တစ်စုံတစ်ယောက်ရဲ့ အိမ်ကိုသွားရောက်လည်ပတ်တဲ့အခါ ချက်ချင်းသတိထားမိစေနိုင်တဲ့ အရာတစ်ခုက အိမ်အတွင်းက အနံ့အသက် ပါပဲ။ အိမ်တစ်အိမ်က အနံ့အသက်မကောင်းရင် ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေနဲ့ ဧည့်သည်တွေ အိမ်အလည်လာတဲ့အခါ အိမ်ရှင်ရဲ့ Impression ကို ကျစေသလို ကျန်းမာရေးအရ ကြည့်မယ်ဆိုလည်း ဆိုးကျိုးတွေ များစွာရှိပါတယ်။ ဒါ့ကြောင့် ဒီတစ်ခေါက်မှာတော့ ကွီးတို့ရဲ့ နေအိမ် ၊ တိုက်ခန်းနဲ့ အိမ်ခန်း အတွင်းမှာ အနံ့အသက် ကောင်းနေစေဖို့ ကိုယ်တိုင်ပြုလုပ်နိုင်မယ့် Tips လေးတွေကို ပြောပြပေးလိုက်ပါတယ်။

(၁) မုန့်ဖုတ်ဆိုဒါ သုံးပါ

Photo : The Washington Post

ကျွန်တော်တို့ အများစု အိမ်ခန်းအတွင်းမှာ အနံ့အသက် ကောင်းနေစေဖို့ အမွှေးရနံ့ပါတဲ့ စပရေးဖြန်းဆေးတွေကို သုံးကြပါတယ်။ တကယ်တော့ အနံ့မွှေးတဲ့ စပရေးဗူးတွေက အိမ်တွင်း အနံ့ဆိုးတွေကို ခဏတာပဲ ပျောက်စေတာ ဖြစ်ပါတယ်။ အဲ့ဒီအစား မုန့်ဖုတ်ဆိုဒါကို ပြောင်းသုံးကြည့်ပါ။ မုန့်ဖုတ်ဆိုဒါဟာ မွှေးပျံ့တဲ့ရနံ့မျိုး မထွက်ပေမယ့်လည်း အနံ့ဆိုးတွေကိုတော့ ကောင်းကောင်းစုပ်ယူ နိုင်ပါတယ်။

ဥပမာ အားဖြင့် အနံ့ဆိုးထွက်လေ့ရှိတဲ့ မီးဖိုချောင်နဲ့ ရေခဲ‌သေတ္တာတွေထဲမှာ မုန့်ဖုတ်ဆိုဒါဗူးကို ထားလိုက်ပါ။ အနံ့ဆိုးတွေ လျင်မြန်စွာပဲ ပျောက်ကင်းသက်သာသွားစေမှာ ဖြစ်ပါတယ်။ တခြားသော အနံ့အသက်မကောင်းတဲ့ နေရာတွေမှာလည်း မုန့်ဖုတ်ဆိုဒါကို ထားပြီး သုံးနိုင်ပါတယ်။ ဒါဟာ အကုန်အကျအရမ်းမများပဲ ထိရောက်တဲ့ အနံ့ဆိုးဖျောက်နည်းတစ်ခု ဖြစ်ပါတယ်။

(၂) ကော်ဇော ၊ လိုက်ကာနဲ့ အိပ်ရာခင်းတွေကို ပုံမှန်လျှော်ဖွတ်ပါ

Photo : Designing Idea

ကော်ဇော ၊ လိုက်ကာ ၊ ခြေသုတ်ခုံနဲ့ အိပ်ရာခင်းတွေဟာ အနံ့ဆိုးတွေကို ကောင်းကောင်းစုပ်ယူထားနိုင်တဲ့ သံလိုက်တွေလို့ ပြောလို့ရပါတယ်။ ဒီပစ္စည်းတွေကို ပုံမှန်သန့်စင်လျှော်ဖွတ်ပေးခြင်းမရှိရင် ဖုန်နဲ့ အညစ်ကြေးတွေ စုပုံနေပြီး အနံ့သက်ဆိုးတွေခိုအောင်းကာ ကွီးတို့ရဲ့ နေအိမ် အခန်းကို အောက်သိုးသိုးအနံ့တွေ ထွက်စေနိုင်ပါတယ်။ ခေါင်းအုံးစွပ်နဲ့ အိပ်ရာခင်းတွေကို အနည်းဆုံး ၂ ပတ် တစ်ကြိမ်ခန့် လျှော်ဖွတ်သန့်စင်ပေးပါ။ ကော်ဇော ၊ လိုက်ကာနဲ့ ခြေသုတ်ခုံတွေကိုတော့ ညစ်ပေမှုပေါ်မူတည် မကြာခဏ ဒါမှမဟုတ် ၁ လ တစ်ကြိမ်ခန့် လျှော်ဖွတ်သန့်စင်ပေးဖို့ လိုပါတယ်။ အနံ့ဆိုးတွေ သက်သာစေဖို့ မလျှော်ခင် နာရီအနည်းငယ် အလိုကတည်းက မုန့်ဖုတ်ဆိုဒါ ဖြူးထားပေးနိုင်ပါတယ်။

(၃) ပြတင်းပေါက်တွေ ဖွင့်ထားပါ

Photo : Live Small – Be More

ကွီးတို့ရဲ့ အိမ်ခန်းအတွင်း အနံ့အသက် ကောင်းစေဖို့ အလွယ်ဆုံး လုပ်နိုင်တဲ့ နည်းလမ်းတစ်ခုကတော့ မိုးလင်းတာနဲ့ ပြတင်းပေါက်တွေကို ဖွင့်ထားပေးတာပဲ ဖြစ်ပါတယ်။ အိမ်ခန်းအတွင်းမှာ လေဝင်လေထွက် ကောင်းမွန်နေစေမယ်ဆိုရင် အနံ့သက်ဆိုးတွေနဲ့ ဘက်တီးရီးယားပိုးမွှားတွေ ခိုအောင်းမနေနိုင်တော့ပါဘူး။ ဒါ့ကြောင့် မနက်အိပ်ရာနိုးတာနဲ့ အိမ်ခန်းအတွင်းကို လေဝင်လေထွက်ကောင်းစေဖို့ ပြတင်းပေါက်တွေကို ဖွင့်ထားလိုက်ပါ။

(၄) အမွှေးရနံ့ထုပ်တွေ ထားပါ

Photo : Pinterest

ကွီးတို့ရဲ့ အိမ်ခန်း လေးကို မွှေးမွှေးလေးဖြစ်နေစေချင်တယ်ဆိုရင် စပရေးဖြန်းဗူးတွေထက် အမွှေးရနံ့ထုပ်လေးတွေ ထားတာပိုပြီး ထိရောက်ပါတယ်။ အဝတ်ဗီရို ၊ အိပ်ခန်း ၊ ဧည့်ခန်း နဲ့ ရေချိုးခန်းလို နေရာတွေမှာ အမွှေးရနံ့ထုပ်လေးတွေ ချိတ်ဆွဲထားနိုင်ပါတယ်။ စပရေးဖြန်းဗူးတွေနဲ့ ယှဉ်မယ်ဆိုရင်လည်း အမွှေးရနံ့ထုပ်တွေက ပိုပြီး အချိန်ကြာကြာ အနံ့မွှေးနေစေမှာ ဖြစ့်ပါတယ်။ လာဗင်ဒါ ၊ ပင်လယ်ရနံ့ ဒါမှမဟုတ် သံပုရာရနံ့ စသည်ဖြင့် ကွီးတို့နှစ်သက်တဲ့ ရနံ့လေးတွေကို အသုံးပြုနိုင်ပါတယ်။

(၅) စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျထားပါ

Photo : Insider

အမှိုက်နဲ့ စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျထားပြီး မစွန့်ပစ်ရင်လည်း အိမ်ခန်းအတွင်းမှာ ညှီစို့စို့ အောက်သိုးသိုး အနံ့အသက်တွေ ထွက်တက်ပါတယ်။ ဒါကြောင့် မီးဖိုချောင်သုံး အမှိုက်စိုတွေ ၊ စွန့်ပစ်ပစ္စည်းတွေကို သေချာစနစ်တကျ စွန့်ပစ်လို့ရမယ့် အမှိုက်ပုံးမျိုး ထားရှိပါ။ အမှိုက်တွေကို နေ့တိုင်းမဟုတ်ရင်တောင် ၁ ရက်ခြားတစ်ခါလောက် အများသုံး အမှိုက်ပုံးတွေနဲ့ အမှိုက်ကန်တွေဆီ သွားရောက်စွန့်ပစ်ဖို့ အကြံပြုချင်ပါတယ်။

Featured Photo : Dengarden