အိမ်ထောင်တစ်ခု ထူထောင်တယ်ဆိုတာ လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ နောက်ခံ Background မတူ၊ ကြီးပြင်းလာပုံချင်းမတူတဲ့ လူသားနှစ်ဦး တစ်ယောက်နဲ့တစ်ယောက် ချစ်ကြိုက်ကြလို့ လက်ထပ်ကြတဲ့အခါ စိတ်သဘောထား မတိုက်ဆိုင်တဲ့ အချိန်တွေလည်း ရှိနေနိုင်ပါတယ်။ ဒါ့ကြောင့်လည်း လူကြီးတွေက အိမ်ထောင်ပြု ပြီးတဲ့နောက်မှာ ဒုက္ခ မရောက်ရအောင်လို့ တစ်ယောက်နဲ့ တစ်ယောက် ညှိနှိုင်းစရာရှိတာတွေ ကြိုတင် ညှိနှိုင်းထားသင့်ကြောင့် စဥ်းစားထားသင့်တာ ဖြစ်ပါတယ်။ ခုရှုပ်မှ နောင်ရှင်းဆိုတဲ့ စကားအတိုင်း စောစောကတည်းက ညှိနှိုင်းစရာရှိတာတွေကို ညှိနှိုင်းထားပြီးမှသာ အိမ်ထောင်ပြု ပြီးတဲ့နောက်မှာ ဒုက္ခ မရောက်ရမှာပဲ ဖြစ်ပါတယ်။

ငွေရေး ကြေးရေးအကြောင်း စဥ်းစားပါ

ငွေရေး

ငွေရေး ကြေးရေးအကြောင်း ပြောရတာကတော့ လွယ်ကူ ရိုးရှင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လက်မထပ်ခင်ကတည်းက ပွင့်ပွင့်လင်းလင်း တိုင်ပင်ညှိနှိုင်းထားခြင်းကသာ အကောင်းဆုံးပဲဖြစ်ပါတယ်။ အကြွေးတွေ ရှိသလား၊ သူ့ဝင်ငွေ ဘယ်လောက်၊ ကိုယ့် ဝင်ငွေ ဘယ်လောက် ပွင့်ပွင့်လင်းလင်း ပြောဆိုထားပြီး နှစ်ယောက်ဝင်ငွေတွေကို ဘယ်လို သုံးစွဲမလဲ၊ ပိုက်ဆံစုဖို့ အစီအစဥ်ရော ဘယ်လိုရှိသလဲ စသည်ဖြင့် တိုင်ပင်ထားသင့်ပါတယ်။

ကလေး ယူမှာလား

ကလေး

ကလေး ယူချင်တယ်၊ မယူချင်ဘူးဆိုတာကိုလည်း လက်မထပ်ခင်ကတည်းက ညှိထားသင့်ပါတယ်။ လက်ထပ်ပြီးမှ ကြည့်လုပ်ပါမယ်လေလို့ မလုပ်လိုက်ပါနဲ့။ နားကားသွားပါလိမ့်မယ်။ တစ်ဖက်က ကလေး မယူချင်ဘူး၊ ကိုယ့် အတွက် အဆင်ပြေမလား၊ အဆင်ပြေတယ်ဆိုမှ မင်္ဂလာပွဲကို ဆက်လက်ပြုလုပ်လို့ရမှာဖြစ်ပါတယ်။ မလျော့ မတင်း စောင်းကြိုးညှင်း ဆိုတဲ့ စကားအတိုင်းပဲ တစ်ဖက်က တင်းနေချိန်မှာ တစ်ဖက်ကလည်း အလျော့ပေးပြီး ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်မှသာလျှင် သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

ကလေးကို ဘယ်လို ပြုစုပျိုးထောင်မှာလဲ

အိမ်ထောင်ပြု ဒုက္ခ

ကလေးမွေးတာကတော့ ဟုတ်ပါပြီ။ နှစ်ယောက်စလုံးက အလုပ် လုပ်ကြတဲ့ သူတွေဆိုရင် ကလေးကို ဘယ်သူက ထိန်းကျောင်းပေးမှာလဲ။ အဘိုး အဘွားတွေ အိမ်မှာ တစ်ချိန်လုံး အပ်ထားရအောင်ကလည်း အဘိုး အဘွားတွေက ကလေးထိန်းတွေ မဟုတ်ပါဘူး။ ကလေးရဲ့ အချိန်တော်တော်များများသည် မိဘနဲ့သာ အတူတူ ကုန်ဆုံးသင့်တာ ဖြစ်ပါတယ်။​ ဒါ့ကြောင့် ကလေး မွေးလာပြီး နောက်ပိုင်းကိစ္စတွေကိုလည်း ထည့်သွင်းစဥ်းစားထားဖို့လိုအပ်ပါတယ်။ ကလေးတွေဆိုတာ မိဘတွေက လောကထဲ ခေါ်သွင်းလာလို့သာ ရောက်လာကြတာဖြစ်ပါတယ်။ သူတို့ သဘောဆန္ဒနဲ့ ရောက်လာကြတာမဟုတ်ဘူးဆိုတာကိုလည်း သတိချပ်သင့်ပါတယ်။

ဘာသာတူရဲ့လား

အိမ်ထောင်ပြု ဒုက္ခ

ဒီခေါင်းစဥ်ကလည်း ခေါင်းစဥ်ကြီးတစ်ခုပဲဖြစ်ပါတယ်။ ကာယကံရှင်တွေက နှစ်ဦးနှစ်ဖက် ညှိနှိုင်းလို့ ရပေမယ့် မိဘချင်း ညှိလို့ မရတဲ့ အခြေအနေမျိုးလည်း ကြုံတွေ့ရနိုင်ပါတယ်။ ထိုအခြေအနေမျိုးမှာ လူငယ်တွေအနေနဲ့ ခိုးပြေးကြမယ်ဆိုတဲ့ အလွယ်နည်းလမ်းကို မလိုက်မိဖို့လိုအပ်ပါတယ်။ မိဘတွေကို ကိုယ်တိုင်က နားဝင်အောင် ပြောနိုင်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ မင်္ဂလာပွဲကို ခမ်းခမ်းနားနား ဆောင်ကျင်းနိုင်မှာမဟုတ်လား။

ဘယ်လို လက်ထပ်ပွဲမျိုးကို လိုချင်တာလဲ

အိမ်ထောင်ပြု ဒုက္ခ

တရားရုံးမှာပဲ အကျဥ်းချုံး လက်မှတ်ထိုးကာ လက်ထပ်ချင်တာလား၊ ဒါမှမဟုတ် ဟိုတယ်ကြီးမှာ တခမ်းတနားနဲ့ လက်ထပ်ပွဲ ကျင်းပချင်တာလား။ ကျားကြီး ခြေရာကြီးဆိုတဲ့ စကားအတိုင်းပဲ ကိုယ့်ဘက်က ချဲ့ရင် ချဲ့သလောက် အကုန်အကျများမှာပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဘတ်ဂျက်နဲ့ ချိန်ထိုးပြီး လက်ထပ်ပွဲကို ကျင်းပရမှာပဲ ဖြစ်ပါတယ်။​

အိမ်အလုပ်တွေကို ဘယ်လိုတာဝန်ခွဲမှာလဲ

အိမ်ထောင်ပြု ဒုက္ခ

အိမ်အလုပ်တွေကို ဇနီးမယားတစ်ယောက်တည်းကပဲ ဒိုင်ခံလုပ်ရမယ်ဆိုတဲ့ ခေတ်ကြီးက ကုန်သွားပါပြီ။ ကလေးရှိတဲ့ စုံတွဲတွေဆိုလည်း ဖခင်တစ်ယောက်အနေနဲ့ နေသာသလို မနေဘဲ ကိုယ့်အမျိုးသမီးကို ဘေးကနေ ဝိုင်းဝန်းကူညီပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ အပေးအယူမျှတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

ကွီးတို့ရော အိမ်ထောင်ပြု ပြီးနောက်မှာ ဒုက္ခ နဲ့ လှလှ မတိုးရအောင်လို့ ဘယ်လိုအချက်တွေကို ကြိုတင်ညှိနှိုင်းထားသင့်တယ်လို့ ထင်ပါသလဲ။

Source: Hitched.co.uk

Featured Image: Freepik