက် မကောင်းနိုင်ပါဘူး။ ဒါ့အပြင် မနက်စောစော ထတဲ့သူတွေက ပိုပြီးတော့ အစုအဖွဲ့လိုက် လုပ်ဆောင်ရာမှာ အားသာကြပါတယ်။ ဒါ့အပြင် ည ဇီးကွက်များက တစ်ခုခုဆိုရင် အချိန်ပိုဆွဲတတ် ကြပါတယ်။ သူတို့ စိတ်မဝင်စားတဲ့ အရာဆိုရင် တမေ့တမျောကြီး အချိန်ဆွဲထားတာမျိုးပါ။ မနက်စောစော ထတဲ့သူတွေမှာတော့ အဲ့ဒီလိုမျိုး မရှိပါဘူး။

အခြားသော အမျိုးအစားများ

အိပ်ရာ အချိန် စီမံ

မနက် ငှက်နဲ့ ညဇီးကွက်အပြင် အခြားသော တိရစ္ဆာန်အမျိုးအစားများလည်း ရှိပါသေးတယ်။ ပထမတစ်မျိုးကတော့ ခြင်္သေ့ပါ။ ခြင်္သေ့က မနက် နေ မထွက်ခင်ကတည်းက အိပ်ရာထတတ်ကြပြီး နိုးနိုးချင်းမှာပဲ အားအင် ပြည့်နေတတ်ကြပါတယ်။ ဒါပေမဲ့ သူတို့သည် နေ့လည် ၁၂ နာရီ နောက်ပိုင်းရောက်တာနဲ့ စွမ်းအင်တွေ တဖြည်းဖြည်း ကျသွားတတ်ကြပါတယ်။

နောက်တစ်မျိုးကတော့ ဝက်ဝံပါ။ ဝက်တံတွေကတော့ နေဝင်ပြီဆိုတာနဲ့ အိပ်ကြပြီး မနက်လင်း လင်းကြက် တွန်တာနဲ့ အိပ်ရာထတတ်ကြပါတယ်။ သူတို့က မနက် ၉ ရုံးတက် ညနေ ၅ နာရီ ရုံးဆင်းရတဲ့ အလုပ်မျိုးနဲ့ ကိုက်ပါတယ်။ သူတို့ရဲ့ စွမ်းအင်ကလည်း တစ်နေ့တာလုံးမှာ မျှခြေရှိပါတယ်။

နောက်တစ်မျိုးကတော့ ဝံပုလွေပါ။ ဝံပုလွေတွေကတော့ ညသန်းခေါင် ၁၂ နာရီနဲ့ မနက်လင်းတဲ့အချိန်မျိုးမှာ အာရုံ ပိုမိုစူးစိုက်နိုင်ပြီး အလုပ်ပိုလုပ်ကြပါတယ်။ ထိုအချိန်တွေမှာသာ သူတို့သည် တီထွင်ဖန်တီးနိုင်စွမ်း ပိုကောင်းကြတာပါ။။ သူတို့ကတော့ မနက် ၉ ရုံးတက်၊ ညနေ ၅ နာရီ ရုံးဆင်းရတဲ့ သမားရိုးကျ အလုပ်မျိုးနဲ့ မကိုက်ပါဘူး။

နောက်ဆုံးတစ်မျိုးကတော့ လင်းပိုင်ပါ။ သူတို့ကတော့ အအိပ်ဆတ်ကြပါတယ်။ အသံတစ်ခုခု မကြားလိုက်နဲ့ ကြားတာနဲ့ နိုးကြတာပါပဲ။ သူတို့သည် အိပ်မရတဲ့ ရောဂါကို အများဆုံး ခံစားကြရပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အားသာချက်က ဖိအားအများကြီးအောက်မှာ အလုပ်လုပ်နိုင်ကြပြီး အလုပ်ချိုးတွေလို့ သတ်မှတ်ခံရပါတယ်။ သူတို့သည် အလုပ်တစ်ခု လုပ်ရင်လည်း ပြီးပြည့်စုံတာမျိုးကိုသာ လိုလားကြတာပါ။ သူတို့အတွက် မကြာခဏ အနားယူဖို့ လိုအပ်ပြီး နေ့လည် နေ့ခင်း တရေး တမော အိပ်ဖို့လည်း လိုအပ်ပါတယ်။

ကွီးတို့ရော ဘယ်အမျိုးအစားထဲမှာ ပါ ပါသလဲ။

အမျိုးအစား ဘယ်လောက် ကွဲကွဲ အိပ်ရာ ထချိန် ဘယ်လောက် ကွဲကွဲ ကွီးတို့ရဲ့ အချိန် ကို သေချာ စီမံ ခန့်ခွဲတတ်မယ်ဆိုရင်တော့ ဘာလုပ်လုပ် တင့်တယ်ပါတယ်။

ကွီးတို့ အာရုံစူးစိုက်နိုင်တဲ့အချိန်ကို ရှာဖွေပါ

အိပ်ရာ အချိန် စီမံ

ကွီးတို့က ဘယ်အချိန်မှာ အာရုံစူးစိုက်နိုင်စွမ်း အကောင်းဆုံးပါလဲ။ ထိုအချိန်မှာ အရေးအကြီးဆုံး အလုပ်ကို အရင်လုပ်ပါ။ ဒါ့အပြင် ကိုယ့်ရဲ့ အလုပ်တွေကို အရေးကြီးဆုံး၊ ဒုတိယ အရေးကြီးဆုံးနဲ့ အရေးသိပ် မကြီးတဲ့အလုပ်ဆိုပြီး အမျိုးမျိုး ပိုင်းခြားထားလိုက်ပါ။ ပြီးရင် အရေးကြီးတဲ့အလုပ်ကို အရင်ဦးစားပေးလုပ်ပါ။​

တကယ်လို့ ကွီးတို့က မနက် အိပ်ရာထတာ နောက်ကျတယ်ဆိုရင် ညကတည်းက အိပ်ရာနိုးလာရင် ဘာလုပ်မလဲဆိုတာကို တစ်ခါတည်း အိပ်ရာမဝင်ခင်ကတည်းက အစီအစဥ် ဆွဲထားပါ။ ကိုယ် အလုပ်လုပ်နေတဲ့အချိန်မှာ အာရုံ လွှဲသွားစေမယ့် အနှောင့်အယှက်တွေရဲ့ ရန်ကနေလည်း ကာကွယ်ထားဖို့ လိုအပ်ပါလိမ့်မယ်။ နောက်ဆုံး အရေးကြီးဆုံးကတော့ တစ်ပြိုင်နက်တည်းမှာပဲ အလုပ်တွေ အများကြီး လုပ်ခြင်းကို ရှောင်ကြဥ်ရပါမယ်။

ဒါဆိုရင်တော့ ကွီးတို့လည်း တစ်နေ့တာကို အကျိုးရှိရှိနဲ့ အောင်မြင် ပျော်ရွှင်စွာ ဖြတ်သန်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။

Source: Actitime.com

Featured Image: Interobservers.com