ဒီနေ့ခေတ် ပြောင်းလဲလာတဲ့ နေထိုင်မှုပုံစံတွေအရ လူတော်တော်များများဟာ အိပ်ရေးပျက်တဲ့ ပြဿနာ ကြုံနေကြရပါတယ်။ အလုပ်တာဝန် မိသားစုတာဝန်တွေနဲ့ ငွေကြေးဆိုင်ရာ ပြဿနာတွေဟာလည်း ကျွန်တော်တို့ကို အိပ်မပျော်ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေ ဖြစ်နေပါတယ်။ အိပ်ရေးပျက်တာဟာ ဦးနှောက် ၊ နှလုံး ၊ ကိုယ်အလေးချိန်နဲ့ ခန္ဓာကိုယ်အလုံးစုံ ကျန်းမာရေးအပေါ် ဆိုးရွားစွာ သက်ရောက်စေနိုင်တယ်ဆိုတာ အားလုံးသိထားပြီး ဖြစ်ပါတယ်။ ဒါ့ထက်ပိုပြီး အမျိုးသားတွေမှာဆိုရင် အိပ်ရေးပျက်ခြင်းကြောင့် ပန်းသေပန်းညိုးခြင်းနဲ့ လိင်အင်္ဂါချို့ယွင်းမှုပြဿနာတွေ ကြုံတွေ့ရနိုင်တယ်လို့ ပြောကြပါတယ်။ ဒါဟာ အမှန်တကယ်ပဲလား? ဒီတစ်ခေါက်တော့ အိပ်ရေးပျက်ခြင်းနဲ့ ပန်းသေပန်းညိုးခြင်း ကြားက ဆက်စပ်မှုတွေအကြောင်း မျှဝေပေးချင်ပါတယ်။
အိပ်ရေးပျက်ခြင်းက ရွှေပန်းကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိစေလဲ ?
Photo : Hartford Hospital
ကောင်းမွန်တဲ့ အိပ်စက်မှုအရည်အသွေး ရှိခြင်းဟာ အမျိုးသားတစ်ဦးရဲ့ လိင်တံထောင်မတ်နိုင်စွမ်းနဲ့ လိင်မှုဘဝအတွက် အရေးပါတဲ့ Testosterone ပမာဏကို ထိန်းသိမ်းရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ လေ့လာမှုတွေအရ ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ အိပ်ပျော်နေစဉ်အတွင်း Testosterone ဟော်မုန်းအများစုကို ထုတ်လုပ်လေ့ ရှိပါတယ်။ အမျိုးသားတစ်ယောက်အနေနဲ့ ညဘက်မှာ ကောင်းစွာမအိပ်ဘူး ၊ အိပ်ရေးမဝဘူးဆိုရင် Testosterone ပမာဏဟာ ၇၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာအတွက် လိုအပ်တဲ့ အိပ်စက်ချိန်ထက် လျော့နည်းတာ သို့မဟုတ် ကောင်းစွာအိပ်စက် အနားယူခြင်း မရှိတာတွေဟာ အမျိုးသားတစ်ယောက်ရဲ့ လိင်မှုဆိုင်ရာစွမ်းဆောင်ရည်ကို အဆိုးရွားဆုံး ထိခိုက်စေနိုင်တာပဲ ဖြစ်ပါတယ်။ လေ့လာမှုတွေအရ အိပ်ရေးပျက်ခြင်းနဲ့ အိပ်ရေးမဝခြင်း (အိပ်ပျော်နေစဉ် အသက်ရှုကျပ်ခြင်း) စတဲ့ ပြဿနာတွေ ခံစားနေရတဲ့ အမျိုးသားတွေရဲ့ ၆၀ ရာခိုင်နှုန်းကျော်ဟာ လိင်အင်္ဂါချို့ယွင်းမှုပြဿနာ ၊ ပန်းသေပန်းညိုပြဿနာတွေ ကြုံတွေ့ ခံစားရတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် အိပ်ရေးပျက်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ၊ ပင်ပန်းနွမ်းနယ်ခြင်း ၊ ကိုယ်ခံအားနည်းခြင်း စတဲ့အချက်တွေနဲ့လည်း ဆက်စပ်မှုရှိနေပါတယ်။ ဒီအချက်တွေဟာ လိင်မှုဆိုင်ရာစွမ်းဆောင်ရည်အပေါ် အများကြီး သက်ရောက်မှုရှိပြီး သုက်လွှတ်ခြင်းဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ အချိန်မတန်မီ သုက်လွှတ်စောခြင်း နဲ့ သုက်လွှတ်ချိန် နောက်ကျခြင်း စတဲ့အခြေအနေတွေကိုလည်း ကြုံတွေ့ခံစားရတတ်ပါတယ်။
အိပ်ရေးပျက်ခြင်းကြောင့် အလိုလိုဒေါသကြီးတာ ၊ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ မြင့်တက်တာတွေ ဖြစ်တက်တာကြောင့်လည်း ကိုယ့်ပါတနာနဲ့ကြားက ရင်းနှီးတဲ့ ဆက်ဆံရေးကိုပါ ထိခိုက်လာစေနိုင်ပါတယ်။ အိပ်ရေးပျက်တာက လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေကို အဟန့်အတားဖြစ်စေတဲ့ အိုမင်းရင့်ရော်မှု ဖြစ်စဉ်ကိုလည်း မြန်ဆန်စေပါတယ်။
ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ ?
Photo : Prestige Men’s Medical Center
အိပ်ရေးပျက်ခြင်း ပြဿနာကို ဖြေရှင်းဖို့အတွက် နေထိုင်မှုပုံစံ ပြောင်းလဲနိုင်သလို နားလည်တက်ကျွမ်းတဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးဘက်ဆိုင်ရာ အကူအညီရယူပြီးလည်း ပြောင်းလဲနိုင်ပါတယ်။ အဓိကအားဖြင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်တာ ၊ စိတ်ဖိစီးမှု လျော့ချတာ ၊ ကျန်းမာတဲ့ နေထိုင်မှုပုံစံကို ပြုစုပျိုးထောင်တဲ့ စတဲ့အချက်တွေ လုပ်ဆောင်ခြင်းဖြင့် အိပ်စက်မှုပုံစံကို တိုးတက်အောင် ပြောင်းလဲလို့ ရပါတယ်။ ကောင်းမွန်တဲ့ အိပ်စက်မှုပုံစံရှိတာနဲ့ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်ဟာလည်း ပြန်လည်တိုးတက် ကောင်းမွန်လာတာကို တွေ့ရမှာပါ။ အမျိုးသား အများစုအတွက် Testosterone ပမဏလုံလောက်စွာ ထုတ်လုပ်နိုင်ဖို့အတွက် တစ်ရက်ကို အနည်းဆုံး အိပ်ချိန် ၇ – ၈ နာရီ ကြား အိပ်စက်ဖို့ လိုအပ်ပါတယ်။
Featured Photo : Medical News Today